Extra 2

5.2K 310 11
                                    


Extra ...2
      အိမ်ပြန်ရောက်တာနဲ့ အထုပ်အပိုးတွေချပြီး လတ် ပထမဆုံးလုပ်တဲ့အလုပ်က အိဆီကို ဖုန်းခေါ်တာပင်။ အိက ချက်ခြင်းကို ဖုန်းကိုင်ပါသည် ။
      ''အလတ်ရေ ပြန်ရောက်ပြီလား...´´
     ''ရောက်ပြီအိ...ရောက်ရောက်ခြင်း ဖုန်းလှမ်းဆက်တာ...နင်ငါ့ကို ပြောစရာ တစ်ခုခုများ ရှိနေသလားလို့...´´
      ''ဟုတ်တယ်လတ်...ခရီးရောက်မဆိုက် မပြောချင်ပေမဲ့ မပြောလို့လည်းမဖြစ်ဘူး လတ်ရဲ့...ဖုန်းထဲကဘဲ ပြောလိုက်မယ်နော်...´´
     ဘာပါလိမ့် ။ လတ်ရင်ထဲမှာ စိုးရိမ်စိတ်ကြောင့် ပူတက်လာသည် ။
     ''အေး အလတ်ရေ ...ပြောရမှာ များတယ်...ပြီးတော့ သတင်းကောင်းလည်းမပါဘူး...အကုန်လုံးက ဆက်စပ်နေလို့ ငါပြောတာ ဆုံးအောင်အရင်နားထောင်နော်...´´
     ''ပြောပါအိရဲ့...ငါလန့်လာပြီနော်...´´
      နိုင်က အဝတ်လဲနေရာက လတ်ကိုလှမ်းကြည့်သည် ။ လတ်သူ့ကိုကြည့်ပြီး စပီကာဖွင့်လိုက်သည် ။
      ''ငါတို့ခရီးစထွက်တဲ့ညက...နင့်ဖေဖေက အရက်တွေ   အများကြီးသောက်ပြီး နင်တို့ဆိုင်ရှေ့က ကွပ်ပျစ်လေးပေါ်မှာ အိပ်တယ်တဲ့...မိုးလင်းတော့ ဦးလေးကို ခေါ်မရတော့လို့ ဆေးရုံတင်လိုက်ရတာ...ကိုယ်တစ်ခြမ်းလေဖြတ်သွားတယ်တဲ့...´´
     ''ဘုရား ဘုရား ...ခု ဖေဖေဆေးရုံမှာလား အိ...´´
      ''မပြီးသေးဘူး လတ် ခဏနားထောင်ဦး...´´
      လတ် ခုတင်ပေါ်ထိုင်နေရာက ကြမ်းပြင်ပေါ်ကို ဆင်းထိုင်လိုက်ရသည် ။
   ''အဲ့ဒီမတိုင်ခင် ရှေ့ လေးငါးရက်လောက်က နင့်မမယောကျ်ားက ဖဲဝိုင်းမှာ ရန်ဖြစ်ပြီး ရိုက်ပစ်တာ လူနှစ်ယောက်သေလုမျောပါးဖြစ်ပြီး သူလည်းအချုပ်ထဲရောက်သွားတယ်တဲ့...´´
      လတ် ဘာမှတ်ချက်မှမပေးမိ ။ နိုင်က လတ်ဘေးနားလာထိုင်ပြီး ကျောကို ခပ်ဖွဖွပွတ်သပ်ပေးသည် ။
      ''အဲ့ဒါ လျော်ကြေးပေးမှ အမှုကို ရုပ်သိမ်းပေးမယ်ဆိုသတဲ့...တောင်းပစ်တာလည်း မနည်းမနောပေါ့...နင်သိတဲ့အတိုင်း နင်ထွက်သွားပြီးကတည်းက နင့်ဆိုင်လေးကလည်း တတိတိပါးလိုက်လာတာ အခွံပဲကျန်တဲ့အထိလေ ...အခုလို ဖြစ်လာတော့ နင့်မမလည်း ကြံရာမရဘူး ထင်ပါရဲ့...´´
     လတ်ဆက်နားမထောင်ရဲစွာ မျက်နှာကို ဒူးပေါ်အပ်ချလိုက်သည် ။ အိအသံကတော့ စပီကာကနေ ထွက်ပေါ်နေဆဲ။
