part..11 (u&z)

8.2K 719 70
                                    

 
အပိုင်း..၁၁
"ဘာပြောလိုက်တယ် အလတ်...ပြန်ပြောစမ်း...ပြန်ပြောကြည့်စမ်း...ငါ နားကြားမှားတာများလားလို့... "
အအေးဆိုင်ထဲမှာ ဟိန်းထွက်လာတဲ့ အိ အသံကြောင့် လတ် လန့်ပြီး ဇက်ကလေးပုထားလိုက်မိသည် ။ လတ် မှားသွားတာ ။ တကယ်ဆို လတ်ပြောတာတွေကို အိ ကြားရင် ပေါက်ကွဲတော့မယ်ဆိုတာ သိလျက်နဲ့ ။ အအေးဆိုင်ထိုင်ဖို့ မပြောပဲ ပန်းခြံလိုနေရာမျိုးကို ခေါ်သွားရမှာ ။ အိကတော့ ဆိုင်ထဲက လှမ်းကြည့်လာတဲ့မျက်ဝန်းတွေကို ဥပေက္ခာပြုထားသည် ။ ညိုစိမ့်စိမ့် အသားအရည်မှာ ပါးပြင်နှစ်ဖက်က ဒေါသမီးအပူဟပ်လို့ နီရဲနေတာကြောင့်
အိက တစ်မျိုးကြည့်ကောင်း လှပနေပြန်သည် ။
"နင်ဒေါသထွက်တဲ့ မျက်နှာကလည်း လှလိုက်တာ အိရယ်..."
လတ် စကားကြောင့် အိခမြာ ကျေနပ်ရမလို ဒေါသထွက်နေတာဘဲ ပြေပေးရမလို အီလည်လည်မျက်နှာလေး ဖြစ်သွားပြန်သည်။ မတတ်နိုင်။ ခုချိန်မှာ ကိုယ်က အပြစ်လုပ်ထားပြီး သူ့ဆီက အကူအညီကိုလည်း မဖြစ်မနေ လိုအပ်နေတဲ့အခါ ရူးချင်ယောင်ဆောင်သင့် ဆောင်ရပေလိမ့်မည် ။ တကယ်တော့လည်း လတ်က လောလောဆယ် အချစ်စိတ်ကြောင့် အရူးတပိုင်း ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်သာ ။
"တိတ်စမ်းအလတ်...နင် ရူးချင်ယောင် ဆောင်မနေနဲ့...ခုဏက ဘာပြောလိုက်တယ်...ငါ့ကိုပြန်ပြောစမ်းပါဦး..."
"ငါပြောတုန်းက သေချာနားမထောင်ဘဲနဲ့အိရယ်...ထပ်ပြော
မယ် အာရုံစိုက်ပြီးနားထောင်..."
အိလက်ချက်ကြောင့် လက်မောင်းမှာ နီရဲနာကျင်သွားရသည် ။
"နင်က လက်သိပ်ပါတာဘဲအိရယ်...ခြေမြန်လက်မြန်နဲ့ နာလိုက်တာ..."
ခပ်စိုက်စိုက်ကြည့်လာတဲ့ မကြည်ကြည့်ကြောင့် ပြဿနာအရင်းအမြစ်ကိုရှောင်ဖယ်နေတာ တော်လောက်ပြီဟု စိတ်ကိုတင်းလိုက်ရသည် ။ အိ ကိုကြောက်တာရော အားနာတာရောပေါင်းပြီး လတ်အသံက ခပ်တိုးတိုးသာ ထွက်လာသည် ။
"တမ်းတနိုင်နဲ့ငါ ချစ်သူတွေ ဖြစ်နေကြပြီ...နောက်နှစ်ရက်နေရင် သူ ဒီမြို့ကို ကိစ္စတစ်ခုနဲ့ လာရမယ်တဲ့...
အဲ့ဒါသူကငါနဲ့တွေ့ချင်တယ် ပြောနေတယ်..."
