part...2

13.2K 864 37
                                    

Unicode

အပိုင်း ၂
မျက်ဝန်းပွင့်ပွင့်ချင်း အကျင့်ပါနေတဲ့လက်က ခေါင်းအုံးဘေးကို ဟိုစမ်းသည်စမ်း အရင်ထစမ်းမိသည် ။ လက်ထဲကို ဖုန်းပါလာတော့ မျက်ဝန်းမှိတ်လျက်သားနဲ့ ဖုန်းဖွင့်လိုက်သည် ။ သူ့ဖုန်းက ဘယ်တော့မှ ပါဝါမပိတ် ။ နေ့နေ့ညည ပွင့်လျက်သား ။ လူအများကြား ရောက်ရင်တော့ viberate ပေးထားပါသည် ။မျက်လုံးနှစ်လုံးပွင့်စကနေ မျက်ဝန်းစုံမှိတ်သည့်အချိန်အထိ ဖုန်းနဲ့သူ သိပ်ပြီးခွာနေလေ့မရှိ ။ မပွင့်တပွင့် မျက်ဝန်းတို့နဲ့ ဖုန်းပွတ်နေတုန်း တံခါးခေါက်သံ ခပ်ဖွဖွ ထွက်ပေါ်လာသည် ။
မာမီပေါ့ ။ ဒီအိမ်မှာ အိမ်မှုကိစ္စတွေ ဆောင်ရွက်ပေးတဲ့ ဒေါ်ကြီးရယ် သူရယ် ပြီးတော့ မာမီရယ်ပဲ ရှိတာ ။ ဒက်ဒီက အချိန်တော်တော်များများ သင်္ဘောပေါ်မှာ ။ ဒေါ်ကြီးက သူ့ကိုနိုးရင် တံခါးအပြင်ကနေ နာမည်ကို တကြော်ကြော် အော်နေတတ်တာမျိုး ။ ဘယ်တော့မှ တံခါးမခေါက် ။ တစ်ချိန်ချိန်မှာ သူလည်းနာမည် တလုံးကို တကြော်ကြော် အော်ခေါ်ပြီး တစ်စုံတစ်ယောက်ရဲ့ ဘဝထဲကို တံခါး မခေါက်ဘဲ ဝင်ရောက်သွားမိလိမ့်မယ်လို့ ထိုစဉ်ကတော့ ယောင်လို့တောင် မတွေးမိခဲ့ပါ ။
     နားလိုက် ပေါ်လာလိုက်နဲ့ တဒေါက်ဒေါက် ခေါက်နေသံကြောင့် သူအိပ်ရာကနေ လူးလှိမ့်ထလိုက်ရသည် ။ တံခါးမဖွင့်မခြင်း တဒေါက်ဒေါက်အသံက နားလိမ့်မည်မဟုတ်။မာမီက သူ့လိုဘဲ ဖြစ်ချင်တာကို မရရအောင် လုပ်တတ်တဲ့  ဇွဲကောင်းသူ တစ်ဦး ။
    ''လာပြီမာမီ´´
      တံခါးဖွင့်လိုက်တာနဲ့ မြင်ရတဲ့ မာမီ့ပုံရိပ်က ရင်အေးစရာ ။ မာမီက အမြဲတမ်း သပ်ရပ်ကြော့မော့ပြီး မြင်လိုက်တာနဲ့ တဖက်လူရှိန်သွားရအောင် ကိုယ်ယောင်ကိုယ်ဝါတစ်မျိုးနဲ့ ခန့်ထည်နေလေ့ရှိသည် ။ သူ ဘယ်လောက်ပဲ သောင်းကျန်းဆိုသွမ်းနေပါစေ မာမီ့ရှေ့ရောက်ရင်တော့ ငြိမ်ဝပ်အေးချမ်းသွားရမြဲ ။
