အိမ်သည် ပုံမှန်ထက် ပိုတိုးလို့ တိတ်ဆိတ်နေသည် ။ စာအံသံ ခပ်တိုးတိုးလေးသည် ဤညတွင် ပျောက်ကွယ်နေပြီး သူနှင့်ဝေးရာ လုံခြုံသည့် ရပ်၀န်းတစ်ခုတွင် စိတ်အေးချမ်းမြေ့စွာ ရှိနေလိမ့်မည် ။
အကြောင်းပြချက်မဲ့စွာ အိပ်မပျော်နိုင်သောညတွင် သူ ကုတင်ပေါ်မှ ထထိုင်လိုက်ကာ ပိတ်ထားပြီးဖြစ်သည့် အခန်းမီးအား ပြန် ထ ဖွင့်လိုက်သည် ။ အငယ် မကြိုက်လို့ မသောက်ဖြစ်တာ ကြာပြီ ဖြစ်သည့် စီးကရတ်ဘူးအား ကုတင်ဘေးရှိ စားပွဲခုံလေး၏ အံဆွဲမှ ပြန်ထုတ်ယူမိသည် ။
ညသည် မပြည့်စုံခြင်းများနှင့်အတူ တိုးတိတ် ခြောက်ကပ်နေ၏ ။
ဟူး ... ။
သုံးလိပ်မြောက် စီးကရတ်အား သောက်မိပြီးချိန်တွင် အခန်းထဲမှ ထွက်ပြီး မီးပိတ်ထားသည့် အခန်းတံခါးလေးအား တွန်းဖွင့်လိုက်သည် ။
ဟင် !!
အငယ် စီးနေကျ အိမ်နေရင်းစီး ဖိနပ်လေးအား အခန်းအ၀င်၀တွင် သူ သတိမထားမိပဲ တက်နင်းလိုက်မိသဖြင့် ဖိနပ်လေးမှ " ကျွိ " ခနဲ အသံထွက်လာသည် ။ ဖားရုပ်ပုံ အစိမ်းရောင် ဂွင်းထိုးဖိနပ်လေးသည် နင်းမိလိုက်သည့်အခိုက် အသံမြည်သွားပြီး ခြေဖနောင့်အောက် နေရာတွင် မီးလေးပါ လင်းလာသည် ။ စိတ်နှင့် ကိုယ် မကပ်သည့် သူတောင် ထိုဖိနပ်လေးကို ကြည့်ပြီး အငယ့်၏ ကလေးဆန်မှုကြောင့် အသံထွက် ရယ်မိသွားသည် ။
" လူကြီး " ဖြစ်ချင်နေတဲ့သူက ဒီလိုဖိနပ်မျိုး စီးသေးတာတဲ့လား ... "
ထို့နောက် ပြန့်ကျဲနေသည့် အရုပ်သေးသေးလေးတွေ ၊ sticker တွေ ရှုပ်ပွနေအောင် ကပ်ထားသည့် ကျောင်းစာအုပ်လေးတွေကို စာအုပ်စင်၌ သပ်ရပ်စွာ ပြန်စီထားလိုက်သည် ။ အခန်းလေးသည် ပိုင်ရှင်မရှိသော်လည်း ကြည့်လိုက်မိသည့် နေရာတိုင်းတွင် အငယ့်ပုံရိပ်လေးများသည် သူ့စိတ်၏ သဏ္ဍာန်တွင် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသည် ။
အမြဲလိုလိုရနေကျ ခပ်သင်းသင်း သစ်သီးရနံ့တစ်မျိုးသည် အခန်း၏ လေထုတွင် စွဲမြဲစွာ ကျန်ရစ်သည် ။
အတွေးများကာ ၀ရန်တာတွင် ရှေ့နောက် လျှောက်မိနေပြီး ကားပါကင်တွင် ရပ်ထားသည့် ကားဆီသို့ ဘာရယ်မဟုတ် အကြည့်ရောက်သွားသည် ။ ညသန်းခေါင်ယံအချိန်တွင် လေနှင်ရာ လွင့်ချင်နေသော စိတ်သည် ထိန်းချုပ်ရခက်စွာ ရှိနေပြီး အခန်းထဲတွင် ရှိနေသည့် ကားသော့ကို သွားယူလိုက်ဖို့ မသိစိတ်မှ တောင်းဆိုနေသလို ခံစားလာရသည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "