မနက်မိုးလင်းတော့ ထယ်ယောင်းအိပ်ယာနိုးလာတာကြောင့် သူ့ဘေးမှာ ဂျောင်ဂုမရှိတာကိုသတိထားမိသွားသည်။ဖွင့်ထားတဲ့ပြတင်းပေါက်ကိုပြန်မပိတ်ပေးခဲ့တာကြောင့် နိုးလာခြင်းဖြစ်သည်။ရေချိုးပြီးကျောင်းသွားဖို့ပြင်ဆင်ကာ အောက်ထပ်ဆင်းလာတော့ ဖေဖေနဲ့မေမေလေးတို့နှစ်ယောက်ကမနက်စာစားနေတာကိုတွေ့သည်။ကိုကို့ကိုတော့မတွေ့။
"အော...သားငယ်လေးတောင်နိုးလာပြီ။လာလေ..."
ဖေဖေကသူ့ကိုနှုတ်ဆက်ပြီး မနက်စာလာစားရန်ခေါ်နေတာကြောင့် ကျောပိုးအိတ်လေးကိုဘေးနားကခုံပေါ်တင်လိုက်ပြီး ထိုင်လိုက်တော့ မေမေလေးကသူ့ကိုနွားနို့လေးထည့်ပေးသည်။သူကော်ဖီမကြိုက်တာကို ဖေဖေကပြောထားတာထင်သည်။
"အငယ်လေးရဲ့ကိုကိုကတော့ မနိုးသေးဘူးထင်ပါရဲ့။မနိုးသေးဘူးဆိုမှသတိရတယ် အဲ့ကောင်လေးမနေ့ကကျောင်းကိုဖုန်းခိုးထည့်သွားတာထင်တယ်။ရှာတာမတွေ့ဘူး။နိုးလာမှ အဲ့ပြဿနာကိုရှင်းရမယ်။"
ကိုကို့ကိုသူပြန်မတိုင်လည်း မေမေလေးကသိနေပြီးသားလေ။အဲ့လိုကိုကိုဖုန်းခိုးထည့်လို့မိသွားတိုင်း ကိုကိုကသူတိုင်တယ်လို့သာထင်ပြီး စိတ်ကောက်တတ်သေးသည်။
"ဟော...ပြောရင်းဆိုရင်းကိုယ်တော်ချောကနိုးလာပါပြီ။လာပါဦး...မနက်စာကျွန်မအသင့်ပြင်ပြီးထားပါပြီရှင့်။"
ဖေဖေနဲ့သူကတော့ ဘာမှဝင်မပြောဘဲ မေမေလေးတို့နှစ်ယောက်ကိုကြည့်နေလိုက်သည်။ကိုကိုက လွယ်အိတ်ကိုဘေးနားရွေ့လိုက်ပြီး သူ့နားရွက်ကလေးကို ဖွဖွလေးလှမ်းဆွဲသည်။ပြီးတော့ ပါးချိုင့်လေးတစ်ဖက်ပေါ်အောင်ရယ်ပြသေးတာ။
"ကဲ...မနေ့ကကျောင်းကိုဖုန်းခိုးယူသွားရတဲ့ အကြောင်းအရင်းလေး ကျွန်မကိုရှင်းပြပါဦး။"
"မာမီ...မာမီဘယ်လိုသိတာလဲ။"
ကိုကိုက အံ့သြပြီးသူ့ကိုလှည့်ကြည့်လာသည်။ထယ်ယောင်းလည်းမသိမသာလေးခေါင်းခါပြလိုက်တော့ အကြည့်လွှဲသွားပြီး မနက်စာကိုစားနေသည်။မျက်ခုံးနှစ်ဖက်ကထိလုမတတ်ကို ကျုံ့ထားသေးသည်။