အပိုင်း-၁၇
စဖြစ်ဖြစ်ချင်းကတော့ သွေးပူနေလို့ မသိသာပေမဲ့ အချိန်ကြာလာတော့ လတ် လက်တွေ ခြေထောက်တွေကနေ တဆစ်ဆစ်နဲ့ နာကျင်လာသည် ။ သူ့ နောက်ကနေ ထိုင်လိုက်လာတော့ သူက ဆိုင်ကယ်ကို ဖြည်းဖြည်းလေး မောင်းပေးသည် ။ လတ် စိတ်ထဲမှာ သူနဲ့အတူ ရှိနေရတာ ခုထိ အိပ်မက်လား တကယ်လားဆိုတာ ဝေခွဲမရနိုင်သေး ။
လတ်မှာ နောက်က လိုက်လာတဲ့ အိ ကို လှမ်းလှမ်းကြည့်ပြီးလည်း အားနာရှက်ရွံ့ရသေးသည် ။ သူနဲ့ ပတ်သက်ပြီး လတ်ကို တောက်လျောက် ကာကွယ်တားမြစ်နေတဲ့အိက ခုတော့ အသာတကြည် ဖြစ်နေတာကိုလည်း လတ်ကအံ့သြနေမိပါသေးသည် ။
ဆိုင်ကယ်ရပ်သွားသော်လည်း လတ်မဆင်းနိုင်သေး ။ ဒူးတစ်ဖက်က နာကျင်မှုက သိသိသာသာ ။ တိတ်ဆိတ်အေးချမ်းတဲ့ ဟိုတယ်ဝင်းကြီးထဲမှာ ဘန်ဂလိုပုံစံ အဆောင်လေးတွေ အများအပြား ။ ချစ်စရာ အဆောက်အဦးတွေကို ကြည့်နေမိရင် အိ ရောက်လာမဲ့အချိန်ကို စောင့်နေမိသည် ။ သူ့ကိုက လတ် စိမ်းနေပါသေးသည် ။
''လတ်လေး...မဆင်းဘူးလား...´´
သူက ဆိုင်ကယ်ကို ခြေနှစ်ဖက်နဲ့ ထိန်းထားရင်း ခေါင်းငဲ့လှည့်ကြည့်ပြီးမေးသည် ။
''အိ ကိုစောင့်နေတာ ခဏလေး...´´
သူ့ဆီက စုတ်သပ်သံနဲ့အတူ လေသံမာမာကြောင့် လတ် အားငယ်ဝမ်းနည်းလာသည် ။
''ကျွတ်...အိ ...အိ.... အားအားရှိ တအိတည်းအိနေတာ...သူမပါရင် ဘာမှ မလုပ်တတ်တော့ဘူးလား ...မကြိုက်ဘူးဆိုတာ မသိဘူးလား ...ဆင်း... ခုဆင်း ...´´
ဘယ်လောက်ဘဲ ပြောင်းလဲလာပါတယ်ပြောပြော တမ်းတနိုင်ကတော့ တမ်းတနိုင်ပါဘဲ ။
''ဆင်းမှာပါ...ခဏလေး...လတ်...လတ် ဒူးနာနေတာ ထောက်မရလို့...´´
''အာ... အဲ့ဒါကြောင့်ဘာဖြစ်ဖြစ် ကိုယ့်ကို ပွင့်ပွင့် လင်းလင်းပြောပါလို့ မပြောဘူးလား ...မင်းက မြုံစိစိလုပ်နေတာ...´´
သူ လတ်ကို ဆူနေတုန်း အိက ဆိုင်ကယ်ရပ်ပြီး အပြေးအလွှားရောက်လာသည် ။ အလတ်ကို အိ သူ့အိမ်ကနေ အပြင်ခေါ်ထုတ်လာတာ ။ တစ်ခုခုဆိုအိမှာ တာဝန်အပြည့်ရှိသည် မဟုတ်လား။
''အလတ်...ဆင်းလေ မဆင်းနိုင်ဘူးလား... ခြေထောက်နာသွားတာလား...´´
တကယ်နာကျင်နေတာကော အဆူခံလိုက်ရတာကော အားကိုးရာ ရောက်လာတာကောပေါင်းပြီး လတ် မျက်ရည်တွေ ပြိုဆင်းလာပြီး ငိုပါလေပြီ ။