''မာမီ...အလုပ်သွားတော့မလို့လား ...´´
    မာမီက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး နှာခေါင်းရှုံ့သည် ။ သူ့ပုံစံကလည်း အိပ်ရာထဲမှာ စိတ်ရှိတိုင်း လှိမ့်ထားလို့ ဖရိုဖရဲနဲ့ ။ မသစ်ရသေးတဲ့မျက်နှာ ။ စုတ်ဖွားနေတဲ့ဆံပင်တွေ ။ တွန့်လိပ်ကြေမွနေတဲ့ အဝတ်အစားတွေနဲ့ ။
''နိုင်နိုင်....ဘယ်အချိန်ရှိနေပြီလဲ ...မိန်းကလေးဖြစ်ပြီးတော့ ဘယ်လိုတွေ ဖြစ်နေတာလဲ ...သွား မျက်နှာသစ်ပြီး ထွက်လာခဲ့  ...မာမီသမီးကို ပြောစရာရှိလို့...´´
သူ မာမီ့ရင်ခွင်ထဲ တိုးဝင်ပြီး မာမီ့ခါးကို ဖက်ပြီးချွဲတော့ မာမီက ရယ်ပြီး သူ့ကိုအသာအယာတွန်းထုတ်သည်။
''မျက်နှာမသစ်ဘဲနဲ့...ညစ်ပတ်အိုးလေး...သွား မျက်နှာအရင်သစ်...´´
    မာမီဆီက ရယ်သံကြားရတော့ သူစိတ်အေးသွားရသည် ။ သူ့ကို ပြောစရာရှိတယ်ဆိုတာ ဘာပါလိမ့်။ မာမီက သူ့ကို စိတ်ဆိုးနေရင်တော့ သူဘယ်လောက်ချွဲချွဲ ဘယ်တော့မှ မရယ် ။ သူက မာမီထည့်ပေးထားတဲ့ တစ်လစာ မုန့်ဖိုးကို တစ်ပတ်နဲ့ အကုန်သုံးလိုက်လို့များ ဆူခံထိတော့မလား ထင်နေတာ ။ လျောက်တွေးပြီး စိတ်ပူနေတာထက် အဲ့ဒီပြောစရာကို မြန်မြန်နားထောင်လိုက်တာက ပိုကောင်းမယ်ဟုတွေးပြီး မျက်နှာသစ်ရင်း ရေပါမြန်မြန်ချိုးလိုက်သည် ။ သူဆိုသည်မှာ ကိစ္စတစ်ခုကို ဘယ်တော့မှ အကြာကြီးတွေးတောခံစားနေတတ်သူမဟုတ် ။
     သူပြန်ထွက်လာတော့ မာမီက အိပ်ရာ သိမ်းပေးထားပြီး ကုတင်စွန်းမှာထိုင်နေသည် ။
''ဟာ မာမီ အိပ်ရာသိမ်းပေးထားတာလား ကန်တော့နော်မာမီ...´´
   သူ့ရဲ့အားတုန့်အားနာ အမူအရာကြောင့် မာမီက သူ့ကိုပြုံးပြီးကြည့်သည် ။
''သမီးက မာမီ အိပ်ရာလေး သိမ်းပေးထားတာကိုတော့ အားနာနေတယ် ...ဒီအရွယ်ရောက်ပြီး ဘွဲ့ရပြီးနေတာတောင် အလုပ်မလုပ်ဘဲ မိဘလုပ်စာထိုင်ဖြုန်းနေတာကိုတော့ အားမနာဘူးလား ...´´

ချက်ကျလက်ကျရှိလှတဲ့ မာမီ့မေးခွန်းကြောင့် သူခွန်းတုန့်ပြန်စရာစကားလုံး ရှာမတွေ့။ မာမီသူ့ကို ပြောစရာ ရှိတယ်ဆိုတာ အလုပ်လုပ်ခိုင်းဖို့ကလွဲလို့ တခြားဘာမှမရှိ။ သူ စိတ်ညစ်သွားပြီ ။

''ဒီတစ်ပတ်အတွင်း နိုင်နိုင် ငွေဘယ်လောက် သုံးလိုက်သလဲ ကိုယ့်ကိုယ်ကိုယ်သိလား သမီး...´´
     အဝတ်လဲပြီး ဆံပင်ရေစိုကို တဘက်နဲ့ သုတ်နေပေမဲ့  ရေချိုးပြီးစ အေးချမ်းတဲ့ အရသာပျောက်ဆုံးကာ သူ့တစ်ကိုယ်လုံး ပူလောင်လာသည် ။ မာမီ့မေးခွန်းကို အဖြေပြန်မပေးမိ။ ရေစိုဦးခေါင်းကိုသာ တဘက်နှင့် ဖိသုတ်နေမိသည် ။

''သုံးလိုက်တာကို မာမီအပြစ်မပြောဘူး သမီး...ဒါပေမဲ့ ဒီပိုက်ဆံတွေက မာမီတို့ ရိုးရိုးသားသား အလုပ်လုပ်ပြီး ရှာထားရတဲ့ငွေတွေ... သမီးသူငယ်ချင်းတွေနဲ့  တစ်နာရီ နှစ်နာရီအတွင်း ပျော်ပျော်ပါးပါးသုံးပစ်လိုက်တဲ့ ငွေတွေကို ဒက်ဒီတို့ မာမီတို့ ဘယ်လိုအပင်ပန်းခံပြီး ရှာထားရသလဲသိအောင် ငါ့သမီး အလုပ်လုပ်တော့...ကိုယ့်မုန့်ဖိုးကိုယ်ရှာသုံး
တော့....သမီးအတွက် မာမီထပ်ပြီး မုန့်ဖိုးမပေးတော့ဘူး ...အလုပ်လုပ်ဖို့ ဆိုရင်တော့ အရင်းအနှီး ထုတ်ပေးမယ်...လုပ်ချင်တဲ့ အလုပ်ကိုတော့ သေချာပြောပြရမယ် ...´´
  သူ့ အခန်းထဲကနေ မာမီထွက်သွားပြီး အတန်ကြာသည်အထိ သူ ငိုင်တွေနေမိသည် ။အလုပ်လုပ်တော့တဲ့လား ။ သမီးလေးတစ်ယောက်ရှိတာ တင်မကျွေးထား နိုင်တော့ဘူးလား ။ ရက်စက်လိုက်တာ မာမီရယ် ။ အား မသိဘူး စိတ်ရှုပ်တယ် ။ ခုထိ မရှင်းရသေးတဲ့ ရေစိုဆံပင်တွေကို ပိုရှုပ်သွားအောင် ထပ်ဖွပစ်လိုက်သည် ။ ရှုပ်နေတဲ့ ဆံပင်တွေကို ခေါင်းဘီးနဲ့ ရှင်းလို့ ရပေမဲ့ ရှုပ်သွားတဲ့ စိတ်ကို ဘာနဲ့ရှင်းရပါ့မလဲ ။
*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•
''အလတ်မရေ...ဟဲ့ အလတ်မ...ဘယ်ရောက်နေလဲ...ဒီမှာပစ္စည်းတွေ လာချကူဦး´´

    အိမ်ရှေ့က မေမေ့အော်သံကြောင့် လတ် မီးဖိုထဲကနေ ပြေးထွက်လာခဲ့သည် ။

''လာပြီမေမေ...´´

      ဆိုင်ရောင်းဖို့ပစ္စည်းတွေ အပြည့်အသိပ်တင်ထားတဲ့ ခြင်းတွေကို ဆိုင်ကယ်ပေါ်ကနေ ချနေတဲ့မေမေက လတ်နာမည်ကိုသာ ကြုံးအော်နေသည် ။  ရုံးပိတ်ရက် ကျောင်းပိတ်ရက်မို့ အိမ်မှာလူစုံနေသည် ။ ဖေဖေက ဆိုင်ရှေ့က ခုံတန်းလျားမှာ ဂျာနယ်ထိုင်ဖတ်နေတာ မေမေ့အသံကြားပေမဲ့ မော့တောင်မကြည့် ။ မမ နဲ့ ငယ်လေးက အိမ်ရှေ့စားပွဲမှာ စာအုပ်နဲ့ကွယ်ပြီး ဖုန်းပွတ်နေကြရာမှ မေမေ့အော်သံကြားတော့ အသာထလစ်သွားကြပြီ ။စျေးကအပြန် မေမေပင်ပန်းလာမှာကိုသိလို့ လတ် နေ့လည်စာချက်နေတာပါ။

''အလတ်မ ငါခေါ်နေတာ မကြားဘူးလား...´´

     လတ် လက်ထဲက လက်ခုဝတ်ကို ကြုံရာတင်ခဲ့ပြီး အိမ်ရှေ့သို့ အပြေးတပိုင်း ထွက်လာလိုက်သည် ။ မေမေက ဆိုင်ကယ် ကယ်ရီဖိုး ရှင်းပေးနေရာက လတ်ကို မျက်စောင်းလှမ်းထိုးသည် ။ ထို မျက်စောင်းက ဘယ်သူ့ကို အမှန်တကယ် ရည်ရွယ်သလဲဆိုတာ သိနေတော့ လတ် အမှားမလုပ်မိအောင် ဂရုစိုက်ပြီး ခြင်းတွေကို မနိုင်မနင်းမကာ ဆိုင်ထဲသို့ သွင်းလိုက်ရသည် ။ နဖူးပေါ်က စီးကျနေတဲ့ ချွေးတွေကို လက်ကိုင်ပုဝါနဲ့သုတ်ရင်း ဆိုင်ထဲဝင်လာတဲ့မေမေ ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now