လတ်ပြောနေတဲ့ တလျောက်လုံး လတ် မျက်နှာကို စိုက်ကြည့်နေတဲ့ အိက လတ်စကားလည်းဆုံးရော အကြည့်တွေကို ဆိုင်အပြင်သို့ ပို့ပစ်လိုက်သည် ။ အပြင်မှာ နေရောင်မှိန်မှိန်ကလေးလင်းနေသည်။ မြို့လေးရဲ့ ရာသီဥတုက ခဏနေ နေပူလိုက် သိပ်မကြာခင် မြူခိုးဝေ ချမ်းအေးလာလိုက် ။မိုးဖွဲကလေးရွာချင် ရွာနေလိုက်နဲ့ တစ်ရက်တည်းမှာကို အမျိုးမျိုး ပြောင်းလဲနေတတ်သည် ။
အိလိုပဲ ဆိုင်အပြင်ကို ငေးကြည့်မိရာက အကြည့်ရုပ်ပြီး အိ မျက်နှာကို အကဲခတ်ရသည် ။ တည်တင်းအေးစက်နေတဲ့ အိ မျက်နှာထားက လတ်ကို စိုးရိမ်စိတ်ပိုစေသည် ။ လတ် မှာ မျော်လင့်ချက်တွေ ပျောက်ဆုံးလာနေသလိုပင် ။ အကူအညီတောင်းမဲ့ ကိစ္စကို လက်လျော့လိုက်ရတော့မလား ။
"အဲ့ဒါ ငါ ဘာလုပ်ရမှာလဲ..."
"အိကလဲ...သူက အလှအရမ်းကြိုက်တာ နင့်ကိုငါ ပြောပြဖူးတယ်မလား...ငါ...ငါ့ပုံစံအမှန်နဲ့ သူ့ကို ထွက်မတွေ့ရဲဘူး...ငါ့ကိုမြင်ရင်သူ  စိတ်ပျက်သွားမှာ အသေအချာဘဲ...သူ့ကိုငါ ထွက်တွေ့ရမှာက နာရီပိုင်းလောက်လေး...ဒါပေမဲ့ သူ ငါ့ကို စိတ်ပျက်သွားရင် ခု ရနေတဲ့ အချစ်တွေ စကားပြောခွင့်တွေ သူ့ကို ဂရုစိုက်ပေးနေရတာတွေ လက်လွတ်လိုက်ရမှာ ငါကြောက်တယ်...သူနဲ့ဝေးရမှာ ငါတကယ်ကြောက်လို့ပါ..."
"အဲ့ဒါဆိုလည်း ထွက်မတွေ့နဲ့ပေါ့..."
"ငါက စပြီး သူနဲ့တွေ့ချင်တယ်လို့ ပြောလိုက်မိတာဟ...အဲ့လောက်က အရေးမကြီးသေးဘူး...သူ့ကို ငါ့ဆီမှာ တစ်သက်လုံးလာနေလို့တောင် ငါက ခေါ်ထားတာ...အဲ့လိုတွေပြောဆိုပြီးမှ အခု ခဏလေးလာတာတောင် ထွက်မတွေ့ရဲဘူးဆိုရင် သူ ငါ့အပေါ် ဘယ်ယုံတော့မလဲ အိရယ်..."
"အဲ့တော့လည်း နင် လဲသေလိုက်ပေါ့...အချစ်နဲ့ဝေးလို့ ရင်ကွဲနာကျပြီး သေတဲ့မသာလို့ ငါ သတင်းဖြန့်ပေးမယ်..."
"အိကလဲ..."