''ဟယ်...အလတ် မငိုပါနဲ့...အရမ်းနာနေတာလား...လာ ငါတွဲမယ် ဆင်း... ဖြည်းဖြည်းဆင်း...´´
လတ် ငိုနေပြီဆိုတဲ့ အသံကြားတော့ သူ့ ရင်ထဲထိတ်ခနဲ ။ အိကိုတွဲပြီး ခြေတစ်ဖက်တည်းပေါ်အားပြုကာ ယိုင်နဲ့နဲ့ရပ်နေတဲ့ လတ်ရှေ့မှာ သူ မပြောမဆိုနဲ့ ဒူးထောက်ထိုင်ချလိုက်ပြီး လတ်လုံချည်ကို ဒူးအထက်နားထိ ပင့်တင်လိုက်သည် ။
ရှက်လန့်ပြီး အော်သံတိုးတိုးကို သူ ဂရုမပြုအား ။ ညာဘက်ဒူးမှာ အရေပြားလန်ပြီး နီရဲသွေးစိုနေတာမြင်တော့ သူ့ရင်ထဲ နင့်ခနဲ ။ ဖြူနုလွန်းတဲ့ အသားအရည်ကြောင့် ဒဏ်ရာဘေးတစ်ဝိုက်မှာ ညိုမည်းပြီး သွေးခြည်ဥနေတာ အတိုင်းသား မြင်နေရသည်။
''အာ...တော်တော်ထိသွားတာကိုး...အရမ်းနာနေမှာ...မင်းပါးစပ်မပါဘူးလား...နာရင် နာတယ်လို့ မပြောတတ်ဘူးလား...ဆိုင်ကယ်နဲ့ လိုက်ဖို့အဆင်မပြေရင် ကားပြန်ယူပြီး လာခေါ်မှာပေါ့...ခုတော့ ဘာဖြစ်ဖြစ် မပြောမဆိုနဲ့ အမြဲတမ်း မြိုသိပ်ပြီးနေနေတာလား အလတ်... ´´
ဂရုဏာဒေါသောကြောင့် လေသံက ဘယ်လိုမှ မပျော့ပျောင်းနိုင်။ သူမရှေ့မှာ ဒူးထောက်ထိုင်ပြီး ဒဏ်ရာကို စစ်ဆေးနေရာက မထသေးဘဲ မော့ကြည့်ပြီးဆူနေမိသည် ။ သူမ နာကျင်မှုက သူ့နာကျင်မှုလိုဘဲ ။
''တမ်းတနိုင်...အရမ်း အရမ်းမပြောပါနဲ့...နင်ဘာမှမသိဘဲ...အဲ့
လောက်ထိ ဟောက်ဟမ်းနေစရာ မလိုဘူး...နင်မဆင်မခြင်လုပ်လို့ ခုလိုဖြစ်ရတာ ...ဘာလိုဇွတ်အော်နေရတာလဲ...´´
သူ ထရပ်လိုက်ပြီး မအိ ရင်ခွင်ထဲမှာ မျက်နှာလေးဖွက်ကာ တသိမ့်သိမ့်ငိုရှိုက်နေတဲ့ ကောင်မလေးကို သူ့ရင်ခွင်ထဲ အသာအယာ လွှဲပြောင်းယူပြီး ကျောလေးကို ဖွဖွပွတ်သပ် နှစ်သိမ့်ပေးနေမိသည် ။
''ဆောရီး...ဆောရီး...ကိုယ်အရမ်းစိတ်ပူသွားလို့ပါ...လတ်လေး တော်ပြီ ...မငိုနဲ့တော့ ...တခြားကော ဘယ်နေရာ နာသွားသေးလဲ...ဆေခန်းသွားလိုက်မလား...ဟင်...နော်...ဆေးခန်းသွားလိုက်ရအောင်နော်...´´
''မသွားဘူး ...ဆေးလိမ်းလိုက်ရင် ရပြီ...´´
