part...18

10.6K 793 111
                                    


အပိုင်း ၁၈
   ရှေ့ကရပ်သွားတဲ့ အိ ဆိုင်ကယ်နဲ့ မလှမ်းမကမ်းမှာ သူ့ကားလေးကို ရပ်လိုက်သည် ။ တလမ်းလုံး ဖျော့တော့နာကျင်နေတဲ့ မျက်နှာလေးနဲ့ လိုက်ပါလာတဲ့ အလတ်က အိမ်ရှေ့လည်းရောက်ရော သူမဟုတ်တော့သလို။ မျက်နှာ တည်တည်လေးနဲ့ သူ့ဆိုင်ထဲကို လှမ်းကြည့်ပြီး သက်ပြင်းလေး မသိမသာချလိုက်တာ သူမြင်လိုက်ရသည် ။ အလတ်ကတော့ မသိမသာ သာ ။ ကားမောင်းရင်း သူမကို မကြာခဏ အကဲခတ်နေမိတဲ့ သူ့အတွက်ကတော့ သိသိသာသာပင် ။
    ''လတ်လေး...ကိုယ်ခါးပတ်ဖြုတ်ပေးမယ်...ခဏ ကိုယ့်ကိုကြည့်...´´
     လှည့်ကြည့်လာတဲ့ မျက်ဝန်းရိပ်မှာ စကားလုံးတွေ အများကြီး ပြည့်သိပ်လို့ ။ မခွဲချင်သေးပါ ဆိုတဲ့ စကားလုံး အရိပ်ကလွဲလို့ တခြားအရိပ်တွေကို သူ အဓိပ္ပါယ်ဖော်မကြည့်ချင် ။
''သေသေချာချာမှတ်ထားနော် အလတ်လေး...ဘာအခက်အခဲရှိရှိ ကိုယ့်ကိုပြော...ဘာတွေခံစား နေရလဲ ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်...ခုက မင်းဘေးမှာ မအိအပြင် ကိုယ်ရှိတယ် ...မင်းတစ်ယောက်တည်းမဟုတ်ဘူး ...မင်းဘေးမှာ အလတ်ကလေးရဲ့ ဘက်မှာ ကိုယ်အမြဲရှိတယ်...ကြားလား...တစ်ယောက်တည်း မြိုသိပ်ခံစားနေစရာ မလိုဘူးနော်...´´
      မျက်ရည်ရိပ် ဝေ့ခနဲ သမ်းသွားပေမဲ့ ချက်ခြင်း ထိန်းချုပ်လိုက်ပြီး သူ့ကို ကြည်ကြည်စင်စင် ပြုံးပြသည် ။
'' ဟုတ်ကဲ့ပါ...လတ် ဘာဘဲဖြစ်ဖြစ် နိုင်နိုင့်ကို ပြောပါ့မယ်...အဲ့ဒါကြောင့် အရမ်းစိတ်မပူနဲ့... ညကျရင် လတ် ဖုန်းဆက်မယ်နော်...စိတ်ချလက်ချပြန်...ပြီးတော့ အလုပ်ကြိုးစား...နိုင်နိုင် လုပ်နေတဲ့ အလုပ်က လတ် တို့အလုပ်လို ပေါ့ပေါ့ပါးပါးမဟုတ်ဘူးလေ...အမှားခံလို့ မရဘူးမဟုတ်လား...လတ်လေ...အမှန်အတိုင်း ဝန်ခံရရင် နိုင်နိုင် ဒီလောက်ထိ ချမ်းသာလိမ့်မယ်လို့ ထင်ကိုထင်မထားတာပါ...နိုင်က အရမ်းချမ်းသာတော့ သူများတွေ လတ်ကို ကဲ့ရဲ့ကြမှာကြောက်တယ်...´´
     သူ က သူမကို ခါးပတ်ဖြုတ်ပေးနေရင်း အနီးကပ်မြင်နေရတဲ့   ပါးဖောင်းဖောင်းလေးကို အသည်းယားစွာ လှမ်းပြီး ဖျစ်ညှစ်လိုက်မိသည် ။
'' အဲ့ဒီအတွက်တော့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ လတ်ကလေးရဲ့...ပတ်ဝန်းကျင်ဆိုတာကတော့ ဘယ်သူ့ကို ဘာပြောရမလဲဘဲ မျက်စိဒေါက်ထောက်နေတတ်တဲ့ အမျိုးမဟုတ်လား...ကိုယ့်လျောက်လမ်းက မှန်နေရင် ဖြောင့်နေရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူးလေ...အဲ့ဒါတွေ လိုက်တွေးပူနေမဲ့ အစား ကိုယ့်ကို တစ်စက္ကန့်ထက် တစ်စက္ကန့် ဘယ်လိုပိုပြီး ချစ်ရမလဲတွေးနေ ဟုတ်ပြီလား...´´