နှစ်ယောက်ကြားမှာ အတန်ကြာအောင် တိတ်ဆိတ်သွားသည် ။
မျက်နှာငယ်ကလေးနဲ့ တကယ်
ကိုကူကယ်ရာမဲ့နေတဲ့ပုံစံလေးကိုကြည့်ပြီး အိ မနေသာတော့ ။
"ငါဒီလောက်တားနေတဲ့ကြားက နင်လုပ်ချင်ရာလုပ်ထားပြီး ခုမှ အိ မနေနဲ့...ကိုယ်စတဲ့ဇာတ်...ကိုယ့်ဖာသာဆုံးအောင် က အလတ်...´´
    အိ စကားလည်းဆုံးရော မျက်လုံးဝိုင်းလေးထဲမှာ မျက်ရည်တွေ ပြည့်လျှံလာတာ တွေ့ရတော့ အိမနေနိုင်။ဆက်ပြောရင် ဆိုင်ထဲမှာ တကယ်ငိုချတော့မှာ သေချာတယ် ။ အိ သက်ပြင်းကို သိသာအောင် ခပ်ကြမ်းကြမ်းလေး မှုတ်ထုတ်ပစ်လိုက်သည် ။
''နေပါဦး အလတ်ရယ်...နင်က နင့်ကိုယ်နင် ရုပ်ဆိုးတယ်...ရုပ်ဆိုးတယ်ဘဲအော်နေရ
အောင် ဘယ်နေရာတွေက ရုပ်ဆိုးပြီးကြည့်မလှနေလဲ...ပြောကြည့်စမ်းပါဦး... "
အိက သူ့ရှေ့က လတ်ကို မျက်လုံးရွဲကြီးတွေနဲ့ တမင်ကို စိုက်ကြည့်ပြီး မေးပစ်လိုက်သည် ။ ဒီရုပ်ကလေးလား မလှတာ ။ ရှာကြံပြီး အားငယ်နေတဲ့ သူငယ်ချင်းလေးကို အိ သနားနေမိသည် ။ အငုံ့စိတ်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးမ ။ သမီးသုံးယောက်မှာ အလတ်က ရုပ်ဆိုးလေးလေဆိုပြီး မိဘတွေကိုယ်တိုင်က မကြာခဏ စနောက်ခံရတာကို စိတ်ထဲစွဲပြီး အားငယ်နေတဲ့ ကလေးမ ။ သူ့ကိုယ်သူ ရုပ်ဆိုးမလို့ ခံယူထားတဲ့ လတ်ဟာ မှန်ကော သေချာကြည့်ရဲ့လား မသိ။ မျက်ရည်စတွေ ချွေးစလေးတွေနဲ့ သနားစရာ ချစ်စရာ  မျက်နှာလေးကို အိ အနီးကပ် သေချာကြည့်နေမိသည် ။ ကိုယ် တားနေတဲ့ ကြားကကို ရအောင်ရည်းစားထားလိုက်တဲ့ ဒီကလေးမကို အိ အပြစ်မတင်ရက်တော့ပါ ။
"ငါလေ ငါ့ကိုကိုနဲ့ စေ့စပ်ထားတဲ့ ကိစ္စသာမရှိရင် နင့်ကို ချစ်သူတော်တယ်သိလား...ပြောအလတ်...ငါ ငါ့ကိုကို ကို ဖြတ်လိုက်ရမလား..."
    ဖြူဖျော့ဖျော့ကနေ ပန်းဆီရင့်တက်သွားတဲ့ မျက်နှာလေးကိုကြည့်ပြီး အိ တဟားဟား အော်ရယ်လိုက်မိသည် ။
"နင် ဘယ်လိုဖြစ်နေတာလဲ အိ...အာပြဲကြီးနဲ့...ဆိုင်ထဲမှာ ဆိုတာလည်း သတိထားပါဦး...သူများတွေ ကြည့်ကုန်ကြပြီလေ..."
"ကြည့်ကြည့်ပေါ့...မျက်စိပါလို့ကြည့်တာပဲ... "
လတ် သက်ပြင်းလေးချပြီး မျက်နှာကို အတတ်နိုင်ဆုံး ငယ်လိုက်ကာ ထပ်တောင်းဆိုမိသည် ။
"အဲ့ဒီတော့ ငါပြောတာကို နင်လက်ခံမှာလား...ငါ့ကို ကူညီပါအိရယ်နော်...ဒီ တစ်ခါတည်းပါ...နောက်ထပ် အကူအညီ မတောင်းနဲ့ဆိုလည်း ထပ်မတောင်းတော့ပါဘူး...နော် နော်..."
မျက်ရည်စိုမျက်ဝန်းတွေကို စိုက်ကြည့်ရင်း အိ ခေါင်းညိတ်ပြလိုက်သည် ။
"တကယ်...ဝမ်းသာလိုက်တာအိရယ်...ငါ နင့်ကျေးဇူးကို မမေ့ပါဘူးဟယ် ...တကယ်ပါ..."