      ''ဆေးရုံရောက်နေတဲ့ နင့်ဖေဖေကို အတင်းလက်မှတ်ထိုးခိုင်းပြီး မမက အိမ်ရောင်းပစ်လိုက်တယ်...သူ့ယောကျ်ားလည်း အမှုကြေအေးပြီး အပြင်ပြန်ရောက်လာတယ်ပေါ့...´´
       လတ် ခေါင်းထောင်ပြီး မေးခွန်းမေးဖို့ ပြင်ပေမဲ့ အိအသံက ဆက်ထွက်နေတုန်း ။
      ''မပြီးသေးဘူး လတ်...မမက ပြောင်းမိန့်ကျထားတာကြာပြီ...ခု မဖြစ်မနေပြောင်းရတော့မယ်ဆိုတော့ နေရာသစ် လူသစ်တွေကြားမှာ လေဖြတ်ထားတဲ့ အဖေကို ခေါ်သွားဖို့ ခက်နေတယ်တဲ့...ဦးလေးက ဆေးရုံကနေလည်း ဆင်းခွင့်မရသေးဘူး... ဆေးရုံကဆင်းပြီး အိမ်မှာထားခဲ့ဖို့ကျတော့လည်း အိမ်ကတစ်လအတွင်းပြောင်းပေးရတော့မှာ...´´
      နိုင်နိုင်က လတ်ပခုံးကို ခပ်တင်းတင်းဖျစ်ညှစ်သည် ။
     ''ဖေဖေ့ကို ငါသွားခေါ်မယ် အိ...´´
      ''အေး အလတ်...နင့်မမကလည်း အဲ့လိုဖြစ်စေချင်နေတာ...နင်က အမွေကိစ္စပြောလာမှာစိုးလို့ သူ နင့်ကို ဆက်သွယ်ရခက်နေတာတဲ့...ငါပြန်ကြားတာ ...အိမ်ရောင်းရငွေက ကုန်လုပြီလေ...´´
     ''ငွေကို ငါမမက်ပါဘူး အိရယ်...ငါတို့အိမ်ကို ဘယ်သူဝယ်သွားလဲ နင်သိလားအိ...မေမေ့အရိပ်တွေ မေမေ့အငွေ့အသက်တွေ ရှိနေသေးတဲ့အိမ်ကို သူစိမ်းတွေလက်ထဲတော့ ငါမထည့်ချင်ဘူး အိရယ်...´´      ''ငါမသိဘူးအလတ်...စုံစမ်းပေးရမလား...´´
      သိတော့ရော ။ လတ်တတ်နိုင်ပါမည်လား ။
     ''နေပါစေတော့အိရာ...ဖေဖေ့ကို ဘယ်ဆေးရုံမှာ တင်ထားလဲ နင်သိလား ...´´
~~~~~~~~~~~
     ဆေးရုံခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်ပေမဲ့ အထဲက ဘာတုန့်ပြန်သံမှမကြား ။ အခန်းတံခါးမှာ ရေးထားတဲ့ နာမည်ကို သေချာပြန်ဖတ်ပြီးမှ တံခါးကို အသာအယာတွန်းဖွင့်လိုက်သည် ။
     အခန်းထဲရောက်တာနဲ့ လတ်ရင်ထဲမှာ နင့်ခနဲ ။ တံခါးခေါက်သံကြားလို့ထင်။ ဖေဖေက ကုတင်ပေါ်ကနေ အားယူခေါင်းထောင်ကြည့်နေပြီး သားသားက သူ့အဘိုးကုတင်ဘေးမှာရပ်လို့ ။ မမတို့ လင်မယားကို အရိပ်လေးတောင်မတွေ့ရ ။
      ''လတ်ရေ ...သမီးအလတ်...´´
      လတ်ကိုမြင်တာနဲ့ ဗလုံးဗထွေးခေါ်ပြီး ဖေဖေငိုလေပြီ ။
     ''ဖေဖေ မငိုနဲ့နော် မငိုနဲ့...နေကောင်းအောင်နေနော်...လတ်ရောက်လာပြီ ဖေဖေဘာမှ မပူနဲ့နော်...´´
     ဖေဖေက ငိုနေရင်းနဲ့ နိုင့်ကို လှမ်းကြည့်သည် ။ နိုင်ကအလိုက်တသိပင် ရှေ့တိုးလာပြီး ဖေဖေ့ လက်ကိုဆုပ်ကိုင်သည် ။  ''မလှုပ်နိုင်တော့ဘူး...လက်...ခြေထောက်...´´