    သူ့စကားကြောင့် သူမ သဘောတကျရယ်နေတုန်း သူမထိုင်နေတဲ့ဘက်ခြမ်းက ကားမှန်ခေါက်သံ ထွက်လာသည် ။ သူ ကားပေါ်က အရင်ဆင်းပြီး မအိနဲ့အတူ သူမကို တွဲခေါ် ပြီး ဆိုင်ထဲဝင်လာခဲ့သည် ။
''ဟဲ့အလတ်မ... အပြင်တစ်ခါထွက်ရင် စူဠလိပ်ရေထဲလွှတ်...တော်တော်နဲ့ ပြန်ပေါ်မလာတော့ဘူး...နေပါဦး ထော့နဲ့ထော့နဲ့ နဲ့ ...ဘာဖြစ်လာတာတုန်း...´´
အမေဖြစ်သူရဲ့ ဆီးကြိုစကားမှာ သူမမျက်နှာလေး ငယ်ကျသွားတာ မြင်တော့ သူစိတ်မကောင်း ။ သူ့ကြောင့်ရယ်လို့ အပြစ်တင်စိတ်က သူ့မဆင်မခြင်လုပ်ရပ်ကို နောင်တရစေပြန်သည် ။
'' အိကြောင့်အန်တီရေ ...လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်လို့ သူဆိုင်ကယ်ပေါ်က ပြုတ်ကျတာ...ခြေထောက်ကော လက်ကော တော်တော်နာသွားတယ်...´´
''ဟဲ့...တော်တော်များသလား အလတ်...ဘယ်တွေနာသွားလဲ ပြစမ်းအမေ့ကို...´´
ဆူပူနေရာက ချက်ခြင်းကို စိုးရိမ်ပူပန်ရိပ်တွေ လွှမ်းသွားတဲ့ သူမအမေရဲ့ မျက်နှာကို သူ မသိမသာ အကဲခတ်နေမိသည်။
''အရမ်းမများပါဘူးမေမေ...ဒူးနည်းနည်းနာပြီး လက်က သေးသေးလေး ပွန်းသွားတာပါ...အကွေ့ဆိုတော့ အရှိန်သိပ်မများလို့ တော်သေးတယ်မေမေရဲ့...ခဏ နားလိုက်ရင် ကောင်းသွားမှာပါ... ´´
'' ဟဲ့...ပေါ့ပေါ့မပြောနဲ့ အလတ်မ...လမ်းလျောက်ဖို့ ခက်နေတာမလား ... တော်တော်နာနေလို့ပေါ့...ဆေးခန်းမပြခဲ့ဘူးလား...´´
''အာ...အဲ့လောက်မဖြစ်ပါဘူးမေမေရဲ့...ဖြစ်စခဏမို့...ဆေးလိမ်းလိုက်ရင် ရပြီ...စိတ်မပူပါနဲ့ မေမေရဲ့...´´
'' ဘာမှမဖြစ်ဘူး ပြောနေပြီဘဲ...မေမေကလည်း...အလတ်မ နင်ကလည်းအမြဲ အရာရာနဲ့အကြောင်းကြောင်း...ငါ့မှာ ကျောင်းပိတ်ရက်လေး အိမ်မှာ အနားရမလား မှတ်ပါတယ်... ကလေးဝေယျာ ဝစ္စကတစ်ဘက် အိမ်မှုကိစ္စကတစ်ဘက်...တစ်နေကုန် ခုထိထိုင်တောင် မထိုင်ရသေးဘူး...လုပ်စရာတွေက တောင်လိုပုံနေတာ ....နင်ကလျှောက်လည်ပြီး အချောင်ခိုနေတယ်...အဝတ်လဲပြီး မြန်မြန်ပြန်ဆင်းလာခဲ့...´´
    အိမ်နောက်ဘက်က ထွက်လာပြီး ပြောလိုက်တဲ့ သူမ အစ်မရဲ့ စကားကြောင့် သူ နဲ့ မအိ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည် ။
''ဟဲ့ ...သမီး...မမရေ ...ထားလိုက်ပါ...သွားနားသွား ...မေမေလုပ်ပါ့မယ်...´´