ရှိုက်သံဗလုံးဗထွေးနဲ့ ခေါင်းလေးတခါခါနဲ့ ငြင်းဆန်နေတဲ့ ကောင်မလေးကို ငုံ့ကြည့်ပြီး နောက်ဆို ဒီကောင်မလေး သူ့ကြောင့် ဘယ်တော့မှ မျက်ရည်မကျစေရဟု စိတ်ထဲ အခိုင်အမာ ဆုံးဖြတ်ချက် ချမိသွားသည်။
သူ့ကို တည်တင်းမာထန်တဲ့ မျက်နှာထားနဲ့ စူးစိုက်ကြည့်နေတဲ့ မအိကို တောင်းပန်ပြုံးလေး ပြုံးပြပြီး လတ်ကို နှစ်ယောက်အတူတွဲကာ သူ့ရုံးခန်းထဲ ခေါ်လာခဲ့သည် ။
''ဒီမှာခဏ ထိုင်နော် လတ်လေး ...ခြေထောက်ကွေးရတာ နာနေရင် ဆန့်ထား...ကိုယ် ဆေးသေတ္တာ ယူလိုက်ဦးမယ်...´´
အိကား ခါးနှစ်ဖက်ကိုလက်ထောက်ကာ ဂရုဏာ မျက်ဝန်းတွေနဲ့ သူမကို ငုံ့ကြည့်နေရာ တစ်ခုခုသတိရသွားဟန်နဲ့ နာရီကို အလောတကြီးကြည့်လိုက်သည် ။
''ဟယ်...အလတ်ရေ...ချိန်းထားတာ နောက်ကျနေပြီ... မသွားလို့လည်း မရဘူး ...ဘယ်လိုလုပ်ရမလဲ...နင် ပြီးမှ ငါ့အိမ်လိုက်ခဲ့...ခု ကားငှားလိုက်မယ်လေ ...တခါတည်းလိုက်ပြန်လိုက် ငါနဲ့...´´
သူ့ကို စိတ်မချသလို တချက်ကြည့်ပြီး ပြောနေသည့် မအိ ။ သူ တော်တော်အံ့သြမိသည် ။ ပြီးတော့ ကျေးဇူးလည်း တင်ရပါသည် ။ မအိက အလတ်အတွက်တော့ ရှားပါးပြီး အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပင်။
အလတ်ဆိုင်သို့ သူ သွားတိုင်း မကြာခဏ မြင်ရတဲ့ သူမ မိသားစုရဲ့ အထူးသဖြင့် သူမအမေနဲ့ အစ်မရဲ့ သူမအပေါ် အော်ဟစ်ငေါက်ငမ်း ဆူပူမှုတွေကို သူ မကြာခဏ မြင်ရတိုင်း ရင်နာရသည် ။ မျက်နှာငယ်လေးနဲ့ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ခံနေတတ်သည့် ပုံစံလေးကိုလည်း မြင်ယောင်လာမိပြန်သည် ။ ထိုအရာတွေကို ပြန်စဉ်းစားမိတော့ မအိရဲ့ အလတ်ကို အလိုလိုက်ဂရုစိုက်တဲ့စိတ်နဲ့ အလတ်ရဲ့ မအိအပေါ် တွယ်တာအားကိုးမှုကို သူနားလည်လာရသည် ။သူသည်လည်း တစ်ချိန်က သူမလေးအပေါ် သိပ်ကို ဗိုလ်ကျ အနိုင့်ကျင့် စိတ်ဒုက္ခတွေ ပေးခဲ့ဖူးသည်မဟုတ်လား ။ ကိုယ်မင်းကို သနားလိုက်တာ အလတ်လေးရယ်။ နောက်ဆို ကိုယ်မင်းကို စိတ်ချမ်းသာအောင် ထားပါ့မယ်။ တတ်နိုင်သလောက် အစွမ်းကုန် ကောင်းပေးပါ့မယ် ကိုယ့်ချစ်သူရယ် ။
''မအိ...သွားစရာရှိတာ သွားပါ...ပြီးမှ ပြန်လာခေါ်လေနော်...ကျွန်မအိမ်ထိပြန်လိုက်ပို့ပါ့မယ်...စိတ်ချပါမအိ...နိုင့်ကြောင့်သူ နောက်ထပ်မငိုစေရပါဘူး...´´
