အပိုင်း ...၆
''နိုင်နိုင်...ဒါကဘယ်လဲ...´´
အပြင်ထွက်ဖို့ ခြေလှမ်းပြင်တုန်း ကြားလိုက်ရတဲ့ အသံကြောင့် သူ့အကြည့်က အသံလာရာဆီသို့ ။ ဧည့်ခန်းထဲမှာ လက်ပိုက်ပြီး မိန့်မိန့်ကြီးထိုင်ကာ သူ့ကို ခပ်စူးစူးစိုက်ကြည့်နေတဲ့ မာမီ့ အကြည့်တွေကိုမြင်တော့ သူ့စိတ်ထဲ ရှုပ်ထွေးသွားရသည် ။
''အပြင်ခဏ သွားမလို့ပါမာမီ...မာမီ ဒီနေ့ အလုပ်မသွားဘူးလား ...´´
လေးပင်နေတဲ့ ခြေလှမ်းတွေကို ဧည့်ခန်းဆီသို့ ရွေ့လှမ်းလိုက်ရသည် ။ ဒီနေ့ ကံမကောင်းပါလားလို့ ရေရွတ်ရတော့မဲ့ပုံ ။ မာမီ့အကြည့်ကို မြင်လိုက်တာနဲ့ အခြေအနေမကောင်းဘူးဆိုတာ သူရိပ်မိနေပြီ ။ ပြီးတော့ အလုပ်ချိန်ကို လေးစားတဲ့ မာမီက ခုချိန်ထိ အိမ်မှာရှိနေသေးတာက သူ့ကို အမိဖမ်းဖို့ကလွဲလို့ တခြားဘာကြောင့်မှမဖြစ်နိုင် ။
သူကလည်းသူ ။ သူ့ကို မုန့်ဖိုးဖြတ်လိုက်ကတည်းက မာမီနဲ့ မျက်နှာခြင်းမဆိုင်မိအောင် အတတ်နိုင်ဆုံး ရှောင်နေခဲ့သည် ။ မနက်ဆို မာမီ အလုပ်သွားပြီးချိန်မှ အိပ်ရာထပြီး ညဘက်တွေဆို မာမီပြန်မလာခင် အခန်းအောင်းနေခဲ့ပြီ ။သူ night out ထွက်တဲ့နေ့ဆိုရင်တော့ မာမီမသိအောင် ဖုံးဖိလိမ်ညာပေးဖို့က သူ့ကိုချစ်ပြီး ပြောမနိုင်တဲ့ ဒေါ်ကြီးတာဝန် ။
''မာမီက အမြဲအလုပ်လုပ်နေတဲ့သူလေ နိုင်နိုင်...တစ်ရက်တလေ အလုပ်နောက်ကျတာက ကိစ္စမရှိပါဘူး...ခုလိုမှ စောင့်မဖမ်းရင် သမီးကို ဖမ်းမိဖို့မှ မလွယ်တာ...ကဲ ပြောစမ်းပါဦး...ဘာအလုပ်တွေလုပ်ဖို့ ကြံစည်နေလို့ ဒီလောက်တောင် လမ်းများနေရတာလဲ... ´´
''မာမီကလဲ...နိုင်မှအလုပ်မလုပ်ချင်သေးတာ...´´
''အလုပ်သာ မလုပ်ချင်တာ သုံးလိုက်တဲ့ ပိုက်ဆံဆိုတာ... ကဲ ပြောပါဦး...ဒက်ဒီ သင်္ဘောကမ်းကပ်ပြီ ကြားတာနဲ့ တောင်းထားတဲ့ မုန့်ဖိုးတွေ အကြောင်း...ဘဏ် စာရင်းလက်ကျန်အကြောင်း...မာမီဝယ်ပေးထားတဲ့ လက်စွပ်တွေ ဆွဲကြိုးတွေ မဝတ်ဖြစ်တော့တဲ့ အကြောင်းလေး... ´´
မာမီ့စကားကြောင့် သူမျက်လုံးပြူးသွားရသည် ။
''မာမီ...ဘယ်လိုလုပ်...´´
''မာမီမသိဘူးထင်နေတာလားနိုင်နိုင်...