''မေမေကပြောလိုက်ရင် အဲ့လိုဘဲ...အလတ်မကိုဆို အထိကိုမခံဘူး...တနေကုန်လုပ်နေတာ မေမေလည်းပင်ပန်းနေပြီ...သူက ခုမှအေးအေးဆေးဆေးလည်ပြီးပြန်လာတာ သူဆက်လုပ်ပါစေ...သွားအဝတ်လဲပြီး ကျန်တာတွေ လာလုပ်တော့...´´
     အလတ်ရဲ့ မျက်နှာကို သူမကြည့်နိုင်တော့ ။ မြင်လည်းမမြင်တော့ ။ ဒေါသစိတ်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည် ။ ကျစ်ကျစ်ဆုပ်လိုက်တဲ့ လက်သီးဆုပ်တွေက တဆတ်ဆတ်တုန်ခါလို့ ။
     သူ ဒီလိုပုံစံမျိုးကို မကြာခဏ မြင်ဖူးပါသည် ။ ရေငုံနုတ်ပိတ် ခေါင်းငုံခံနိုင်လွန်းတဲ့ သူ့ကောင်မလေးကိုလည်း ဒေါသဖြစ်ရသည် ။ ကရုဏာ ဒေါသ။ အရင်ကတော့ သူဝင်ပြောခွင့်မရှိ။ သူနဲ့ မသက်ဆိုင်သေးလို့ ။ အခုက အလတ်က သူ့ချစ်သူဖြစ်နေပြီ ။ ဘာဘဲဖြစ်ဖြစ် သူမကိုစိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာအရပါ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် သူ့မှာအပြည့်ရှိနေပြီ။ သူ တစ်ခုခုဝင်ပြောဖို့ ပြင်လိုက်စဉ် သူ့လက်ကို လက်တစ်ဖက်က လာရောက်ဆုပ်ကိုင်သည် ။ ကြည့်လိုက်တော့ မအိ။ သူ့စိတ်ကို နား လည်နေဟန်နဲ့ သူ့ကိုစိုက်ကြည့်ပြီး မသိမသာ ခေါင်းခါပြသည် ။
''ဟုတ်ကဲ့ပါ မမ...လတ်က တစ်နေကုန်လည်ပြီး ခုမှပြန်လာတာ မှန်ပါတယ်...အိမ်အလုပ်တွေကို ထားခဲ့တာလည်း မှန်ပါတယ်...ဒါပေမဲ့ ဒီနေ့တစ်ရက်တည်းပါ...မမ ခုလုပ်နေတာတွေက လတ်နဲ့မေမေနေ့တိုင်း လုပ်နေတွေပါ...ကလေးကလည်း မမ ကလေးသာပြောတာ လတ်နဲ့ မေမေ့လက်ထဲဘဲ ကြီးလာတာ....မမက ပိတ်ရက်လေး မနားရဘူးပြောနေတာ...လတ်နဲ့ မေမေ့မှာက ပိတ်ရက်ရယ်လို့ကို မရှိခဲ့ဘူး...ခုက လတ်တကယ် လမ်းလျောက်ရခက်ပြီး နေမကောင်းဖြစ်ချင်နေလို့ပါ...မမတို့ ဝန်ထမ်းစကားနဲ့ ပြောရရင် လတ်အခု လုပ်သက်ခွင့်ယူတယ်လို့ သဘော ထားပေးပါ ...နေကောင်းရင် တစ်စက္ကန့်လေးတောင် အချောင်ခိုမနေဘူး ...လတ် ပြန်လုပ်မှာပါ...ခုတော့ နားလိုက်ဦးမယ်... ´´
    တိုးညှင်းပေမဲ့ ပြတ်သားပြီး မာကျောနေတဲ့လေသံနဲ့ ချက်ကျလက်ကျပြောပြီး သူမကိုဘေးကနေတွဲထားတဲ့ သူမအမေလက်ကို အသာအယာဖယ်ဖြုတ်ချကာ ထော့နဲ့ထော့နဲ့ ခြေလှမ်းတွေနဲ့ အပေါ်ထပ်ကို တဖြည်းဖြည်း အားယူပြီး တက်သွားတဲ့ သူ့အလတ်ကလေး ။
''ကြည့်စမ်း...ကြည့်စမ်း ...ငါ့ကိုများ တစ်ခွန်းမခံ ပြောသွားလိုက်တာ...နင် အားကိုးတွေ့နေတယ်ပေါ့...သိပ်သတ္တိရှိနေတယ်ပေါ့ဟုတ်လား...မေမေ...မေမေ ပစားပေးထားလို့ ဘယ်လိုမာန်တက်နေလည်း တွေ့လား...ပြောထားနော်...ပြီးမှ မမကို အဆိုးမဆိုနဲ့...´´
''အေးပါအေးပါသမီးရယ်...သွားနားသွား...
