Extra 1
''လတ်ကလေး မျက်မှန်တပ်ထားပါဆိုကွာ...လေထဲက ဖုန်မှုန့်တွေဝင်ရင် မျက်စိနာမယ်လေ...´´
ကားမှန်ကို အဆုံးထိ ဖွင့်ချထားပြီး မျက်နှာကို ကားပြတင်းအပြင်ဘက် ထုတ်ထားတဲ့ သူမက သူ့စကားကို မကြားသယောင်။မျက်ဝန်းမှိတ်ထားပေမဲ့ နုတ်ခမ်းတို့ကတော့ ပြုံးနေသည် ။
''ဒေါ် ခင်မင်းလတ်...ကိုယ်ပြောတာကြားလား...´´
''ဟင် နိုင်ကလဲ ...ခဏလေးပါဆိုကွာ...´´
''ဘာခဏလေးလဲ...လမ်းတလျောက်လုံး မင်းအဲ့လိုလုပ်နေတာ ခဏခဏ...မျက်နှာနေလောင်တာက အရေးမကြီးဘူး...မျက်စိနာမစိုးလို့ ပြောနေတာကွ...´´
''မနာပါဘူးဆို နိုင်ကလဲ...မျက်စိမှိတ်ထားတာကို...´´
''ပြောမရရင် ကိုယ်ပြတင်းမှန် ပိတ်လိုက်မှာနော်...´´
သူ့အသံ မာလာတော့ သူမက မျက်နှာငယ်လေးနဲ့ သူ့ကိုကြည့်လာသည် ။
''လတ်က ကားမူးတတ်လို့ ပြတင်းဖွင့်ပြီး အပြင်လေရှုနေရတာနိုင်ရဲ့...မပိတ်ပါနဲ့နော်...´´
''အဲ့ဒါဆို မျက်မှန်မတပ်ရင် ကားအပြင်ကို မျက်နှာမထုတ်နဲ့လေ...မင်းက ပြောစကားနားမထောင်ဘူး...´´
''လတ်မျက်စိမှိတ်ထားပါတယ်ဆို နိုင်နိုင်ရဲ့...နိုင်မခံစားဖူးလို့ပါ...အရှိန်မှန်မှန်နဲ့ပြေးနေတဲ့ ကားပေါ်မှာ မျက်စိလေးမှိတ်ပြီး ကားအပြင်ကလေကို ရှုကြည့်ရင်လေ လူက လေထဲမှာ ပျံနေသလို ခံစားရတာ နိုင်ရဲ့...အရှိန်နဲ့တိုက်နေတဲ့လေက မျက်နှာကို ခပ်ပြင်းပြင်းလေး ထိခတ်နေရင် စိတ်ထဲမှာသိပ်ကိုလွတ်လပ်ပြီး လူကလွင့်မျောနေရော...အဲ့ဖီလင်ကို နိုင်မသိလောက်ပါဘူး...လတ် မျက်စိထဲ ဖုန်တွေမဝင်အောင် မှိတ်ထားတယ်လေလို့ ...မတော်တဆမျက်စိနာရင် နိုင်ကမျက်စဥ်းခပ်ပေးပေါ့...ပြောတော့အလိုလိုက်မယ်ဆို နိုင်ကလည်း...´´
'' အဲ့စကားနဲ့ မင်းလုပ်ချင်တာလုပ်နေတာ...ဖွားဖွားမင်းကို ဘာမှာလာလဲ...´´
ဇက်ကလေးပုပြီး မျက်စိစုံမှိတ်ကာ သူ့ကိုပြုံးပြနေတဲ့ ကောင်မလေးကိုကြည့်ပြီး ဆူပူချင်စိတ်တွေ ပျောက်ကုန်ပြီ။အဲ့ဒီမျက်နှာလေးကို ချစ်စနိုးနဲ့ ပြုံးကြည့်နေချင်စိတ်ကို မနည်းထိန်းထားရသည် ။
''ဖွားဖွားက မြေးတို့တဲ့ တစ်ယောက်နဲ့ တစ်ယောက် သင့်မြတ်အောင်နေကြတဲ့...´´