နိုင်နိုင်ဘယ်သွားတယ် ဘာလုပ်တယ် ဘယ်သူတွေနဲ့
ဘယ်နေရာမှာ ရှိနေတယ် ဆိုတာတွေ မာမီအကုန်သိတယ်...ဘယ်အချိန်အသိတရားရပြီး ခြေငြိမ်လာမလဲလို့ စောင့်ကြည့်နေတာ...သမီးက ကြာလေဆိုးလေဘဲ...ဒီရန်ကုန်မြို့မှာ သမီးမရောက်ဖူးသေးတဲ့Barတွေ Night club တွေ ရှိကောရှိသေးရဲ့လား... ´´
''မာမီကလဲ...´´
''မာမီကမလဲနဲ့ တမ်းတနိုင်... မာမီမွေးထားတာ မိန်းကလေးနော်...ယောက်ျားလေးမဟုတ်ဘူး...သမီးတစ်ခုခုဖြစ်သွားရင် သမီးဒက်ဒီပြန်လာတဲ့အခါ မာမီဘယ်လို မျက်နှာပြရမလဲ... ´´
''နိုင်က သူငယ်ချင်းတွေနဲ့ လည်ပတ်စားသောက်နေတာကလွဲရင် အကျင့်စာရိတ္တပျက်ယွင်းနေတဲ့သူ မဟုတ်ပါဘူးမာမီ...နိုင်ပေါင်းတဲ့ သူငယ်ချင်းတွေအကုန်လုံးကလည်း ရိုးသားကြပါတယ်...အချိန်တန်ရင်တော့ နိုင်အလုပ်တစ်ခုလုပ်မှာပါ...အခုလောလောဆယ်...´´
''တော်စမ်းနိုင်နိုင်...တစ်နေ့ညက နိုက်ကလပ်မှာ ရန်ဖြစ်ကြတော့ သမီးတို့အဖွဲ့ အဲ့ဒီမှာ ရှိနေတယ်မလား...မတော်တဆ ရောယောင်ပြီး ရန်ဖြစ်တဲ့ထဲ ကြားညှပ်သွားရင် မာမီ ရင်ကျိုးရချည်ရဲ့...သမီးကို မာမီအခုထက်ပိုပြီး လွှတ်မထားနိုင်တော့ဘူး...ကားသော့ပေး...
ဘဏ်စာအုပ်တွေ ကတ်တွေအကုန်ပေး...ဒီနေ့ကစပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဘူး...လောလောဆယ်အလုပ်မလုပ်ချင်သေးရင်နေ... ပြဿနာ ပတ်မရှာရင်တော်ပြီ...ဒီထက်ဆိုးလာရင် နယ်က ဖွားဖွားဆီပို့ထားမယ်မှတ်... ´´
ဖွားဖွားဆိုတဲ့ အသံကြောင့် သူ လန့်သွားသည် ။ ဖွားဖွားက စည်းကမ်းတအားတင်းကြပ်တာ ။ ဘယ်မြေးကိုမှ အလိုမလိုက် ။မျက်နှာသာမပေး...။ သူတို့ မောင်နှမဝမ်းကွဲတွေ အကြောက်ဆုံးက ဖွားဖွားဆီပို့ထားမယ်ဆိုတဲ့ စကားကိုပင် ။ ပြီးတော့ ဖွားဖွားနေတဲ့ နယ်မြို့လေးက ပျင်းရိစရာကောင်းလောက်အောင် ဘယ်မှသွားလာလည်ပတ်စရာမရှိ ။ ဒီမှာနေတာကမှ မာမီလစ်ရင် လစ်သလို ဒေါ်ကြီးကိုချွဲပြီး အပြင်ခိုးထွက်လို့ ရဦးမည် ။
သူ့ဆီက အဆောင်အယောင်တွေသိမ်း သူ့ကို နေအိမ်အကျယ်ချုပ်ချပြီး ဒေါ်ကြီးကို ကင်းစောင့်တာဝန်ပေးခဲ့ကာ မာမီကတော့ အလုပ်သို့ ပေါ့ပေါ့ပါးပါး ချီတက်သွားလေပြီ ။ သူ့မှာသာ ဒီနေ့ ကြယ်စင့်ကို ရုပ်ရှင်လိုက်ပြမယ် ပြောထားတဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းရမယ်မသိ ။