မေမေဒီမှာ အိအိတို့ကို ဧည့်ခံလိုက်ဦးမယ်...ကျန်တာမေမေလုပ်မယ် ထားခဲ့သမီး...´´

     သူတို့ဘက်ကို ပေစောင်းစောင်း တစ် ချက်ကြည့်ပြီး တောက် ပြင်းပြင်းခေါက်ကာ လှည့်ထွက်သွားတဲ့ ထိုအစ်မကို သူအံ့သြမိသည် ။ ဒါလား ကျူတာ ။
''အန်တီ..သမီးတို့လည်း ပြန်လိုက်ပါဦးမယ်ရှင့်...ဒါက သမီး သူငယ်ချင်း တမ်းတနိုင်တဲ့ ...လမ်းမှာတွေ့လို့ သူ့ကားနဲ့ အလတ်ကိုပြန်ပို့ပေးတာ...သူလည်းအလုပ်လေးရှိသေးလို ...ခွင့်ပြုပါဦးရှင့်...´´
     သူ့ကို ကြည့်ပြီး ပြုံးပြလာတဲ့ အလတ်မေမေရဲ့ မျက်ဝန်းမှာ ရင်းနှီးနွေးထွေးရိပ်တွေ ပြည့်သိပ်လို့။ နေ့တိုင်းလာနေတဲ့ ဖောက်သည်ကြီးဆိုတော့ မျက်နှာကို ရင်းနှီးနေပါ လိမ့်မည် ။
သူမအမေကို နှုတ်ဆက်လှည့်ထွက်လိုက်တာနဲ့ သူ့ရင်ထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တစ်ခု ကျသွားသည် ။
အလတ်လေးရေ ။ ဒီအိမ်မှာ မင်းကို ကိုယ် အကြာကြီး မထားတော့ဘူး ။ ကိုယ့်အရိပ်မှာ မင်းကို ဘုရင်မ တစ်ပါးလို ထားမယ် ။ ခဏစောင့်ပါ ။ မင်း မေမေနဲ့ ကိုယ် ရင်းနှီးလာတဲ့ အထိ ။ ခဏလေးဘဲစောင့် ။လူက အပြင်ပြန်ထွက်လာပေမဲ့ စိတ်ကတော့ အိမ်အပေါ်ထပ်တက်သွားတဲ့ အလတ်ကလေးနောက် ကပ်ငြိပါသွားလေသည် ။
     လူတစ်ယောက်ကို စိတ်အတွင်းထဲကနေ လိုလိုလားလား ချစ်မိသွားတဲ့အခါ နှလုံးသားက ချစ်ပြီးရင်း ချစ်နေဖို့ဆိုတဲ့ တာဝန်ကို ထမ်းဆောင်နေချိန်မှာ ဦးဏှောက်ကတော့ ကိုယ့်ချစ်သူရဲ့ ဘဝရှေ့ရေးအတွက် နေပျော်စရာ ဘဝလှလှလေး ပိုင်ဆိုင်စေဖို့ အချိန်နဲ့အမျှ ကြိုးစားဖို့ ကိုယ့်စိတ်ကိုသတိပေးနေတတ်တယ်။ ဦးဏှောက်ကော နှလုံးသားကော တပြိုင်တည်း အလုပ်လုပ်တဲ့ ချစ်ခြင်းက ရေရှည်တည်မြဲပြီး သာယာလှပတဲ့ ဘဝလေးကို ပိုင်ဆိုင်စေသတဲ့ ။
        မင်းကို နေချင့်စဖွယ် သာယာလှပတဲ့ ဘဝလေးတစ်ခု ကိုယ်ဖန်တီးပေးမယ် အလတ်လေး။
~××~    ~××~    ~××~    ~××~    ~××~~××~   
အချစ်က တကယ်ကို ဆန်းကြယ်တယ် ။ တစ်ချိန်တုန်းက သူ မနှစ်သက်တဲ့ ပုံစံမျိုးနဲ့ ပေးထားတဲ့ နာမည်တစ်လုံးကြောင့် အမြင်ကပ်စွာ သွားပတ်သက်ခဲ့သူဟာ တစ်ချိန်မှာ သူ နင့်နင့်သီးသီး ချစ်မြတ်နိုးရသူ ဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ ။