''ပြီးတော့ရော...´´
''တစ်ယောက်ဆန္ဒကို တစ်ယောက်က အလေးထားပါတဲ့...´´
'' ကုန်ပြီလား...´´
''ရှိသေးတယ်...´´
ကားပြတင်းဘက် မျက်နှာလှည့်ထားရာက သူမက သူ့ဘက်လှည့်ထိုင်သည် ။ မျက်နှာပေါ်က ပြုံးစစအရိပ် ပျောက်ကွယ်ပြီး လေးနက်တည်ကြည်သွားသည် ။
''အတူနေခွင့်ရဖို့ မြေးတို့အများကြီး ပေးဆပ်ထားရသလို ဖွားဖွားတို့ ဘက်ကလည်း မြေးတို့အတူရှိနေတာကို လက်ခံနိုင်ဖို့ မြေးတို့ဆန္ဒကို လိုက်လျောနိုင်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ထားရတာတဲ့...ဘယ်လိုအကြောင်းနဲ့ကြောင့်မှ လက်တွဲဖြုတ်တာကို မြင်လည်းမမြင်ချင်ဘူး ...ကြားလည်းမကြားချင်ဘူးတဲ့...´´
သူ ခေါင်းညိတ်ပြလိုက်သည် ။ သူမက ဆက်မပြောသေးပဲ သူ့ကိုငေးကြည့်နေသည် ။ သူတို့ ကမ်းခြေက ပြန်လာပြီး ဖွားဖွားကို သွားကန်တော့ချိန်က ဖွားဖွားရဲ့ ဆုံးမစကားတွေပါ ။
မအိက အိမ်ပြန်သွားပေမဲ့ သူမလေးက အရမ်းရောက်ဖူးချင်နေတဲ့ ပန်းမြို့တော်ကို လိုက်ပို့ပေးဖို့ ပူဆာလို့ သူတို့ ခု အမြန်လမ်းမကြီးပေါ် ရောက်နေကြတာ ။
''သမီးတို့က ငယ်ရွယ်တဲ့ မိန်းကလေးတွေဆိုတော့ အသွားအလာ အနေအထိုင် အစစ အရာရာ ဆင်ခြင်ကြပါတဲ့...တစ်ယောက်ကိုတစ်ယောက်လည်း ကိုယ်ရောစိတ်ပါ လုံခြုံမှု ပေးနိုင်အောင် ကြိုးစားကြတဲ့...´´
သူ ကားကို အာရုံစိုက်မောင်းနေရင်း ခေါင်းသာညိတ်နေလိုက်သည်။
''ဖွားဖွားတို့ အမျိုးထဲမှာ အိမ်ထောင်တည်ပြီးရင် ခွာပြဲကြတဲ့သူ မရှိခဲ့ဘူးတဲ့ ...ရိုးမြေကျ ပေါင်းကြတာပဲတဲ့...ပြီးတော့ သမီးတို့လို ဆက်ဆံရေးကလည်း ဖွားဖွားတို့ အမျိုးထဲမှာ ပထမဆုံးပဲတဲ့...အဲ့ဒါကြောင့် နောက်လူတွေ စံပြဖြစ်အောင် ဒီလက်တွဲ မြဲမှရမယ်နော် ခိခိခိ...´´
စကားမဆုံးသေးခင် တခိခိထရယ်လို့ သူ မျက်မှောင်ကြုတ်ပြီး သူမကိုတစ်ချက်လှမ်းကြည့်လိုက်သည် ။
''ဘာ ရယ်စရာပါလို့လဲ အလတ်လေးရဲ့...´´
သူမရဲ့ တခိခိရယ်သံက တော်တော်နဲ့မရပ် ။ ဘာတွေသဘောကျနေမှန်းမသိပေမဲ့ သူပါလိုက်ပြုံးနေရပြီ။ ခက်နေပါပြီ။ ဒီအမျိုးသမီးလေးနဲ့တော့ ။ အတန်ကြာမှ ရယ်ရှိန်သတ်ပြီး စကားပြန်စသည် ။