"အဲ့ဒါဆို နင့်အလှည့်လည်း ငါ့ကို ကူညီရမယ်နော် အလတ်..."
လတ် အားတက်သရောကို ခေါင်းညိတ်ပြလိုက်သည်။
"သေချာပေါက်ကို ကူညီမှာပေါ့ အိရဲ့...ငါဘာကူညီရမလဲသာပြော..."
အိ ညစ်ကျယ်ကျယ် ပြုံးလိုက်သည် ။
"ငါ့ မင်္ဂလာပွဲကျရင် နင် သတို့သမီး အရန် လုပ်ပေးရမယ်..."
"ဟမ်...အိ ငညစ်မလေး..."
ပေါ့ပါးစွာသံပြိုင်ရယ်သံက ဆိုင်လေးထဲ ပြန့်ကျဲသွားသည် ။ နင် စိတ်ချမ်းသာပြီး ခုလိုလေး ရယ်နေတာကိုဘဲ ငါမြင်ချင်တယ် အလတ်ရယ် ဆိုတဲ့ အိရဲ့ရင်တွင်း ညည်းတွားသံကိုတော့ လတ်တစ်ယောက် ကြားနိုင်မည် မထင်ပါ ။
×_× ×_× ×_× ×_× ×_× ×_×
လမ်းအကွေ့တွေ အများကြီးကို ကျော်ဖြတ်ပြီးချိန်မှာတော့ မြို့လေးကို လှမ်းမြင်ရပြီ ။ ဒီမြို့လေးထဲမှာ သူ့ကိုချစ်တဲ့ လူနှစ်ယောက်က သူ အလာကိုမျော်နေကြမှာပေါ့ ။ တစ်ယောက်က ဖွားဖွား ။ နောက်တစ်ယောက်က... ။ သူ့ရင်ထဲ နွေးကနဲ ။ ခုတော့ မြင်ဖူးတော့မှာပေါ့ ။ ကိုယ်ပျောက်ချစ်သူလေးကို ။
   သူမရဲ့ နွေးထွေးတဲ့ချစ်ခြင်းတွေက သူ့ရင်ကို ထိထိခိုက်ခိုက် ခံစားစေတဲ့ အခါတိုင်း သူမကို သူ အိပ်မက်မက်တတ်သည် ။ အိပ်မက်တချို့မှာ သူမရဲ့ အသံကို မပီဝိုးတဝါးကြားရပြီး တခါတလေတော့ နောက်ကျောကလေးကို မြင်မက်တတ်သည် ။ ကိုယ့်ချစ်သူရေ။ နောက်ဆို မျက်နှာပါတဲ့အိပ်မက်တွေကို ကိုယ် မက်ခွင့်ရတော့မှာပေါ့ ။
     သူအိမ်ကနေ ထွက်မလာခင်ကတော့ သူမကို တွေ့ချင်သလို မတွေ့ချင်သလိုလို ။ သူ့ စိတ်ထဲမှာ တခြားသော ဇာတ်လမ်းတွေလိုဘဲ မကြာခင် ပြီးသွားမှာပါလို့ သဘောပိုက်ပြီး မတွေ့ဖူးတဲ့ အနေအထားနဲ့ပဲ လမ်းခွဲလိုက်ချင်ပေမဲ့ တကယ်တမ်းသူမ ရှိတဲ့ နေရာကိုရောက်တော့ သိပ်ကို ချစ်တတ်လွန်းတဲ့ သူမကို တစ်ခေါက်လောက်တော့ တွေ့ချင်စိတ် ဖြစ်လာသည် ။ ကိုယ်လာနေပြီ မေမေ့သမီးအလတ်မရေ။
အထုပ်အပိုးချ ဖွားဖွားကိုနုတ်ဆက်ပြီးတာနဲ့ သူနာရီ တကြည့်ကြည့် ဖြစ်နေပြီ ။ သူ့မှာ အချိန်သိပ်မရ။အလာတုန်းက ကားနဲ့လာခဲ့ပေမဲ့ မနက်ဖြန် ဖွားဖွားကိုခေါ်ပြီး လေယာဉ်နဲ့ ပြန်ရမည်လေ ။ နေ့လည် နှစ်နာရီကျရင် အေးရိပ် ဆိုတဲ့ ဆိုင်မှာ အလတ်နဲ့ ချိန်းထားသည် ။ နှစ်နာရီရောက်ဖို့အရေး နာရီလက်တံက ခပ်နှေးနှေး ရွေ့နေသလားလို့ စိတ်ထဲထင်နေမိသည် ။
ဖွားဖွားနဲ့ အတူနေတဲ့ သူ့အစ်မ တစ်ဝမ်းကွဲကို ဆိုင်နေရာမေးတော့ အစ်မက လိုက်ပို့ပေးမည်တဲ့ ။ အချိန်ကုန်ခံ ယောင်လည်လည်နဲ့ ရှာမနေရတော့မှာမို့ သူသဘောတူလိုက်သည် ။ နှစ်နာရီရယ် ။ မြန်မြန်ထိုးပါတော့ ။
°×° °×° °×° °×° °×° °×° °×°
အပြင်မှာ နေပူနေပေမဲ့ အရိပ်ထဲဝင်လိုက်တာနဲ့ အေးစိမ့်သွားတဲ့ မြို့လေးရဲ့ဆောင်းဒဏ်ကို သူလို ရန်ကုန်သူက ချက်ခြင်းမခံနိုင် ။ အတွင်းက လည်ပိတ်တစ်ထည် ဆွယ်တာတစ်ထည်အပြင် အပေါ်ကနေ ဂျင်းဂျာကင် တစ်ထပ် ထပ်ဝတ်နေပြန်တဲ့ သူ့ကိုကြည့်ပြီး အစ်မက ရယ်နေသည် ။ ဂျင်းဘောင်းဘီ ဒူးပြဲအနက် နဲ့ ဂျင်းဂျာကင် အနက် ဝတ်ထားတဲ့ပုံရိပ်က မှန်ထဲကနေ သူ့ကိုခပ်စိုက်စိုက်ကြည့်နေသည်။ မှန်ထဲမှာ ကိုယ်ကို ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ အကြိမ်ကြိမ်လှည့်ပတ်ကြည့်ပြီးမှ သူစိတ်ကျေနပ်သွားသည် ။
အင်္ကျီအထပ်ထပ်ကြောင့် အောက်ပိုင်းသေးပြီး အပေါ်ပိုင်းက ဝနေတာမြင်တော့ သူရယ်ချင်လာသည် ။ဂျင်းဘောင်းဘီဒူးပြဲကြောင့် အပေါ်ကနွေးပြီး အောက်ပိုင်းက အေးနေသလိုလို။ဘောင်းဘီပြန်လဲဖို့ စဥ်းစားလိုက်သေးပေမဲ့ ပြန်မချွတ်ချင်တော့။  အပြင်မှာ ပထမဆုံး တွေ့ဆုံရမည်မို့ အလတ်မျက်စိထဲမှာ သူ့ရဲ့ အလှဆုံးပုံရိပ်ကိုသာ ပြချင်နေမိသည် ။
ဆိုင်ကယ်ရပ်ပြီးတာနဲ့ အစ်မညွှန်ပြတဲ့ဆိုင်ထဲကို သူတစ်ယောက်တည်း ဝင်လာခဲ့သည် ။ သူငယ်ချင်းနဲ့ ချိန်းထားလို့လို့ ပြောထားပေမဲ့ သူ မမြင်ဖူးသေးတဲ့လူနဲ့ အစ်မကို မိတ်မဆက်ပေးချင်ပါ ။
သစ်ပင်ရိပ်တွေနဲ့ အေးမြနေတဲ့ ဆိုင်ထဲမှာ လူများများရှိမနေ ။ဆိုင်အပြင် သစ်ရိပ်အောက်မှာ ခင်းထားတဲ့ စားပွဲတွေဆီ အကြည့်တစ်ချက်ဝေ့မိတော့ ထောင့်ကျကျ သစ်ပင်ရိပ်ဆီက အပန်းရောင် ပုံရိပ်တစ်ခုက သူ့ကို လက်မြှောက်ပြသည် ။ ကြိုတင်ချိန်းထားတဲ့ အတိုင်းဆို အလတ်က ပန်းရောင်အင်္ကျီဝတ်ထားမယ်တဲ့ ။သူ့ကို မြင်ဖူးထားတော့ သူမက လက်ပြလှမ်းခေါ်နိုင်တာပေါ့။ အဲ့ဒါ အလတ်လား ။
ကြားစားပွဲတွေကို ရှောင်ကွင်းနေရပေမဲ့ သူ့အကြည့်တို့က ပန်းရောင်ပုံရိပ်ဆီမှာသာ ငြိချိတ်နေသည် ။ လှတယ် ။ တော်တော်လေးကို လှတာပါ ။ ညိုစိမ့်စိုပြေတဲ့ အသားအရည် ထိုင်နေတာတောင် ရှည်လျားမှန်းသိသာစေတဲ့အရပ် ပိန်ပါးပြီး အချိုးအဆက် ပြေပြစ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ။ ခြေချိတ်ပြီး ထိုင်နေတဲ့ ပုံစံကိုက သက်တောင့်သက်သာနဲ့ စမတ်ကျလှသည် ။