    ခုတော့ သူ အသစ်ဖွင့်လိုက်တဲ့ အကောင့်ရဲ့ name ကိုကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးလိုက်မိပါသည် ။
အလတ်မလေးရဲ့ ချစ်သူ ။
ကိုယ်ချစ်တဲ့သူရဲ့ နာမည်အရိပ်အောက်မှာ ခိုလှုံရတာ ဘယ်လောက်ထိ ကြည်နူးစရာကောင်းလဲ ခုတော့သူသိပြီ ။

     အခုအသစ်ဖွင့်လိုက်တဲ့ အကောင့်ကို သူတိုနှစ်ယောက်အတူတူသုံးမည် ။ ချစ်သူတွေအဖြစ် နှစ်ဦးနှစ်ဦး အပြန်အလှန် အသိအမှတ်ပြုခဲ့ကြတဲ့နေ့မှာ အမှတ်တရအဖြစ် ဖွင့်လိုက်တဲ့ အကောင့်လေးကို သူကြည်နူးစွာ ကြည့်နေမိသည် ။ သူတိုရဲ့ ရှေ့အနာဂတ်မှာ ကြုံလာမဲ့ အမှတ်တရတွေကို ဒီအကောင့်လေးထဲ သိမ်းထားမည် ။ တစ်ယောက်ကိုတစ်ယောက် စိတ်အခန့်မသင့် မကျေနပ်တဲ့အခါ ၊တစ်ယောက်ကိုတစ်ယောက် နှုတ်ကနေ ဖွင့်မပြောချင်တဲ့ စကားတွေရှိလာတဲ့အခါ only me နဲ့ ရင်ဖွင့်ကြမည် ။ ပြီးတော့ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေမှာ အပြန်အလှန် ဆုတောင်းစကားလေးတွေ ရေးကြမည် ။  တစ်ယောက်နဲ့ တစ်ယောက် ကျီစယ် စနောက်တဲ့ ပို့စ်လေးတွေ တင်ကြမည် ။ ဒီအကောင့်လေးထဲမှာ သူတို့ကို အပြင်မှာသိတဲ့လူတစ်ချို့နဲ့ သူတို့ရဲ့ ချစ်ခြင်းကို လက်ခံတဲ့ fri တစ်ချို့သာထားမည် ။
      အလတ်မလေးရေ ။ အလတ်မလေးရဲ့ချစ်သူ စိတ်ကူးက ဘယ်လောက်လှသလဲ ။ သူဒီအကြောင်းတွေကို သူ့ချစ်သူကို ပြောပြရဦးမည် ။ ပြီးတော့ အကောင့် pw လည်း သူမကို ပေးရပါဦးမည် ။ ညကျရင် ဖုန်းဆက်မယ်နော်ဆိုတဲ့ သူ့ချစ်သူက ခုထိမဆက်လာသေး ။ သူမဆီက ဖုန်းမျှော်နေရင်း ဆယ်နာရီထိုးခါနီးမှ သူသတိရတော့သည် ။ သူ့ဖုန်းနံပါတ်အသစ်ကို သူမ မှမသိတာ ။
  သူတွေဝေမနေတော့ဘဲ ညနေက မအိ သူ့ကို သတိတရပေးသွားတဲ့ ဖုန်းနံပါတ်လေးကို ခေါ်လိုက်သည် ။ သူ့ဇောနဲ့သူ မေ့နေပေမဲ့ မအိကသတိတရ အလတ်ဖုန်းနံပါတ် မှတ်လိုက်ဦး ဆိုပြီး ပေးသွားတာပါ ။ မအိက သူတို့အတွက်တော့ တကဲ့ကို မိတ်ဆွေကောင်း ပီသပါပေသည် ။
''ဟဲလို...ခင်မင်းလတ်ပါ....´´
    မအိအကြောင်းတွေးနေရာက နားနားကပ်ထားတဲ့ ဖုန်းဆီက ထူးသံကြောင့် သူ့မျက်နှာမှာ အပြုံးတို့ဖြစ်ထွန်းသည် ။ ဖုန်းထူးသံလေးကအစ ဘာလို့ ချစ်ဖို့ကောင်းရသလဲ  ကောင်မလေးရေ ။