''နိုင်စဥ်းစားကြည့်လေ...လတ်တို့က စံပြဖြစ်အောင် နေရမယ်ဆိုတော့ တကယ်လို့များ နိုင်တို့အမျိုးထဲမှာ လတ်တို့လို LGBT တွေ ထပ်ပေါ်လာရင်လည်း ဖွားဖွားက အသာတကြည်လက်ခံပေးမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား...´´
သူမပြောမှပဲ သူလည်းအဓိပ္ပါယ်ပေါက်ပြီး တဟားဟားရယ်မိတော့သည် ။
''ပေါက်ကရတော်တော်တွေးနော် လတ်ကလေး...ဖွားဖွားက ဆုံးမစကားပြောရင်း အရှိန်လွန်သွားတာနေမှာ...သူ့စကား ဘာအဓိပ္ပါယ်သက်ရောက်လည်း သူကိုယ်တိုင်တောင် မသိဘူးထင်တယ်...´´
သူတို့ အရယ်ရပ်သွားပေမဲ့ မျက်နှာပေါ်က အပြုံးကတော့ မပျောက်ကွယ်။
''အဲ့ဒီတော့ ဖွားဖွားဆုံးမစကားအတိုင်း တစ်ယောက်ဆန္ဒကိုတစ်ယောက်ကအလေးထားရမယ်နော်...ဆိုတော့ မင်းကို ကိုယ်က ကားပြတင်းအပြင်ကို မျက်နှာမထုတ်စေချင်ဘူးဆိုရင် မင်း ဘာလုပ်ရမှာလဲ...´´
''ဟင် ဘာမှလည်း မဆိုင်ဘူး ...ဇွတ်တွေဆွဲစိတာတော့...´´
နုတ်ခမ်းလေးထော်ပြီး သူ့ကို မျက်စောင်းတွေ ထိုးနေပေမဲ့ ကားပြတင်းနား ကပ်ထိုင်နေရာက ကိုယ်ကိုခွာလိုက်တော့ သူ သဘောတကျပြုံးမိရပြီ။
''လတ်ကလေး ဖုန်းကိုင်ပေးပါဦး...´´
တဂျီဂျီမြည်နေတဲ့ ဖုန်းကို လှမ်းယူပြီး သူ့ကိုပြသည် ။
''အိဆီက... လတ်ဖုန်းက ဆိုင်းလန့်လုပ်ထားမိလို့ နိုင့်ကိုခေါ်လာတာထင်တယ်...´´
သူ့ကိုပြောရင်း တဆက်တည်း ဖုန်းထူးသည် ။
''ဟဲလို အိရေ...အိမ်ပြန်ရောက်ပြီလား...´´
''ရောက်တာကြာပြီ အလတ်ရေ...နင့်ဖုန်းကို ငါခေါ်နေတာ ကြာလှပြီ...´´
'' ဆောရီးပါအိရေ...ငါ့ဖုန်းက အိတ်ထဲရောက်နေလို့...´´
''နင်တို့ခု ဘယ်မှာလဲ အလတ်...ပြန်လာနေပြီလား...´´
''ဟင့်အင်း မပြန်လာသေးဘူး...ငါ ပြင်ဦးလွင် ရောက်ဖူးချင်လို့ နိုင့်ကို လိုက်ပို့ခိုင်းနေတာ...´´
''ဒါဆို ကြာဦးမှာပေါ့...´´
''နှစ်ရက်ပဲ နေတော့မှာအိ...ဘာလို့လဲ...ဆိုင်မှာ တစ်ခုခုဖြစ်လို့လား....´´
''ဘာမှမဖြစ်ပါဘူး အလတ်ရဲ့ ငါသွားကြည့်ပြီးပြီ ...အဆင်ပြေနေတယ် စိတ်မပူနဲ့...ရောက်တုန်းရောက်ခိုက် နေရာစုံအောင်လည်ခဲ့...ငါ နောက်မှ ထပ်ဆက်မယ်...´´