      တစ်လုံးခြင်းအားယူပြောရင်း သူ့လက်ကို ပြန်ကြည့်နေတဲ့ ဖေဖေ့ကို လတ် ငေးနေမိသည် ။
      ''ပြန်ကောင်းမှာပါ ဦးလေးရ...ဘာမှမပူနဲ့နော်...အင်္ဂလိပ်ဆေးရော တိုင်းရင်းဆေးရော နှစ်မျိုးကုကြမယ်...နော်...´´
      ဖေဖေက ထထိုင်ဖို့ ကြိုးစားတော့ အသံသေးသေးလေး ထွက်လာသည် ။     ''ဖိုးဖိုးကြီး...ပြုတ်ကျဦးမယ်နော်...သားသားမပွေ့နိုင်သေးဘူး ...မမနပ်စမတွေလည်း ခေါ်လို့မရသေးဘူး...မထိုင်နဲ့ ဖိုးဖိုးကြီး...´´
     ထိုအခါမှ လတ် သားသားကို သတိရပြီး သားသားကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်လိုက်သည် ။
      ''သားသားက ဘိုးဘိုးကြီးကို စောင့်ပေးနေတာလား...´´
    ''ဟုတ် တီတီလတ် မေမေအိမ်မှာ အလုပ်ရှုပ်နေလို့ သားသားက ဘိုးဘိုးကြီးကိုလာစောင့်ပေးနေတာ...ဟိုးထဲက ဆရာမ မမတွေကို ဘိုးဘိုးဆေးကုန်ရင် သားသွားခေါ်ပေးတာ...´´
      ''လိမ္မာလိုက်တာ သားရယ်...´´
      ''မေမေကလေ ဟိုးအဝေးကြီးမှာ အလုပ်သွားလုပ်ရမှာတဲ့...သားသားနဲ့ ဘိုးဘိုးကြီးကို မခေါ်သွားသေးဘူးတဲ့ ...သားက သားက ဖေဖေနဲ့ မနေချင်ဘူး ကြောက်တယ်...တီတီလတ်နဲ့ လာနေလို့ရလားဟင်...´´
     ကလေးစကားကို ဖေဖေကလည်း ခေါင်းညိတ်ထောက်ခံပြီး စကားတွေ လုပြောနေသည် ။ လျှာလေးပြီး ငိုသံတွေ ရောနေလို့ဘာပြောချင်လဲ သေချာမသိနိုင်ပါ ။မနေနိုင်ဘူး မနေချင်ဘူးဆိုတဲ့ စကားကိုတော့ သုံးလေးခါမျှ ဗလုံးဗထွေး ကြားရသည်။
     ''သားသားရော ဘိုးဘိုးကြီးရော တီတီလတ်က ခေါ်ထားမှာ...တီတီလတ်တို့ ဟိုးအရင်လို အတူတူပြန်နေကြမယ်နော်...´´
     ပြောပြီးမှ လတ် သူ့ကိုလှမ်းကြည့်တော့ သူက ပြုံးပြီး ခေါင်းညိတ်ပြသည် ။
      ''ဦးလေးအတွက် ကိုယ့်အမျိုးထဲက ဦးလေးကြီးတစ်ယောက် အဖော်ခေါ်ပေးမယ်လတ်...အစစအရာရာပြုစုဖို့ကျ မိန်းကလေးနဲ့ ယောကျ်ားလေးဆိုတော့ အင်အားမမျှဘူးလေနော်...ပေါ့ပေါ့ပါးပါးလေးတွေကျ လတ်က ပြုစုပေါ့...´´
      လတ်တောင်မစဥ်းစားမိသေးတဲ့အချက် ။ သူ့ကိုကျေးဇူးတင်စွာကြည့်တော့သူက သားသားကို ပြုံးကြည့်နေသည် ။
~~~~~~~~~~~~    ''အလတ်ရေ...လတ်ကလေး...ခင်မင်းလတ်...မေမေ့သမီးအလတ်မရေ...´´