''အလတ်ကလေး...ကိုယ်ပါ...´´
''ဟင်...နိုင်နိုင်လား...လတ်လေ နိုင်နိုင့်ကိုသတိရနေတာ ...ဖုန်းခေါ်မလို့ဟာ နံပါတ်မသိလို့ ...ခုလေးဘဲ လိုင်းဖွင့်ပြီး cb မှာ စာပို့ထားတယ် ...နိုင် မတွေ့ဘူးလား...´´
      သူမအသံကို နားထောင်နေရင်း သူ့စိတ်ထဲ တစ်မျိုးဖြစ်လာသည် ။
     ''အလတ်...အသံကတစ်မျိုးဖြစ်နေတယ်...ဖျားပြီလား...ဖျားနေပြီလားဟင်....´´
''မဖျားပါဘူး...ကိုယ် နည်းနည်းနွေးချင်နေတာ...´´

''ဟုတ်လို့လားလတ်ရယ်...´´
''ဟုတ်တယ်...တကယ်...မေမေခုဘဲ ဆေးလာတိုက်သွားတာ...´´
''လမ်းမလျောက်နိုင်တော့ဘူးမလား....
အဆင်ကောပြေရဲ့လား အိမ်မှာ...´´
''ဟုတ်...လမ်းကလျောက်နိုင်ပါတယ်...မေမေက စိတ်ပူလို့ အောက်ထပ်မဆင်းခိုင်သေးတာ...လှေကားက
နေ ပြုတ်ကျမစိုးလို့တဲ့...ငယ်လေးလည်း ရှိနေတယ်လေ...မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့ ငယ်လေးဆိုင်ထိုင်ပေးမှာ...နိုင် စိတ်မပူနဲ့နော်...လတ် အဆင်ပြေတယ်သိလား...´´
    သူမက အဆင်ပြေတယ် အော်နေပေမဲ့ သူ့စိတ်က အဆင်ပြေမနေ။ ခုချက်ခြင်းပြေးသွားချင်စိတ်ကို မနည်းထိန်းချုပ်နေရသည် ။ သူ့အတွက် ထိုတစ်ညသည် မိုးလင်းဖို့ အကြာရှည်ဆုံးသော ညတစ်ည ဖြစ်ခဲ့လေသည် ။
    ~   ~   ~  ~   ~    ~   ~   ~  ~   ~    ~   ~   ~  ~  
''ညီမလေး...အစ်မ အလတ်နဲ့ တွေ့ချင်လို့ပါ...´´
       ကောင်တာထိုင်နေတဲ့ ငယ်လေးက စာရင်းတွက်နေရာက မော့ကြည့်ပြီး သူ့ကိုမြင်တော့ ပြုံးပြသည် ။
''နောက်ကျနေပါလား...ငယ်လေးက အ စောကြီးလာမယ် ထင်ထားတာ...´´
     ငယ်လေးမျက်နှာ ကြည့်ရတာ အကြောင်းစုံ သိပြီးပုံပေါ်သည် ။ ပြုံးစစ နဲ့ ။ စချင်နောက်ချင်နေတဲ့ ရုပ်လေးနဲ့ ။ သူ နာရီကို မော့ကြည့်တော့ နာရီလက်တံတွေက မနက်ရှစ်နာရီကို ညွှန်ပြနေသည် ။
''ရောက်တာတော့ မနက်ခြောက်နာရီကတည်းက ရောက်နေတာ ညီမလေးရဲ့ ...ကော်ဖီဆိုင် တံခါးဖွင့်ဖွင့်ချင်း ဝင်ထိုင်နေတာ...အစောကြီး လာရမှာ အားနာလို့....ကော်ဖီဆိုင်နဲ့ ကားထဲနဲ့ လှည့်ထိုင်နေတာ...လတ်က...အဲ့ အလတ်ကော....ဖျားနေပြီလား ...မထနိုင်ဘူးလား... ´´