အဆက်အသွယ် ပြတ်တောက်သွားတဲ့ ဖုန်းလေးကို သူမအတန်ကြာအောင် ကြည့်နေပြီးမှ သက်ပြင်းတိုးတိုးချသည် ။
''အိ တစ်ခုခုပြောစရာ ရှိနေတယ်နိုင်...ဆိုင်မှာ အဆင်ပြေတယ်ဆိုတော့ အိမ်မှာများတစ်ခုခုဖြစ်လားမသိဘူး...´´
''မပြောမဖြစ်ဆိုရင် သူပြောမှာပါ လတ်ရဲ့...အရေးမကြီးလို့မပြောသေးတာထင်တယ်...စိတ်မပူနဲ့နော်...´´
သူမကိုနှစ်သိမ့်လိုက်ပေမဲ့ သူ့စိတ်ထဲလည်း တစ်မျိုးဖြစ်သွားသည် ။ လတ်ကိုခေါ်မရလို့ သူ့ဖုန်းကိုပါ ခေါ်လာတယ်ဆိုတော့ ဘာများဖြစ်လို့ပါလိမ့် ။ သူ့ဟိုတယ်ကို ရောက်တဲ့အထိ သူတို့စကားမဆက်မိကြ ။
~~~~~~~~~~
ကန်တော်ကြီး ပန်းခြံထဲမှာ ပန်းတွေကြား လျောက်ပြေးနေတဲ့ ကလေးဆိုးကြီးကို လိုက်ထိန်းနေရတာ သူ ခြေကုန်လက်ပန်းကျနေပြီ ။သူမကတော့ တစ်နေကုန်နီးပါး လျောက်သွားထားတာတောင် ပင်ပန်းဟန် တစ်စက်ကလေးမှမပြ။ ''လတ်ကလေး...ခဏနားရအောင်လေ...ကိုယ်တကယ် ဆက်မလျောက်နိုင်တော့ဘူး...ဗိုက်လည်းဆာနေပြီဟာ...´´
''ဟင် ဗိုက်ဆာနေပြီလားနိုင်နိုင်...စောစောကမပြောဘူး...ထမင်းစားကြရအောင်လေ...ထမင်းဂျိုင့်ခြင်း သွားယူလာ...လတ်က ထိုင်ဖို့နေရာရှာလိုက်မယ်...´´
အရိပ်ကောင်းတဲ့ တစ်နေရာမှာ နေရာတကျထိုင်ပြီးချိန် သူမက သူ့မျက်နှာကို ပြုံးကြည့်ပြီး စကားဆိုသည်။
''နိုင်နိုင်ရေ...လတ်ရောက်ဖူးချင်တဲ့ ပန်းမြို့တော်ကို ရောက်အောင်လိုက်ပို့ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်...´´
''ကျေးဇူးတင်ရင်...´´
စကားရပ်ပြီး သူ့ပါးတစ်ဖက်ကို ဖောင်းပြတော့ လတ် ရယ်မောလိုက်မိသည် ။
''အကြွေးနော်...မှတ်ထားပေးဦးနော်...ညမှပေါင်းပေးမယ်လေ´´
''လုပ်ပြန်ပြီ မင်းက...´´
မကျေမနပ် ရေရွတ်လိုက်တဲ့ သူ့အသံကို မကြားသယောင်ဆောင်ပြီး ပလတ်စတစ်ဘူးလေးတွေနဲ့ ထည့်လာတဲ့ စားစရာတွေကို အခင်းအလယ်မှာ တစ်ဘူးပြီးတစ်ဘူးဖွင့်ချတော့ သူက ခပ်တည်တည်ထိုင်ကြည့်နေသည် ။
''စားစရာတွေက များလိုက်တာနိုင်ရယ်...´´
''ကုန်သလောက်စားပေါ့ လတ်ကလေးရဲ့...´´