နီးကပ်လာလေ ပိုထင်ရှားလာတဲ့ ပုံရိပ်လေးမှာ အသားအရည်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ပြေပြေလေးရယ် ပန်းရောင်နုတ်ခမ်းပါးပါးရယ် ။ သူ့အကြိုက် အလှပဂေးလေးပါလား ။ ထင်မထားဘူး အလတ်ရယ် ။ မင်းက လှလိုက်တာ ။
"မင်္ဂလာပါ...ဘယ်အချိန်က ရောက်လဲ..."
ကြည်လင်ချိုသာတဲ့ အသံအေးအေးက တည်ငြိမ်စွာ သူ့ကိုကြိုသည် ။
"မနက်အစောကြီးကရောက်တယ်..."
ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပေမဲ့ သူမမျက်နှာဆီက အကြည့်မရွေ့မိသေးတဲ့ သူ့စိတ်ထဲမှာ သူ့ရှေ့က အမျိုးသမီးနဲ့ ပတ်သက်ပြီး စိမ်းသက်မှုကို စတင်ခံစားရသည် ။ အလတ် ။ သူ့ရဲ့ ခင်မင်းလတ်က လိုင်းပေါ်မှာဆို နွေးထွေးနူးညံ့တဲ့ စကားတွေနဲ့ သူ့စိတ်ကို ဖမ်းစားတတ်ပေမဲ့ ခုတော့ စတွေ့စမို့လားမသိ သူမဘက်ကလည်း အနေတည် စိမ်းသက်နေသယောင် ။ သူစိတ်ထင်နေလို့များလား ။
"ဘယ်လိုလဲ ရန်ကုန်သူ.... မြို့လေးရဲ့ ဆောင်းက တော်တော်မှ အေးရဲ့လား... "
"အေးမအေးတော့ မသိဘူး....နေ့လယ်ဘက်တောင် အနွေးထည် သုံးထပ်နဲ့လေ ...ညရောက်မှာတောင် ကြောက်နေပြီ..."
ဘာရယ်မဟုတ် ရယ်မောလိုက်ကြပေမဲ့ သူတို့ကြားမှာ ဆောင်းလေကြမ်းက တရစပ် ဝင်တိုးနေသလို အေးစက်နေမှုကြီးက သိသိသာသာ။ ဘာလို့ပါလိမ့် ။ စာရေးပြောတဲ့ စကားလုံးတွေမှာတောင် ရှက်ရိပ်သမ်းနေတတ်တဲ့ သူ့ အလတ်က ခု သူ့ရှေ့မှာ ထိုင်နေပုံ စကားပြောနေပုံကသိပ်ကို တည်ငြိမ်လွန်းနေသည် ။
အတွင်းစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရလို့ ကျောမလုံဖြစ်ပြီးဆိုင်ထဲကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်မိသည် ။သူက အလင်းထဲကနေ လှမ်းကြည့်လို့လားမသိ ။ ဆိုင်အတွင်းထဲမှာ အနည်းငယ်မှောင်ရိပ်သမ်းနေလို့ မြင်ကွင်းကမသဲကွဲ ။ လူရိပ်တချို့တော့ တွေ့သည် ။ စိတ်ထင်လို့ နေမှာပါလေဟုတွေးပြီး အကြည့်ကို သူ့ ရှေ့သို့ပြန်ပို့လိုက်သည် ။
"နိုင်နိုင်... နှပ်ကော်ဖီနဲ့ ရှမ်းခေါက်ဆွဲမှာထားပေးတယ်...အဆင်မပြေ
ရင်ပြောင်းမှာလို့ ရတယ်နော်"
"အာ...ရတယ်...ကိုယ့်အကြိုက်ပဲ....မင်းက မှတ်ညဏ်ကောင်းတာဘဲ..."