     လတ်ကိုမတွေ့မချင်း စုံနေအောင် ခေါ်တော့မှာ ။ လတ်သားသားကို သနပ်ခါးလိမ်းပေးနေရာက အသံပေးလိုက်ရသည် ။
      ''နိုင်နိုင်ရေ ...လတ်အခန်းထဲမှာ သားကိုသနပ်ခါးလိမ်းပေးနေတာ...´´
     ''ပြီးတော့မလား ...´´
    အခန်းထဲ လှမ်းဝင်လာရင်းမေးသည်။ ပြီးတော့ လတ်နဲ့သားသားဘေးနာလာရပ်ပြီး သားသားဆံပင်တွေကို ဆွဲဖွစနောက်နေသည် ။ သားသားက နိုင့်ကို စိမ်းမနေလို့တော်ပါသေးသည် ။ အခုနောက်ပိုင်းဆို လတ်ထက် သူ့ကိုအလိုလိုက်တဲ့ နိုင့်နားပိုကပ်ချင်သည် ။ နိုင်က ကလေးကို စိတ်ရှည်လက်ရှည်ဆက်ဆံပေး ချစ်ပေးလို့ လတ်မှာ သူ့ကိုအချစ်ပိုရသည် ။ ဖေဖေ့ကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်ရှာသည်။
      ''ပြီးပြီ နိုင်...လတ် ဘာလုပ်ပေးရမလဲ...´´
     ''ပြောစရာရော ပေးစရာရောရှိလို့လတ်ရ...သားသားက သနပ်ခါးလေးနဲ့ လှလိုက်တာကွာ...ဖိုးဖိုးကြီးနားမှာ သွားဆော့နော်...´´
        သားသားထွက်သွားရာနောက်ကို လိုက်ကြည့်နေမိကြရင်းက လတ် သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည် ။
      ''နိုင်နိုင်ကို လတ် သိပ်ကျေးဇူးတင်တာပဲ...ခု လတ်ဘေးမှာ ဖေဖေရော သားသားရော နိုင်ရော ရှိနေတော့ တကဲ့မိသားစုဘဝလေးကို ပြန်ရသလို ခံစားရတယ်...အစစအရာရာအတွက် ကျေးဇူးအများကြီး တင်ပါတယ်နိုင်...´´
     ကြမ်းပြင်မှာ ထိုင်နေတဲ့ လတ်ကို ဆွဲထူပြီး ကုတင်စွန်းမှာ ထိုင်စေသည် ။
      ''အချစ်နဲ့ လုပ်ပေးတဲ့ ကိစ္စတွေကို ကျေးဇူးဆိုတဲ့စကားနဲ့ ချေဖျက်ပစ်မလို့လား လတ်ကလေး...အဲ့လိုဆိုရင်တော့ ကိုယ် မင်းကို ပြောစရာရှိတာ ပေးစရာရှိတာ မပြော မပေးတော့ပဲ နေလိုက်မှာနော်...´´
      သူ့ကို ကျေးဇူးစကားဆိုတာ လုံးဝမကြိုက်တဲ့ နိုင်ပါ ။ နိုင်စိတ်ဆိုးရင် သိပ်ချစ်ဖို့ကောင်းတာ။ ချော့ရတာလည်း လွယ်မှလွယ် ။ လတ်သူ့ပါးကို ခပ်ကြမ်းကြမ်းလေးဖိကပ်နမ်းတော့ စူပုတ်နေတဲ့ ရုပ်ကလေး ပျောက်သွားသည် ။
      ''ဘာပြောမှာလဲ နိုင်...´´   ''အရင်မေးရဦးမယ်...ဒီနေ့ဘယ်နှရက်နေ့လဲ ...ဘာလလဲ...´´
     ''၂၀ရက်နေ့  ...လက ....အာ နိုင်နိုင်...´´
      ''ဟုတ်တယ် အရူးမလေးရဲ့...သူများအတွက် လိုက်ပူနေရင်း ကိုယ့်ကိုယ်ကိုယ်မေ့နေတဲ့ ကောင်မလေးရဲ့ ...ဒီနေ့က မင်းမွေးနေ့လေ ...´´
      လတ်မေ့နေတာ ။ သောကအပူတွေကြားမှာ လတ်ဆိုတဲ့ ဖြစ်တည်မှုလေး ပျောက်ဆုံးနေတာ ကြာနေပါရောလား ။