''မကုန်ကုန်အောင် စားပစ်ရမလား... လတ်အရမ်းဝလာရင် နိုင်က ချစ်ပါတော့မလားဟင်...´'
''ဟုတ်တယ် စတွေ့ကတည်းက သူက ပိန်သွယ်ပါးလျားလေးဆိုတော့ မေးတတ်ပါ့...´´
လတ် တခိခိရယ်တော့ သူက လတ်ကို စိုက်ကြည့်နေသည် ။
''အလှလေးတွေ အများကြီး တွေ့ဖူးတဲ့ ကိုယ့်အတွက်က ပိန်တာ ဝတာ လှတာ မလှတာတွေက အရေးမကြီးဘူးလတ်ရ...တစ်ခုတော့ရှိတယ် မင်းရဲ့ စိတ်ဓာတ်က ဝဝလေးမို့ ကိုယ်ချစ်မိသွားတာ...မင်းသာ စိတ်ပိန်ရင် ကိုယ်မင်းကို ချစ်မိသွားဖို့ မသေချာဘူးကွ...အဲ့ဒီတော့ လူက ဝချင်ဝ ပိန်ချင်ပိန် ပြဿနာ မဟုတ်ပေမဲ့ မင်းစိတ်ကလေးကိုတော့ လုံးဝအပိန်မခံနဲ့နော်...´´
''ဟုတ်ကဲ့ပါရှင့်...´´
လတ်သူ့ပန်းကန်ထဲကို အသားတစ်ဖတ်လှမ်းထည့်ပေးတော့ သူက ခွံကျွေးဖို့ အရိပ်အယောင်ပြသည် ။ လတ် မသိသလိုလုပ်ပြီး ခေါက်ဆွဲကြော်ကို ခပ်စားနေလိုက်သည် ။ သူ့မျက်နှာ ပုတ်သွားတာကိုကြည့်ပြီး လတ်ရယ်ချင်လို့ကိုမဆုံး ။
''ကပ်စေးကလည်း နည်းပါ့...´´
ပြောပြီး ခေါက်ဆွဲကြော်တွေကို အမျှင်တွဲလောင်းကျအောင် တမင်တကာစားနေတဲ့သူ့ကိုကြည့်ပြီး လတ် ရယ်လိုက်ရတာ။ သူက တခါတလေကျရင် တကဲ့ကလေးဆိုးကြီး ။
''ရယ်မနေနဲ့...အူတက်သေနေဦးမယ်...´´´
ဘယ်လောက်ထိ ချစ်ဖို့ကောင်းတဲ့ နိုင်နိုင်လဲလို့။
''ဒါနဲ့ မေးဖို့မေ့နေတာ လတ်ကလေးရ...´´
''မေးပါရှင်...´´
''မင်းပြောတော့ မင်းရဲ့ပန်းချစ်မြို့လေးနဲ့ ပန်းမြို့တော်က ဘယ်မြို့ပိုလှလဲဆိုတာ သိချင်တယ်ဆို...ခု ပန်းမြို့တော်ကို မင်းရောက်ဖူးပြီဆိုတော့ ဘယ်လိုခံစားရလဲ ပြောပြပါဦး...´´
လတ် စားနေတာ လက်စသတ်ပြီး ရေတစ်ငုံသောက်လိုက်သည် ။
''ပန်းမြို့တော် နဲ့ လတ်ရဲ့ပန်းချစ်မြို့လေးက ပန်းမျိုးစုံ ရာသီတိုင်းပွင့်တာတူတယ်...ပွင့်တဲ့ပန်းတော်တော်များများတူတယ်...နှစ်မြို့လုံးက သူ့အလှနဲ့သူ...သူ့ကြော်ကြားမှုနဲ့သူ တစ်မျိုးစီ လှကြတယ်နိုင်...ဒါပေမဲ့ ဘယ်မြို့က ပိုလှလဲလို့ မေးလာရင် လတ်က လတ်ရဲ့ ပန်းချစ်မြို့လေးကို ပိုလှတယ်လို့ဖြေမယ်...´´
''ထင်သားပဲ မင်းကကိုယ့်ငါးချဥ်ကိုယ်ချဥ်တော့မယ်ဆိုတာ...´´