''  မလတ်က မနေ့ညက တစ်ညလုံး ဖျားနေတာ ...မေမေပြောတာ လန့်ဖျားဖျားသွားတာထင်တယ်တဲ့... မိုးလင်းခါနီးမှ အဖျားကျသွားတာ...မေမေဆိုခုထိ တရေးမှ မအိပ်ရသေးဘူး.....လာ ငယ်လေးလိုက်ပို့ပေးမယ်...မမနိုင်တို့အကြောင်း မလတ်ပြောပြလို့ ငယ်လေးအကုန်သိပြီးပြီ...မနေ့ညက မမနိုင်တို့ ဖုန်းပြောနေတော့ ငယ်လေးရှိနေတယ်လေ.. .. ´´
     သူတို့စကားပြောနေတုန်းအိမ်နောက်ဘက် မီးဖိုဆောင်ဆီက အိုးခွက်ပန်းကန် ပြုတ်ကျသံတွေ ကျယ်လောင်စွာ ကြားလိုက်ရသည် ။ ငယ်လေးက သူ့ကို တစ်ချက်ကြည့်ပြီး မျက်နှာလေး ကွက်ခနဲ ပျက်သွားကာ သူ့လက်ကိုဆွဲပြီး အပေါ်ခေါ်တက်လာသည် ။
''မေမေရေ...ဒီမှာ မလတ်သူငယ်ချင်း...မလတ်ကို လာကြည့်တာတဲ့...´´
       သူမရဲ့ ခုတင်စွန်းမှာ ထိုင်နေတဲ့ သူမအမေက သူ့ကို လှည့်ကြည့်ပြုံးပြသည် ။
''လာ သမီး...သမီးသူငယ်ချင်းကတော့ တစ်ညလုံးဖျားပြီး ခုဂျီကျနေလေရဲ့...အစာကျွေးလည်းမစား...
ဆေးတိုက်လည်းမသောက်...လာပြောပါဦး...အိအိက ခုဘဲ ဖုန်းဆက်တယ်...လာနေပြီတဲ့...သမီးတို့ချော့ပြီး သူ့ကို ဆေးခန်းပို့ပေးကြပါကွယ်...´´
   သူမအမေရဲ့ စကားကို နားထောင်နေပေမဲ့ သူ့အကြည့်က ခုတင်ပေါ်က အရုပ်ကလေးဆီမှာသာ။ တစ်ညတည်းနဲ့ နွမ်းလျချောင်ကျသွားတဲ့ မျက်နှာလေးကို ကြင်နာစွာကြည့်နေမိသည် ။ သူ့ကြောင့်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကလည်း သူ့စိတ်ထဲ ပိုကြီးထွားလာနေသည် ။
''အိအိလည်း ရောက်တော့မှာဆိုတော့ သမီးတို့ စကားပြောနေကြဦး...အန်တီ မီးဖိုဆောင်ဝင်လိုက်ဦးမယ်...ငယ်လေးက ဆိုင်ကိုဒီတိုင်းထားခဲ့တာလား လာသမီး...´´
     သားအမိနှစ်ယောက် ဆင်းသွားတာကြည့်ပြီးမှ သူ ခုတင်ပေါ်မှာ တင်ပါးလွဲ ဝင်ထိုင်လိုက်သည် ။
''နိုင်...အစောကြီး...´´
''ကိုယ်မနက်ခြောက်နာရီကတည်းက ရောက်နေတာ...လတ်လေး ဖျားနေပြီပြောလို့ တညလုံး အိပ်မရဘူး...ကိုယ် မနက်အစောထပြီး ပူတင်းလုပ်လာပေးတယ်...စားလိုက်နော်...´´
       ပြောပြောဆိုဆိုနဲ့ သူ့ ကိုယ်ကိုကိုင်းပြီး သူမ နဖူးလေးနဲ့ သူ့ပါးကိုကပ်ကာ ကိုယ်ပူစမ်းကြည့်လိုက်သည် ။ ရုတ်တရက်ဆိုတော့ သူမကြောင်နေသည် ။
''အဖျားကျပြီသာ ပြောနေတာ ...ကိုယ်နွေးနေသေးတယ်...မရဘူး..မအိလာရင် ဆေးခန်းသွားမှရမယ်နော်...´´