ချစ်သူသက်တမ်း နှစ်လကျော်အတွင်း ကြယ်စင့်ဆီမှာ သူအလူးအလဲ ကျဆုံးနေရသည် ။ တခြားသော သူတွေနဲ့ ဇာတ်လမ်းလို တစ်ပတ်နှစ်ပတ်နဲ့ ပြီးမသွား ။ ထိုသို့မဖြစ်အောင် သူ့ဘက်က လျော့ထားရတာ အများကြီး။ ကြယ်စင့်ကိုတော့ သူ အတည်တကျတွဲဖို့ ရည်ရွယ်ထားသည်လေ ။ ခက်ခက်ခဲခဲ လိုက်ထားရတာ မဟုတ်လား ။ ကြယ်စင်ကလည်း သူ့ကို တော်တော်ချစ်ရှာပါသည် ။တစ်ခု ဆိုးတာက စိတ်ကောက်ပြီဆိုရင် တခြား ကောင်တွေနဲ့ အရွဲ့တိုက်တွဲပြတတ်တာ ။ခုလည်း ရုပ်ရှင်လိုက် ပြမယ်ပြောပြီး သူရောက်မလာရင် သူ့ကောင်မလေးက ကောက်တော့မှာ ။ပိုက်ဆံကို ဒေါ်ကြီးနားက ချွဲပြီးတောင်းရင် ရပေမဲ့ ကားမရှိပဲ အပြင်ကို ဘယ်လိုထွက်ရပါ့မလဲ ။
သူ စိတ်ညစ်ညစ်နဲ့ အိပ်ခန်းထဲ ဝင်လာခဲ့သည် ။ တော်သေးတယ် ။ မာမီက သူ့ဖုန်းကိုတော့ သိမ်းမသွားလို့ ။ဖုန်းပွတ်နေရင်းက သူ ခုကြုံနေရတဲ့ ကိစ္စတွေကို တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့် တိုင်တည်ချင်လာသည် ။ သူငယ်ချင်းတွေကိုတော့ ပြောမပြချင် ။ သူ့စိတ်ထဲကို ဖျတ်ခနဲ နာမည်တစ်လုံး ရောက်လာသည် ။ မေမေ့သမီးအလတ်မ ။
ဟုတ်သားပဲ ။ သူတို့အဆက်အသွယ် ပြတ်နေတာ ကြာလှပေါ့ ။ ကြယ်စင်နဲ့ ဇာတ်လမ်းစပြီး သိပ်မကြာ။ သူနဲ့ အလတ် အဆက်အသွယ် ပြတ်သွားကြတာ ။ သူ့ ဘက်က မေ့နေသလို သူမဘက်ကလည်း သူ့ကို အဆက်အသွယ် မလုပ်ပါ ။ သူ့မှာ စိတ်ညစ်စရာကြုံတိုင်း အလတ်ကို ဖွင့်ဟ တိုင်တည်ချင်တဲ့ အကျင့်က ခုထိမပျောက်သေးပါလားလို့ တွေးပြီး ဘာရယ်မဟုတ် သူပြုံးလိုက်မိသေးသည် ။
ဒီအချိန်လိုင်းပေါ်ရှိမှာ မဟုတ်မှန်းသိလို့ သူမအကောင့်ထဲ ဝင်ပြီး ဖုန်းနံပါတ်ကို မွှေနှောက်ရှာဖွေလိုက်သည် ။ သိပ်ကြာကြာမကြိုးစားလိုက်ရ ။ ဘယ်နှစ်ကြိမ်ခေါ်ခေါ် စက်ပိတ်ထားပါတယ်နဲ့ တိုးနေတော့ သူ စိတ်ရှုပ်လာသည် ။ တစ်နေကုန် ဖုန်းပိတ်ထားတဲ့ အကျင့်က အရင်အတိုင်းဘဲလား အလတ်မရယ် ။
•°•°•°•°•°•°•°•°•°•°•°
ဖုန်းဖွင့်လိုက်တာနဲ့ တန်းစီဝင်လာတဲ့ sms တွေကြောင့် လတ် ကြောင်ပြီး ကြည့်နေမိသည် ။ မကြုံစဖူး ။ ဖုန်းနံပါတ် တစ်ခုတည်းက တောက်လျောက်ခေါ်ထားတဲ့ miss call တွေ ။ ဘယ်သူပါလိမ့် ။ ခေါ်ထားတဲ့နံပါတ်က လတ် လုံးဝ မသိတဲ့ နံပါတ် ။ လတ်ရဲ့ ဖုန်းနံပါတ်ကို သိတဲ့ အပြင်လူဆိုလို့ အိ ဘဲ ရှိတာ ။ လတ် စဉ်းစားနေတုန်း ဖုန်းက တုန်ခါလာလို့ လန့်ပြီးလွှတ်မချမိအောင် မနည်းသတိထားလိုက်ရသည် ။ လတ်ဖုန်းက အမြဲတမ်း silent မဟုတ်ရင် vibrate ထားထားရသည် ။
မေမေကလတ် ဖုန်းကိုင်တာကို မကြိုက်ပါ ။ အလဟဿ အချိန်ကုန် ငွေကုန်တဲ့အလုပ်လို့ အမြဲရွတ်စီတတ်သည် ။ မေမေ့သမီး အလတ်မကလည်း ခေတ်ရဲ့သမီးပျိုဆိုတာ မေ့နေလေသလားလို့ တခါတလေ မေမေ့ကို မေးကြည့်ချင်သည် ။ မမ နဲ့ ငယ်လေး ကို တားမရတဲ့ စည်းအ ထပ်ထပ်ကို လတ် တယောက်တည်းအပေါ်မှာ သုံးဆတားထားလေသလား ။ ဒါမှမဟုတ် ဖေဖေ့အတာပါပေါင်းပြီး လေးထပ်လား ။ လတ်မသိ ။စည်းအထပ်ထပ်ကြားမှာ နေတတ်သလို နေနေသော်လည်း တခါတလေတော့ မွန်းကြပ်လာရင် လတ် အော်ငိုပစ်လိုက်ချင်သည် ။ ပေါက်ကွဲပစ်လိုက်ချင်သည် ။ သို့သော် အမြဲတစေ ပင်ပန်းနွမ်းနယ်နေတဲ့ မေမေ့မျက်နှာကို မြင်လိုက်ရရင် လတ် ရဲ့ စိတ်ရိုင်းတို့ ငြိမ်ဝပ်သွားရမြဲ ။
မေမေစိတ်ချမ်းသာအောင် မေမေ့စိတ်ကြိုက်နေပေးရင်း လတ်ရဲ့ ဆန္ဒတို့ကို မေမေ့မမြင်ကွယ်ရာသို့ ပို့ထားလိုက်တော့သည်။လတ် ဖုန်းကိုင်တာကလည်း အိပ်ချိန်နီးမှ ။ ပြီးတော့ ဟိုဆက်သည်ဆက်နဲ့ ဖုန်းတတွတ်တွတ် ပြောနေတတ်တာလည်းမဟုတ်။ဒါကိုမှ မေမေမကြိုက်တော့ မေမေ့ကွယ်ရာ အိပ်ရာထဲရောက်မှ ခဏသုံးဖြစ်ရသည် ။ မေမေလည်းကျေနပ် လတ်လည်း စိတ်အပန်းပြေလေး။ ဒီဖုန်းကလေးကြောင့် နိုင်နိုင်ဆိုတဲ့ သူစိမ်းတစ်ယောက် လတ်ဘဝထဲ မျော်လင့်မထားပဲ ရောက်လာခဲ့တာမလား ။နိုင်နိုင်ဆိုတဲ့ နာမည်တစ်လုံး လတ်စိတ်ထဲရောက်လာပြီးတဲ့နောက်မှာ တကယ်ရော ဖုန်းကလေးက လတ်ကို အပန်းပြေစေရဲ့လား ။
အတွေးလွန်နေတဲ့လတ် ။ လက်ထဲက အဆက်မပြတ်တုန်ခါနေတဲ့ ဖုန်းကြောင့် လက်တွေ ကျဉ်တက်လာတော့မှ ဖုန်းထူးဖို့သတိရတော့သည် ။ တစ်နေကုန် ခေါ်ထားတဲ့ နံပါတ်ပါလား ။
''ဟဲလို...ပြော.....´´
လတ် ထူးသံမဆုံးသေးခင်မှာ တစ်ဖက်က ထွက်လာတဲ့ အသံကျယ်ကျယ်ကြောင့် လတ် ထပ်မံလန့်ရပြန်သည် ။
''yah.....ဟဲလို လုပ်မနေနဲ့ အလတ်မ...တနေကုန်ဘာလို့ဖုန်းပိတ်ထားရတာလဲ´´
ကြားလိုက်ရတဲ့အသံကြောင့် လတ် အကြီးအကျယ် shock ရသွားသည် ။ ဒီအသံကို တခါတရံသာ ကြားဖူးပေမဲ့ လတ်မှတ်မိပါသည် ။ ပြီးတော့ လတ်ကို ဒီလိုခေါ်တတ်သူက နှစ်ယောက်မရှိ။ တကယ်ဘဲ ။ ဒီတခါတော့ တကယ်ဘဲ ။ လတ် လက်ထဲကဖုန်းလေး လွတ်ကျသွားပြီ ။