     ''မင်းကိုကိုယ် မွေးနေ့လက်ဆောင် ပေးမလို့ လတ်ကလေးရ...ကိုယ်ပေးမဲ့ လက်ဆောင်ကို မငြင်းပါဘူးလို့ ကတိပေး...အားနာတယ် ကျေးဇူးတင်တယ်လို့ မပြောပါဘူးလို့လည်း ကတိပေး...´´
      ဘာများပါလိမ့် ။ လတ် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည် ။
      ''ပထမဆုံး လက်ဆောင်က...´´
      ပြောပြီးတော့ သူ ဖုန်းဖွင့်လိုက်သည် ။
       ''မလတ်ရေ...Happy birthday ပါ...မွေးနေ့ကစ နေ့ရက်တိုင်း ပျော်ရွှင်ပါစေ ငယ့်မမအလတ်ကလေး...မမလတ်အတွက် မွေးနေ့လက်ဆောင်ကဒီမှာ...´´
      မျက်နှာကွက်ကွက်ကလေးသာ ပေါ်နေရ ာက ငယ်လေးတကိုယ်လုံးပုံကို မြင်ရသည် ။ ငယ်လေးက ခေါင်းငုံ့ပြီးရယ်နေရင်း သူ့ဗိုက်ကလေးကို ပွတ်ပြသည် ။
     ''ငါးလရှိပြီ မမလတ်ရ...မမလတ်အတွက် တူမလေးပေးမယ်နော် ...မြန်မြန်လာခဲ့ မေမေ့အရိပ်မှာ စောင့်နေမယ်....တာ့တာ...´´
      လတ် ကြောင်တောင်တောင်လေးနဲ့ သူ့ကိုမော့ကြည့်တော့ သူကရယ်သည် ။
      ''ငယ်လေးက မြန်မာပြည် ပြန်ရောက်နေပြီ လတ်ကလေးရဲ့...လတ်တို့အိမ်မှာ သူတို့နေမှာလေ...သူ့အမျိုးသားရော ပါလာတယ်...မေမေ့အရိပ်ဆိုတဲ့ ကလေးပစ္စည်းအရောင်းဆိုင်ဖွင့်ဖို့စီစဥ်နေကြတယ်...´´
     ''မေမေ့အရိပ်...လတ်တို့အိမ်...´´
       ''ဟုတ်တယ် လတ်တို့အိမ်...ခုတော့ လတ်ရဲ့အိမ်ပေါ့...ကိုယ်ပေးမဲ့ ဒုတိယလက်ဆောင်က ဒီမှာ...´´
      လတ်လက်ထဲကို ရောက်လာတဲ့ စာရွက်တွေ ။
     ''ဟင် ....အိမ်ဂရံ....´´
     ''ဟုတ်တယ် လတ်ရဲ့...လတ်မေမေရဲ့ အရိပ်တွေ ရှိနေတဲ့ အိမ်လေးကို လတ် အရမ်းနှမျောနေတာသိလို့ မမဆီက ဝယ်သွားတဲ့လူနားကနေ ကိုယ်မရမက တောင်းဝယ်လိုက်တာ...ကိုယ်တို့ မေမေ့အရိပ်မှာ ပြောင်းနေကြမယ်လေ လတ် နော် ...ငယ်လေးတို့မိသားစုရယ် ဦးလေးရယ် သားသားရယ် ကိုယ်တို့ရယ်...လတ် ချစ်တဲ့ မိသားစုကလေး ပြန်ရအောင် ကိုယ် အတတ်နိုင်ဆုံး ကြိုးစားထားတယ် ...မမကတော့ ခွင့်ရရင် ခဏ ခဏ ပြန်လာမယ်တဲ့...လတ်ကို မျက်နှာခြင်းမဆိုင်ရဲသေးလို့ တောင်းပန်ကြောင်းကို ကိုယ်ကနေတစ်ဆင့် ပြောလိုက်တယ်...´´
      မျက်ရည်တွေက တားမရ ဆီးမရ ။ လတ် သူ့ရင်ခွင်ထဲ တိုးဝင်ပြီး တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်မိသည် ။