''အား ...ဘာလုပ်တာလဲလို့ လန့်သွားတာဘဲ ...နိုင်နိုင်နော်...တစ်ယောက်ယောက် မြင်သွားမယ်လေ...´´
''ဟားဟား...အဖျားစမ်းတာပါဟ...လတ်က ဘာထင်သွားတာလဲ... ဘာလုပ်စေချင်လို့လဲ ...ပြောလေ...ကိုယ်ဖြည့်ဆည်းပေးမှာပေါ့...´´

''နိုင်နိုင်နော်...ဘယ်လိုဖြစ်နေတာလဲ...´´
''စတာပါကွာ...ကိုယ်လေ မနေ့ညကတည်းက လတ်ကို လာပြေးခေါ်ချင်တာ...နေမကောင်းတဲ့အချိန် ကိုယ်ဘေးမှာ ရှိနေပေးချင်တာ...´´
''နေမကောင်းမှ မဟုတ်ပါဘူးနိုင်နိုင်ရယ်...နိုင်က လတ်ဘေးမှာ အမြဲရှိပါတယ်...´´
''ဟင်...ဘယ်လို...´´
''ဟုတ်တယ်...နိုင်မမှတ်မိတော့ဘူးမလား...ဒီ ညအိပ်ဝတ်စုံလေးကို နိုင် လတ်ကို လာတွေ့တုန်းက လက်ဆောင်ဆိုပြီး အိကိုပေးခဲ့တာလေ...စာထဲမှာ အမြဲအတူရှိနေမယ်လို့ ရေးပေးလိုက်သေးတယ်လေ...မှတ်မိလား...´´
     ရေလျော်လွန်းလို့ အရောင်မှိန်စပြုနေသည့်ကာတွန်းရုပ် ညအိပ်အင်္ကျီလေးကို ကြည့်ပြီး သူစိတ်မကောင်းဖြစ်သွားသည် ။ သူမကို လက်ဆောင်ပေးဖို့ ဘာပေးရမယ်မှန်းမသိလို့ လာခါနီးမှ သူ့ဗီရိုထဲက တွေ့ရာကောက်ထည့်လာတဲ့ အင်္ကျီလေး။
သူအတွက်က အမှတ်တမဲ့ပေမဲ့ သူမအတွက်က အမှတ်တရ ဖြစ်ခဲ့လေသလား ။ သူ စိတ်မကောင်းစွာနဲ့ သူမကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်လိုက်သည် ။
  ''လတ်ရယ်...ကိုယ့်ကိုအဲ့လောက်ထိတောင် ချစ်သလားဟင်...ကိုယ် စိတ်မကောင်းလိုက်တာကွာ...ဒီအကြောင်း
တွေကို မသိဘဲ ကိုယ်က လတ်ကို အကြာကြီး ပစ်ထားမိတာ....စိတ်ချနော် အလတ်လေး...ကိုယ်မင်းကို အများကြီး ချစ်ပေးမယ်...မင်းကိုယ့်ကို ချစ်တာထက် အများကြီး ပိုချစ်ပေးပါ့မယ်...´´
      အခန်းအပြင်မှာ ရပ်နေသည့် အိ မျက်နှာမှာ အပြုံးရိပ်နဲ့အတူ မျက်ရည်များစီးကျနေသည် ။ သူ့ သူငယ်ချင်းလေး ဒီတစ်ခါတော့ ကံကောင်းပြီထင်ပါရဲ့ ။ အလတ် တစ်ခါက ပြောခဲ့ဖူးသလို သူများအပေါ် မိသားစုအပေါ် သိပ်ကောင်းပေးခဲ့လို့ သူ့အပေါ် ပြန်ကောင်းပေးမဲ့သူ ပေါ်လာတာ ဖြစ်မယ်လို့ တွေးနေမိသည် ။ အခန်းထဲက ကြည်နူးမှုလေး ပျောက်ပျက်သွားမှာစိုးလို့ အိ အခန်းအပြင်မှာသာ အတန်ကြာသည်အထိ ရပ်နေမိသည်

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now