part...1

39.9K 1.1K 43
                                    

Unicode


အပိုင်း ..၁

“မေမေ့သမီးအလတ်မ”

  NF ကို   ပျင်းရိငြီးငွေ့စွာဖြင့် အထက်အောက်ပွတ်ဆွဲနေတဲ့ သူ့အာရုံထဲကို ဝင်လာတဲ့ နာမည်တစ်ခု ။ သူ ရယ်ချင်စွာနှုတ်ခမ်းက ပြုံးလိုက်မိပေမဲ့ တစ်ဆက်တည်း မျက်မှောင်ကတော့ ကျုံ့သွားသည် ။  ဒီလို အကောင့်နာမည်တွေဆို သူကြည့်လို့ကိုမရ ။ ကိုယ့်နာမည် ကိုယ်မပေးပဲ တခြားခေါင်းစဉ်တစ်ခုအောက်မှာ ကိုယ့်ကိုယ်ကိုယ် ဝှက်ထားတာလို့ယူဆပြီးသူမကြိုက်ပါ။ ဒီလိုနာမည်ပေးပုံမျိုးနဲ့ သူတွေကို သတ္တိမရှိတဲ့သူအဖြစ် သူကမြင်သည် ။ နာမည်အစစ် မဟုတ်ရင်တောင် တခြားနာမည်တွေ ပေးလို့ရပါလျက်နဲ့ ကိုယ့်ဖြစ်တည်မှုကို တခြားသူရဲ့ အရိပ်အောက်မှာ ပုန်းဝှက်ထားသူတွေ ။ ထိုကဲ့သိုသော လူမျိုးကို သူ့ Friend အဖြစ် ဘယ်တော့မှ  လက်မခံသလို သူကိုယ်တိုင်လည်း  သွားအပ်လေ့မရှိ ။
      ဘယ်တုန်းက သူငယ်ချင်း ဖြစ်ခဲ့သလဲ ။ ဘယ်သူက စအပ်ထားသလဲ မသိပေမဲ့ သူ မကြိုက်တဲ့ နာမည်ပေးပုံနဲ့ အကောင့်ပိုင်ရှင်  တယောက် ကတော့ သူ့ Friend  List ထဲ ခပ်တည်တည်နဲ့ရောက်နေလေပြီ ။  အကောင့်ထဲ ဝင်ကြည့်တော့လည်း ဘာမှဟုတ်တိပတ်တိ တင်ထားတာ မတွေ့ရ။
Profile နဲ့ cover photo တွေသာရှိသည် ။ Profile တင်ထားတာကလည်း ရှုခင်းပုံ ။ အကောင့်အတုလား။ ဘယ်လိုဖြစ်လို့ သူက ဒီလိုလူမျိုးကို သူ့ သူငယ်ချင်းစာရင်းထဲ အဝင်ခံထားသလဲ ။ သူ့အကောင့်ထဲမှာ အပြင်က သူ့သူငယ်ချင်းအရင်းတွေရယ် Profile ပုံ အမှန်တင်ထားတဲ့ သူတွေကိုသာ လက်ခံထားသည် ။ ဒီတစ်ယောက်က ဘယ်လိုများ ရောက်နေတာပါလိမ့် ။ စိတ်ထဲ မတွေ့စွာ အတွေးများနေပေမဲ့ မေမေ့သမီး အလတ်မက ဘယ်သူလဲ သိအောင် စကားပြောကြည့်ရမည်။မီးစိမ်းနေတာတွေ့လို့ Hi လိုက်သည် ။
        ဘယ်နှစ်ယောက်မြောက်မှန်း မမှတ်မိတဲ့ အွန်လိုင်းချစ်သူနဲ့ အဆက်ပြတ်ထားတာ မနေ့ကဆိုတော့ သူ့မှာ စကားပြောဖော်မရှိဘဲ ပျင်းနေတာ ။ သူငယ်ချင်း အရင်းခေါက်ခေါက်တွေကလည်း ဒီအချိန်ဆို သူတို့ဇယားနဲ့ သူတို့ ရှုပ်နေကြမှာ ။ ညတိုင်း တစ်ယောက်မဟုတ် တစ်ယောက်နဲ့ စကားပြောနေကျဆိုတော့ သူ အကျင့်ပါပြီး ညတွေဆို စကားပြောဖော် ရှာတတ်သည် ။ အစောကြီးလည်း မအိပ်တတ်ဘူးလေ ။ ဒီနေ့ညအတွက် သူ့ရဲ့ စကားပြောဖော်က မေမေ့သမီး အလတ်မလေးပေါ့ ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now