     ''ကျေးဇူးဆိုတဲ့ စကားနဲ့ကို  မလုံလောက်တော့ပါဘူးနိုင်ရယ်  ...´´
      သူက သူ့ရင်ခွင်ထဲကနေ လတ်ကိုအသာအယာထုတ်ပြီး မျက်ရည်တွေ သုတ်ပေးသည် ။
     ''ကိုယ်တို့က ခု ချစ်သူတွေ မဟုတ်တော့ဘူးလေ လတ်ရဲ့....လက်တွဲဖော်တွေ ဖြစ်နေကြပြီ...လက်တွဲဖော်တွေ ကြားထဲမှာ သာတယ် နာတယ် ဆိုတာ မရှိပါဘူး...လက်တွေ တွဲလိုက်ကတည်းက ဘဝချင်းကလည်း ယှဥ်တွဲသွားပြီမလား...အေးလည်းအတူတူ အပူဆိုရင်လည်း မျှယူရမှာပေါ့ ...နှစ်ယောက်အတူ ဘဝသစ်တစ်ခု တည်ဆောက်ကြပြီးမှတော့ ဖြစ်လာသမျှကို အတူတကွရင်ဆိုင်ကြရမှာပေါ့...မဟုတ်ဘူးလား လတ်ကလေးရယ်...´´
     လတ် သူ့ကိုဘာစကားမှ ပြန်မပြောနိုင်။
     ''ကဲ ထ .... မေမေ့အိမ်ကလေးကို သွားကြရအောင် ...လတ် ခုအသက်အရွယ် ရောက်တဲ့အထိ  တစ်ခါမှ မကျင်းပဖူးတဲ့ မွေးနေ့ကျင်းပပေးဖို့ ကိုယ်စီစဥ်ထားတယ်...အဲ့ဒါက ဒုတိယ လက်ဆောင်...တတိယလက်ဆောင်က ဒီမှာ...´´
       ပြောပြီး သူ့ရင်ဘတ်သူ ပုတ်ပြသည် ။ လတ် သူ့ကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်မိသည် ။
     ''ဒီနေ့ပေးသမျှတွေထဲမှာရော ကံကြမ္မာကပေးတဲ့ လက်ဆောင်တွေထဲမှာပါ ဒီလက်ဆောင်ကိုတော့ အကြိုက်ဆုံးနဲ့ တန်ဖိုးအထားဆုံးပဲ...´´
     လတ် သူ့ပါးကိုနမ်းတော့ သူပြုံးနေတာ အကြာကြီး။
      ''ကိုယ့်ဆီက မွေးနေ့လက်ဆောင်ကို အဖိုးတန် ရတနာပစ္စည်းတစ်ခုခုများ မလိုချင်ဘူးလား လတ်ကလေးရဲ့...´´
     လတ် သူ့မျက်ဝန်းတွေထဲ စိုက်ကြည့်ပြီး ခေါင်းခါပြလိုက်သည် ။
       ''အဖိုးတန် ရတနာပစ္စည်းက ရပြီးသားလေနိုင်ရဲ့...´´
      ''ဘာလဲဟိုတစ်ခါကပေးတဲ့ ဟန်းချိန်း.....´´
      သူ့စကားမပြတ်ခင် လတ် အလျင်အမြန် ဖြတ်ပြောလိုက်သည် ။
      ''ဟင့်အင်း နိုင်က လတ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးလေ...´´
       ''အာ ဒီမေမေ့သမီး အလတ်မလေးကတော့လေ...´´
       သူ လတ်မျက်နှာလေးကို မေးစေ့ကနေ ဆွဲမော့လိုက်သည် ။ ဒီလူသားလေးကိုမှ သူ အသည်းနင့်အောင်မချစ်ရင် ဘယ်သူ့ကိုများ ချစ်ရဦးပါမည်လဲ ။
  ´´ '' ´´ '' ´´ '' ´´ '' ´´
တကယ်ပြီးပါပြီ။

🎉 You've finished reading နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော) 🎉
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now