အိပ်ရာပေါ်မှာ ကျနေတဲ့ ဖုန်းဆီက အသံကျယ်ကျယ်တို့ အဆက်မပြတ်ထွက်နေသော်လည်း ကောက်မကိုင်ဖြစ်။ တည်ငြိမ်ခါစ ရေပြင်ပါ ။ ထပ်ပြီးတော့ ဂယက်တွေ မထချင်တော့ဘူး နိုင်နိုင် ။ ဒီလိုတည်ငြိမ်လာဖို့ ဘယ်လောက်အထိ ထိန်းချုပ်ခဲ့ရတယ်ဆိုတာ လတ် ပြန်မတွေးချင်ပါ ။
အမြစ်တွယ်ခါစ အပင်လေးကို ဆွဲနုတ်ရတာ သိပ်ကို လွယ်ကူသလို နုနယ်သေးတဲ့ အပင်လေးမှာလည်း အထိအခိုက် သိပ်မရှိသေးဘူးလေ ။ ဒီတစ်ခါ ထပ်အမြစ်တွယ်မိရင် လွယ်လွယ်နဲ့ ပြန်နုတ်နိုင်ပါ့မလား ။ လတ် ကြောက်တယ် နိုင်နိုင်။ လတ် တကယ်ကိုကြောက်ပါတယ်။
ထပ်ပြီးတွယ်ငြိမိမှာကို ။
သူလိုချင်တာရှိရင် ဇွဲကောင်းလေ့ရှိတဲ့ အသံပိုင်ရှင်ကတော့ စကားတွေ အဆက်မပြတ်ပြောနေတုန်း ။ နေပါဦး ။ သူ လတ်ရဲ့ဖုန်းနံပါတ်ကို ဘယ်ကရတာပါလိမ့် ။
မကိုင်ပါဘူးလို့ ထိန်းချုပ်နေတဲ့ကြားက သိချင်စိတ်ရဲ့လှုံ့ဆော်မှုကြောင့် လတ် ဖုန်းလေးကို ကောက်ကိုင်လိုက်မိသည် ။
''အလတ်ကလေး...ဖုန်းက ကိုင်မထားတာလား ...အသံထွက်ပြောဖို့ အဆင်မပြေတာလားဟင် ...´´
ဒါသူနဲ့ လတ် ပထမဆုံးအကြိမ် တိုက်ရိုက်ဖုန်းပြောရခြင်း ။ သူ့အသံက လတ် အရင်က ကြားဖူးတဲ့အတိုင်း မပြောင်းလဲ ။ voice mail တွေ ပို့တုန်းကလေ ။ အခုအသံက ကြားရတာ ပိုကြည်လင် ပြတ်သားသည် ။
အလတ်ကလေး ဆိုတဲ့ ခေါ်သံက ဖုန်းကိုင်ကိုင်ခြင်း ထွက်လာတဲ့ အလတ်မဆိုတဲ့ အသံနဲ့များ တခြားစီ ။ ဘယ်သူမှ မခေါ်ဖူးတဲ့ အခေါ်အဝေါ်ရယ် ချော့မြူဆွဲဆောင်နေတဲ့ အသံရယ်ကြောင့် နှစ်လကျော်ကြာ တင်းထားတဲ့စိတ်တို့ ပြိုလဲကျသွားလေပြီ ။
''နိုင်နိုင်...ဘာကိစ္စရှိလို့လဲဟင်... ...´´
အချိန်အကြာကြီးနေမှ ထွက်လာတဲ့ တိုးလျလျအသံလေး ။ ဘာပြောလဲဆိုတာ မနည်းနားစိုက်ထောင်ရလောက်အောင် အသံက တိုးလျနေသည် ။ သို့သော် သူစိတ်ရှည်ရပါမည် ။ ခုချိန်မှာသူက သူမကို လိုအပ်နေတာ မဟုတ်လား ။ သူ့လေသံကို ခုဏကထက် ပို၍ ချိုသာလိုက်သည် ။
''ကိုယ့်ရဲ့အလတ်ကလေးကို သတိရလို့ပေါ့...ကိစ္စရှိမှ ဆက်သွယ်ရမှာလား ...စကားတွေမပြောဖြစ်တာကြာတော့ ကိုယ်မင်းကို အရမ်းလွမ်းနေတာ... အခုဖုန်းပြောလို့ အဆင်မပြေရင် လိုင်းတက်ခဲ့နော် ... လိုင်းပေါ်မှာပြောကြမယ်လေ...နော်... ´´