ပြုံးလိုက်တဲ့အခါ ပေါ်လာတဲ့ နုတ်ခမ်းဘေးက အချိုင့်လေးထံမှာ သူ့စိတ်က တခဏမျှ ချိတ်တွယ်နေသည် ။လိုင်းပေါ်ကနေ စကားတွေ ပြောနေတုန်းကလို ရင်းနှီးမနေတာတော့ သူ့စိတ်ထဲ ထူးဆန်းနေသည် ။
"ကိုယ်....မင်းအတွက် လက်ဆောင်ယူလာပေးတယ်..."
သူ လွယ်လာတဲ့ အိတ်ထဲက အထုပ်လေးကို ထုတ်ပေးလိုက်တော့ လှမ်းယူပြီး သူမဘေးက ခုံပေါ် တင်လိုက်သည် ။ လက်ဆောင်ပေးလို့ ဝမ်းသာ အံ့သြသွားတာ အားတုန့်အားနာ အနေခက်သွားတာမရှိ ။ သာမန်ကာလျှံကာပင် ။ သူ့စိတ်ထဲမှာ သံသယတို့ တစထက်တစ ကြီးထွားလာပြီး တစ်စုံတစ်ယောက်က စိုက်ကြည့်ခံနေရတာသေချာနေတဲ့ အနေခက်မှုကလည်း စိတ်ထဲပိုတိုးလာနေသည် ။
အစားအသောက်တွေ ရောက်လာတဲ့ အထိ ရောက်တတ်ရာရာတွေ ပြောနေမိကြပေမဲ့ သူ့စိတ်ထဲမှာ သူမကို စိမ်းသက်နေမှုက လျော့မသွား။ ကိုယ့်ချစ်သူလို့ ခေါ်ရမှာ နုတ်တွန့်နေပြီး မင်းနဲ့ ကိုယ်လို့သာ ပြောနေမိသည် ။ သူသိတဲ့အလတ်မဟုတ်သလိုဘဲ ။ သူ့ရှေ့ကအမျိုးသမီးက သိပ်ကို တည်ငြိမ်လွန်းနေတယ် ။
"ကျွန်မကို အပြင်မှာ တွေ့ရတော့ ဘယ်လိုခံစားရလဲ နိုင်နိုင်..."
"ကိုယ်ထင်ထားတာထက် မင်းက ပိုလှနေတယ်...ဒါပေမဲ့ အမှန်အတိုင်းပြောရင် မင်း စိတ်မဆိုးနဲ့နော်...''
ပြောပါဆိုပြီး မေးဆတ်ပြတဲ့ပုံစံက အထာကျ ကြည့်ကောင်းနေသည် ။
"ခုမှ စတွေ့လို့လားမသိဘူး...မင်းကို စိတ်ထဲမှာ အရမ်းစိမ်းနေတယ်...မင်းနဲ့ ကိုယ်နဲ့ဖုန်း လည်း ခဏခဏပြောဖူးတယ်...
စာရိုက်ပြီးလည်း စကားတွေ အများကြီး ပြောနေကြတာ ...ဒါပေမဲ့ မင်းနဲ့အပြင်မှာတွေ့ရတော့ ခုမင်း စကားပြောနေပုံကိုက ကိုယ်သိတဲ့ အလတ်မလေး ဟုတ်မနေဘူး ...."