''လတ်လိုပဲလေ ဒီမြို့သား တစ်ယောက်ယောက်ကို သွားမေးကြည့်ရင်လည်း သူ့မြို့က ပိုလှတယ်လို့ ဖြေမှာပေါ့ နိုင်ရဲ့...ကိုယ့်စိတ်နှလုံးသားကို နွေးထွေးစေတဲ့ အရာမှန်သမျှက အလှဆုံးတွေပဲမဟုတ်လား နိုင်...ပန်းချစ်မြို့လေးက လတ်ရဲ့ဇာတိချက်ကြွေ မွေးရပ်မြေလေ...လတ်ရဲ့မြို့လေးလောက် ဘယ်မြို့ကမှ လတ်ကို နွေးထွေးလုံခြုံမှု မပေးနိုင်ဘူးလို့ စိတ်ထဲခံစားရတယ် သိလား...ဘယ်သူမဆို ကိုယ့်ဇာတိချက်ကြွေ မွေး ရပ်မြေကို ချစ်ကြတာချည်းမလား...နိုင်ဆိုရင်ရော...နိုင့်ရန်ကုန်နဲ့ လတ်ရဲ့မြို့ဆို ဘယ်မြို့ကို ပိုချစ်လဲဟင်...´´
'' မေးခွန်းသတ်ပြီ မင်းက...´´
'' တမ်းတနိုင်ရေ ဖြေမှရပါမယ်ရှင့်... ဖြေပေးပါနော်...´´
အီမိုဂျီပိစိကလေးလို သူ့မျက်လုံးကို အပေါ်ထောင့်ကပ်ပြတော့ ချစ်စရာ ကောင်းလွန်းလို့ လတ် အသည်းယားစွာဖြင့် သူ့လက်ကို ဆွဲယူပြီး လက်ခုံကို ဖိကပ်နမ်းရှိုက်ပစ်လိုက်သည် ။
သူက ဘူးတွေ ခွက်တွေကိုဖယ်ပြီး လတ်ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်သည် ။ ပြီးတော့ လတ်လက်တစ်ဖက်ကို အသာအယာယူပြီး သူ့ရင်ဘတ်ပေါ်တင်သည်
''ဖြေရမယ်ဆိုရင်တော့ ရန်ကုန်က ကိုယ့်ရဲ့ဇာတိမြို့မလို့ ပူလောင်ရှုပ်ထွေးပြီး နေရေးသွားရေး ခက်ပေမဲ့ ကိုယ်ချစ်တယ်... ကိုယ့်ချစ်သူလေးကို သူ့ရင်ခွင်ထဲမှာ နှစ်တွေအကြာကြီး ထွေးပိုက်ထားပေးလို့ လတ်ရဲ့မြို့ကလေးကိုလည်း ချစ်တယ်...ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲဆိုတဲ့ မေးခွန်းလိုပဲ...ဖေဖေ့ရှေ့ရောက်ရင် ဖေဖေ့ကိုပိုချစ်ပြီး မေမေ့ဆီမှာ ဆိုရင်တော့ မေမေ့ကို ပိုချစ်တယ်လို့ဖြေမယ်...´´
''လူလည်လေးပါရှင်...´´
လတ် သူ့နဖူးကို ငုံ့နမ်းတော့ သူရယ်နေသည် ။ လတ်တို့ရဲ့ ရယ်သံတွေဟာ ပန်းမြို့တော်ရဲ့ လေပြည်ထဲမှာ စီးမျောနေကြသည် ။
ရယ်လွန်းရင် ငိုရတတ်တယ်ဆိုတဲ့စကားကို ထိုအချိန်က လတ်တို့မေ့နေကြပါသည် ။
~~~~~~~~~~~~~~~~

YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Любовные романыကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...