''ဟုတ်ကဲ့...အဲ့ဆို လတ် ဖုန်းအရင်ချလိုက်မယ်နော်....´´
တီခနဲမြည်သံကြားတော့ သူ လက်ဖျစ်တစ်ချက်တီးပြီး ကျေနပ်စွာ ပြုံးလိုက်သည် ။ လူတစ်ယောက်ရဲ့ စိတ်နှလုံးသား ညွှတ်နူးအရည်ပျော်ကျလာအောင် ပြုစားတတ်တဲ့ အတတ်ပညာက သူ့ရဲ့ မွေးရာပါဗီဇ ထင်ပါရဲ့ ။ ဆောရီး အလတ်မရေ ။ ကိုယ် မင်းနဲ့ စကားတွေ ပြောချင်နေလို့ပါ ။ ရောက်တတ်ရာရာပေါ့ ။ မင်းရဲ့အချိန်တွေကို ကိုယ်အများကြီး မယူပါဘူးကွာ ။ စိတ်ကောက်နေတဲ့ ကိုယ့်ကြယ်လေး ကိုယ့်ကောင်းကင်မှာ ပြန်လင်းလာတဲ့အထိ ။ မာမီ ကိုယ့်ကို နားလည်မှုပေးပြီး အရင်လို လွတ်လပ်ခွင့် ပြန်ပေးလာတဲ့အထိပဲနော် ။
''နေကောင်းလား.... အလတ်ကလေး...´´
သူ လတ်ကို ဘယ်လိုတွေ ခေါ်နေတာလဲ ။
''ကောင်းပါတယ် ...နိုင်နိုင်....လတ် နံပါတ် ဘယ်ကရတာလဲ...´´
''ဟားဟ...ထူးဆန်းနေလား လတ်ကလေးရဲ့...ကိုယ်အလိုရှိရင် မင်းရဲ့ အိမ်လိပ်စာကိုပါ သိအောင် စွမ်းဆောင်လို့ရတယ်ဆိုတာသိလား...´´
''ဟင်...မလုပ်ပါနဲ့...ဘာပြောစရာရှိလို့လဲ နိုင်နိုင်...ပြောပါ...လတ် နားထောင်ပေးမယ်လေ ...´´
''အဓိက အချက်က ကိုယ်မင်းကို သတိရလို့...ကိုယ်တို့စကားတွေ မပြောဖြစ်ကြတာ ကြာတော့ မင်းကိုလွမ်းလို့လေ... ပြောပြချင်တာတွေလည်း ရှိနေလို့ မင်း ဖုန်းနံပါတ်ကို ကိုယ်စုံစမ်းလိုက်တာ ...စိတ်မဆိုးနဲ့နော်
အလတ်ကလေး...အဆင်ပြေမယ်ဆိုရင် ကိုယ် ဖုန်းပြန်ခေါ်မယ် ...မင်းက နားထောင်လေ ...ကိုယ်ပြောပြချင်တာ များနေတော့ စာရိုက်နေရရင် ညနက်သွားမှာစိုးလို့ကွ...ကိုယ်ပြောနေတုန်း မင်းပြောချင်တာရှိရင်မှတ်ထား ဖုန်းချပြီးမှမင်းက ကိုယ့်ကို စာရိုက်ပြီးပြန်ပြောပေါ့နော်...´´
ဒီစကားလုံးတွေကို လတ်က မိုက်မဲစွာပင် အသံအဖြစ် ကြားချင်ပါသေးသည် ။ သူက အားကောင်းတဲ့ သံလိုက်တုံးနဲ့တူပြီး လတ်ရဲ့ သူ့အပေါ်တွယ်ငြိလွယ်တဲ့စိတ်က သံမှုန်စလေးနဲ့တူသည် ။
''ဟုတ်ကဲ့...ပြန်ခေါ်လိုက်ရတယ်...လတ် တိတ်တိတ်လေး နားထောင်နေမယ်နော်...´´
သူ အလိုရှိမှ လာခေါ်တာကို သိပေမဲ့ လတ် သူ့ကိုအပြစ်မပြောရက် ။ သူပြောပြနေတဲ့ စိတ်ညစ်စရာ သူ့အိမ်တွင်းရေးတွေကို မသိချင်ပါဟု ငြင်းမထုတ်ရက် ။ ချော့မြူနေတဲလေသံ ညင်သာသိမ်မွေ့နေတဲ့ အသုံးအနှုန်းတွေကြားမှာ လတ် မျောပါနေသည် ။