ရယ်သံလွင်လွင်က သဘောကျစရာ ။ နုတ်ခမ်းဘေးက အချိုင့်လေးကို ရင်ခုန်ခြင်း ကင်းမဲ့စွာ သူငေးနေမိပြန်သည် ။
"ရန်ကုန်သူကိုလျော့တွက်လို့ မရဘူးဘဲ...ပါးနပ်ပြီး လူကဲခတ်တော်လိုက်တာ ....ရှင် ထင်တဲ့ အတိုင်းပါပဲ ကျွန်မက အလတ်ဆိုတဲ့ ခင်မင်းလတ် မဟုတ်ပါဘူး..."
လူကထိုင်ခုံမှာ ထိုင်နေပေမဲ့ သူ့စိတ်ထဲမှာတော့ တကိုယ်လုံးလေထဲ မြောက်တက်သွားသလို ခံစား လိုက်ရသည် ။သက်တောင့်သက်သာပုံစံနဲ့ ခပ်လျော့လျော့ထိုင်နေရာက လူက သတိအနေအထားနဲ့ မတ်ခနဲဖြစ်သွားသည်။
''ဟင်....အလတ်...ခင်မင်းလတ် မဟုတ်ဘူးဆိုတော့ မင်း....မင်းက ဘယ်သူလဲ...."
သူ့ရှေ့ကအမျိုးသမီးက သူ့ကိုကြည့်နေရာက ဆိုင်အတွင်းထဲကို မျက်ဝန်းအကြည့် တစ်ချက်ရွေ့လိုက်သည် ။ ပြီးတော့ တည်တည်ငြိမ်ငြိမ်ပြုံးပြီး ပြတ်သားသော လေသံနဲ့ စကားတွေကို တစ်လုံးချင်း ပြောသည် ။
"ကျွန်မ နာ မည် အိ အိ အောင်... ခင် မင်း လတ် ရဲ့ တစ် ဦး တည်း သော သူ ငယ် ချင်း...''
" ဟင်...ဒါဆို သူ...သူ ကရော...ခင်မင်းလတ်ကရော''
'' သူ ကိုယ်တိုင် လာမတွေ့ရဲလို့ သူ့ကိုယ်စား
သွားတွေ့ပေးပါ အကူအညီတောင်းလို့ ကျွန်မ လာတွေ့တာ ...ရှင်က လူကဲခတ် သိပ်တော်လို့အစောကြီးပေါ်သွားတာ...
မဟုတ်လည်း စားသောက်ပြီးရင် ကျွန်မက အလတ် မဟုတ်ဘူးဆိုတာ ပြောပြမလို့ပါဘဲ....''
ရှက်စိတ်၊ မခံချင်စိတ် ၊ ဒေါသစိတ်တို့ကြောင့် သူ့တကိုယ်လုံးတဆတ်ဆတ်တုန်လာသည် ။ လိမ်ရဲတယ်ပေါ့ ။ မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့ အလတ်မ ။ ထိုင်နေရာက ဝုန်းခနဲ ထရပ်ပြီး သူ ဆိုင်အပြင်သို့ ပြေးထွက်လာခဲ့သည် ။ စိမ်းသက်နေတဲ့ လမ်းမက သူ့ဆီးကြိုနေသည် ။    ဒေါသကြောင့် ဆူဝေနေတဲ့ သူ့ မှတ်ညဏ်ထဲမှာ အလာတုန်းက သေချာမှတ်ခဲ့တဲ့ အိမ်ပြန်လမ်းက ပျောက်ဆုံးနေပြီ ။
''တမ်းတနိုင် ...စိတ်လျော့ပါ ...ကျွန်မတို့ ခဏလောက် စကားပြောကြရအောင်... ''
လက်ကောက်ဝတ်ကို လာဆုပ်ကိုင်တဲ့ လက်ကို အားနဲ့ ရုန်းပစ်လိုက်မိသည် ။ ဒေါသနဲ့ အရှက်သည်းမှုကသာ သူ့စိတ်ကို ဖိစီးထားသည် ။ မင်း လုပ်ရက်တယ် အလတ်မရယ် ။ ငါ့ကိုမှ ။ တမ်းတနိုင်ဆိုတဲ့ငါ့ကိုမှ ။မင်းက လှည့်စားလိုက်တယ်ပေါ့ ။ လိမ်ရဲတယ်ပေါ့ ။
°~° °~° °~° °~° °~° °~° °~° °~°

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now