3rd - XXV

2.1K 303 91
                                    

မေမေတို့၏ ညစာစားပွဲတွင် တဖြည်းဖြည်းနှင့် များလာသည့် ဧည့်သည်များ‌ကြောင့် အားနည်းနေသေးသည့် အငယ် ဟန်ဆောင်ပြီးတောင် နေရာတွင် ဆက်မထိုင်နိုင်‌တော့ ။ သူ့မျက်နှာ အရိပ်အကဲကို အရိပ်လို ကြည့်နေသည့် ဆွန်းမို ရောက်လာပြီး အနားယူရန် အပေါ်ထပ် အခန်းထဲသို့ ပို့ပေးသွားခဲ့သည် ။

မရောက်ဖြစ်ခဲ့သည့် အခန်းငယ်လေးသည် သူ ရှိစဉ်ကအတိုင်း ပစ္စည်းများ နေရာမပျက် ရှိနေခဲ့ပြီး မေမေသည် သူ့အခန်းလေးအား သန့်ရှင်းရေး ပုံမှန် လုပ်ထားပေးပုံ ရသည် ။ ငယ်ငယ်က သဘောတကျ ဖတ်ခဲ့သည့် ပုံပြင်စာအုပ်လေးများမှ အစ မစီးဖြစ်တော့သည့် အိမ်နေရင်း အမွှေးပွ ဖိနပ်လေးများ အဆုံး လွှင့်မပစ်ရက်ပဲ သပ်သပ်ရပ်ရပ်လေး သိမ်းဆည်းထားပေးရှာသည် ။

သော့တန်းလန်းလေး ဖြစ်နေသည့် စာကြည့်စားပွဲ၏ အံဆွဲလေးအား ဖွင့်မိသည့်အခါ ဦးစွာ စီးကြိုလာသည်က ကုတ်အင်္ကျီအနက်ရောင် အရှည် ၀တ်ဆင်ထားပြီး နောက်ပြန်လှည့်ကြည့်နေသည့် လူငယ်လေးတစ်ဦး၏ ဓာတ်ပုံလေး ။ လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများကို ထိုတဒင်္ဂတွင် မေ့လျှော့သွားပြီး အရည်ကြည် ရစ်သိုင်းလာသည့် မျက်၀န်းအိမ်နှင့်အတူ ထိုဓာတ်ပုံလေးအား ခပ်ဖွဖွ ထိတွေ့မိသွားသည် ။

ဘာကိုမှ မသိရှိ ၊ နားမလည်ခိုက်မှာပင် နက်ရှိုင်းစွာ ချစ်ကျွမ်း၀င်မိသွားသော နှလုံးသားနုနုသည် ခုအချိန်တွင်တော့ ဒဏ်ရာ ဗလပွများစွာနှင့် ဖြစ်သည် ။ အရာအားလုံးအား စတင်စေခဲ့သော ထိုဓာတ်ပုံလေးအား ယူကြည့်မိပြီး ဓာတ်ပုံ၏ ကျောဘက်တွင် မှင်ပြယ်စပြုနေသည့် လက်ရေးခပ်သော့သော့ကိုလည်း လွမ်းမောသွားရပြန်သည် ။

ထို့နောက် တစ်လ တစ်ကြိမ် ပေးပို့ခဲ့သော စာလွှာလေးများကို ရေမွှေးဆွတ်ကာ သိမ်းထားခဲ့သည့် သေတ္တာလေးအား အံဆွဲ၏ အတွင်းပိုင်းမှ ထုတ်ယူလိုက်မိသည် ။ သေတ္တာလေးအား ဖွင့်လိုက်သည်နှင့် ထိုကာလက နိုင်ငံရပ်ခြားမှာ ပညာသင်နေသည့် ကိုကို့ ကို နေ့နေ့ညည လွမ်းခဲ့ရသည့် သူ့အလွမ်းတွေ ဖိတ်လျှံကျလာသလို ခံစားလိုက်ရသည် ။

ပုံမှန် သမာရိုးကျ ရေး‌‌ထားသော နှုတ်ဆက်စာလေးများ ဖြစ်သော်လည်း ရင်နှင့် အပြည့် ခံစားကာ ဖတ်ရသူမို့ စာမျက်နှာတိုင်းတွင် လွမ်းရိပ် အပြည့်ဖြစ်ပြီး ဘယ်သောအခါမှ ဖတ်လို့ မမုန်းနိုင်သော စာလွှာလေးများလည်း ဖြစ်သည် ။ အလွမ်းများနှင့် အစပြုခဲ့သော အတိတ်လှလှလေးသည် အလွမ်းများနှင့် အဆုံးသတ်သွားမည်ကို စိုးမိသည် ။

T H I R D Where stories live. Discover now