''အဲ့ဒါဘဲ လတ်ကလေးရဲ့...ကိုယ် အခုအရမ်း စိတ်ညစ်နေတယ် သိလား...အလုပ်လည်း မလုပ်ချင်သေးဘူး...သုံးစရာကလည်း ပြတ်လပ်နေပြီ...ပြီးတော့ ချစ်သူလေးကလည်း ကတိပျက်လို့ဆိုပြီး ကိုယ့်ကို စိတ်ကောက်နေပြီလေ...ကိုယ် ဘာဆက်လုပ်ရမလဲဟင်...အကြံညဏ်လေး ပေးပါဦး...ကိုယ် ဖုန်းချလိုက်မယ်နော်...စာရေးပြီး ဆက်ပြောကြတာပေါ့.... ´´
တီ သံရှည် မြည်နေတဲ့ ဖုန်းကို လတ် အကြာကြီး စိုက်ကြည့်နေမိသည် ။ အိ သိရင် ဆူတော့မှာ ။ လတ် တခုခုဆိုရင် နားပူ စိတ်ပူပေးတတ် အိတစ်ယောက်သာ ရှိသည်လေ ။ သုံးလေးရက်တစ်ခါ ဖုန်းဆက်ပြီး ဟိုတစ်ယောက် အဆက်အသွယ်လုပ်ရင် လုံးဝ လက်မခံနဲ့နော်ဆိုပြီး သတိပေးနေတတ်တာ ။ လတ် လိုင်းမတက်အောင် သီချင်းတွေ ဗွီဒီယိုတွေ ကာတွန်းကားတွေ လာလာထည့်ပေးထားပြီး ကြည့်စရာ ကုန်ပြီဆိုတာနဲ့ အလုပ်တစ်ဖက် ခရီးထွက်ရတာ တစ်ဖက်ကြားက အပြေးအလွှားလာပြီး အသစ်ထည့်ပေးတတ်တာ ။ ဒီလောက် တားနေတဲ့ ကြားက လတ်သာ သူ့ဆီမှာ တစ်ဖန်ပြန်လည် ကျဆုံးနေတာသာ သိရင် ။
လတ် သက်ပြင်း တစ်ချက် ချပြီး လိုင်းဖွင့်လိုက်သည် ။
''အလတ်ကလေးရေ ... ပြောလို့ရပြီလား...´´
''ဟုတ်...ရပြီ...´´
''အကြံညဏ်ပေးပါဦး...ကိုယ်ဘာဆက်လုပ်ရမလဲ...´´
''အများကြီး ရွေးစရာ မရှိဘူးလေ နိုင်နိုင်ရဲ့...အလုပ်လုပ်ရမှာပေါ့...နိုင်နိုင့်အတွက် မပင်ပန်းပါဘူး...မိဘက လမ်းဖောက်ပေးဖို့ အသင့်ရှိနေတာကို...နိုင်နိုင် တကယ်ဝါသနာပါတာ ဘာအလုပ်လဲဆိုတာ သေချာစဉ်းစားပြီး ကိုယ့်ဝါသနာကို အကောင်အထည် ဖော်ရမှာပေါ့....´´
စာဖတ်ပြီး သူ့စိတ်က ထောင်းခနဲ ။ ဒေါသတို့က ခဏချင်းမှာပင် ငယ်ထိပ်ရောက်လာသည် ။ သူ လိုအပ်တာက မှားမှားမှန်မှန် သူ့ဖက်က ရပ်ပေးမဲ့သူ ။ သူ့ကို ရွှေပြည်အေး တရားဟောမဲ့သူမဟုတ် ။ သူ ရင်ဖွင့်မိတာ လူရွေး မှားခဲ့လေပြီလား ။ သူငယ်ချင်းတွေကို ဖွင့်ပြောလည်း ဒီအဖြေဘဲထွက်မှာ။ အားလုံးက အလုပ်ကိုယ်စီနဲ့လေ ။
''အဲ့ဒါတော့ မင်းပြောမှလား အလတ်မရဲ့... သူ့ တိုင်ပင်ခါမှ ပိုဆိုးနေပြီ ထားလိုက်တော့ ´´
ချက်ခြင်းပြောင်းသွားတဲ့အခေါ်အဝေါ် ။ မာထန်သွားတဲ့အသံ ။စာဖတ်နေရင်း သူ့အသံကို နားထဲကြားယောင်နေသည် ။ သူ့စိတ်ကို လတ် လိုက်ကိုမမီတော့ပါ ။
''နိုင်နိုင်ဘဲ အကြံပေးပါဆို...´´
''ထားလိုက်တော့ဆို...ကိုယ့်ချစ်သူလေး အကြောင်းပြောနေတာမှ စိတ်ချမ်းသာဦးမယ်...´´
လတ် မချိတင်ကဲ ပြုံးလိုက်မိသည် ။ ပြောချင်လို့ တကူးတက ပြန်ဆက်သွယ်လာတာဆိုတော့ နားထောင်ပေးဖို့က လတ်ရဲ့တာဝန်ပေါ့။
''ကိုယ့်ချစ်သူလေးက အနီးကပ်ကြည့်လေ ပိုလှလေ...မင်းသိတယ်မလား ကိုယ်ဘယ်လောက် အလှကြိုက်တယ်ဆိုတာ...သူငယ်ချင်း ပေါင်းတာလည်း ချောတဲ့ လှတဲ့ ဟန်းဆန်းန် ဖြစ်တဲ့သူတွေမှ ရွေးပေါင်းတာလေ... ခု ချစ်သူလေးက ဘယ်လိုနေနေ လှနေတော့ ကိုယ့်မှာ စိတ်တွေချမ်းသာလိုက်ရတာ...သူလေးက သိပ်လည်း ကလေးဆန်တာဘဲ သိလားအလတ်...ကိုယ့်ကိုဆိုလည်းသိပ်ချွဲတာ...ဆိုင်တွေသွားလို့ အစားစားရင် ကိုယ်က ခွံကျွေးမှစားတာ...ဘယ်သွားသွား ကိုယ့်လက်ကို မလွှတ်တမ်းတွဲထားတာ...တစ်ခုခုလုပ်တော့
မယ်ဆိုလည်း ကိုယ့်ကို အရင်တိုင်ပင်သေးတာ...ကိုယ်က ဟင့်အင်းဆို သူမလုပ်တော့ဘူး...ညတိုင်း ကိုယ်သီချင်းဆိုပြီး ချော့သိပ်မှ အိပ်တာ...မနက်ဆို ကိုယ် ဖုန်းဆက်မနိုးရင် မထဘူး...ကိုယ် သူ့ကိုအိပ်ယာနိုးဖို့ နောက်ကျတဲ့နေ့ဆို ကျောင်းချိန်အပျက်ခံပြီးတော့ကို အိပ်နေတာ...ကိုယ်လေ ဒီကောင်မလေးနဲ့မှ အချစ်ဆိုတာကို သေသေချာချာ ခံစားတတ်လာသလိုဘဲ...ကိုယ်သူ့ကိုသိပ်ချစ်
တယ် သိလား အလတ်...သူ ကိုယ့်ဘေးကနေ ထွက်သွားရင် ကိုယ့်နေ့ရက်တွေက အဆင်ပြေတော့မှာမဟုတ်ဘူး... သေချာတယ် သူ မရှိဘဲ ကိုယ်မနေတတ်တော့ဘူး...´´
စာအရှည်ကြီးကို ဖတ်ပြီး လတ် စိတ်မောစွာ သက်ပြင်းချလိုက်မိသည် ။ နိုင်နိုင့်စာကို ဖတ်နေရတာလည်း လတ်အတွက် အဆင်ပြေမနေဘူးဆိုတာ နိုင်သိရဲ့လား ။
လတ်အဖြစ်က ဘာနဲ့တူနေလဲဆိုတော့ဗိုက်ဆာနေတဲ့ လူအရှေ့မှာ စားကောင်းသောက်ဖွယ်တွေကို အားပါးတရ စားပြနေတာကို ထိုင်ကြည့်နေရသလို ။ မေတ္တာငတ် အချစ်ငတ်နေတဲ့ လူအရှေ့မှာမှ နိုင်ရယ် ။ လတ် လည်းလေ တခဏလောက်လေးဘဲဖြစ်ဖြစ် နိုင့်ဆီက အချစ်တွေ ဂရုစိုက်မှုတွေကို လိုချင်လိုက်တာ ။
တခြားသူဆီက မဟုတ်ဘူး ။ နိုင်နိုင့်ဆီက။ သိပ်ချစ်တတ်ပြီး အသေးစိပ်လေးကအစ ဂရုစိုက်တတ်တဲ့ နိုင့်ဆီက ချစ်ခြင်းကို တစ်ရက်လောက်ဖြစ်ဖြစ် အပိုင်ရချင်ပါရဲ့ ။ လတ် ဘယ်လိုလုပ်ရင် နိုင်နိုင် လတ်ကို ချစ်လာနိုင်မလဲဟင် ။
~_~ ~_~ ~_~ ~_~ ~_~ ~_~ ~_~ ~
~_~ ~_~ ~_~ ~_~
YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...