မအိကသူ့ကို ဘာမှ မပြော။ကြည့်လည်းမကြည့်။ အလတ်ဆီက အဖြေကို စောင့်နေဟန်နဲ့ အလတ်ကိုသာ ငုံကြည့်နေသည် ။
''နင် နောက်ကျနေပြီဆို...သွားလိုက်ပါလား အိ...အခုငါ့ကို စောင့်ခေါ်နေရင် နင်ပိုကြာသွားလိမ့်မယ်...ဒူးနာနေလို့ ချက်ခြင်းထလိုက်ဖို့လည်း မလွယ်လို့ပါ... ဆေးထည့်လိုက်ရင် ကောင်းပြီအိရဲ့...ခဏလေး ဆေးထည့်လိုက်မယ်လေနော်...နင့်ကိစ္စပြီးရင်တော့ငါ့ကို ပြန်လာခေါ်နော်...´´
သူမဆီက အဖြေရမှ မအိက သူ့ကို တချက်ကြည့်ပြီးခေါင်းညိတ်ပြကာ ခပ်သွက်သွက်လှည့်ထွက်သည် ။
''အေး...ငါပြန်လာခေါ်မယ်...ဒီမှာဘဲ စောင့်နေနော်...တမ်းတနိုင် ငါ့ကို အပြင်ပြန်လိုက်ပို့ဦး...´´
သူ အလိုက်တသိပင် မအိဘေးက လိုက်ထွက်လာသည် ။ အပြင်ရောက်တော့ မအိက သူနဲ့မျက်နှာခြင်းဆိုင် ရပ်ပြီး အသံတိုးတိုးကြိတ်ကြိတ်နဲ့ဆူသည် ။
''တမ်းတနိုင်...အစကတည်းက နင့်အကြောင်းတွေ သိလို့ နင်နဲ့မနီးစပ်အောင် အလတ်ကို ငါ အစွမ်းကုန် တားခဲ့တာနော်...ဒါပေမဲ့ နင့်အပေါ်ထားတဲ့ သူ့တွယ်တာစိတ်က အရမ်းကြီးလို့ သူစိတ်ချမ်းသာပါစေတော့ဆိုပြီး အစစအရာရာ လိုက်လျောပေးခဲ့တာ ...သူ့ဆိုင်ကို နင်နေ့တိုင်း ရောက်နေတာဘဲ...ဒီလောက်ဆိုငါပြောချင်တာ နင်နားလည်မှာပါ...ငါ ထပ်မပြောဘူး တမ်းတနိုင်...သူ့ကို ထပ်ပြီး မျက်ရည်ကျစေရင် နင့်ကိုငါ လုံးဝခွင့်မလွှတ်တော့ဘူး လို့ မှတ်ထားလိုက်ပါ...´´
''စိတ်ချပါ မအိ...စောင့်ကြည့်ပေးပါ...နိုင်သူ့ကို စိတ်ချမ်းသာအောင် ထားမှာပါ...´´
ဘာမှ မပြောတော့ဘဲ သူ့ဘေးက လှည့်ထွက်သွားတဲ့ မအိကို သူ ခဏမျှ ရပ်ကြည့်ပြီး အထဲပြန်ဝင်လာခဲ့သည်။
ပထမဆုံးဘဲ ။ မင်းသိလား အလတ်လေး ။ ကိုယ့်ဘဝမှာ သူစိမ်းတယောက်က လေသံမာမာနဲ့ ဆူပူတာကို သီးခံနေခဲ့တာ ဒါ ပထမဆုံးအကြိမ်ဘဲ ။ မင်းကြောင့် ။ မင်းကို သိပ်ချစ်မိသွားလို့။ မင်းကို အလေးထားတဲ့ ဘယ်သူ့ကိုမဆို ကိုယ်အလေးထားအောက်ကျို့ဖို့ ဝန်မလေးလို့။ နောက်လည်း မင်းနဲ့ ပတ်သက်လာရင် အရာရာကို ခေါင်းငုံ့သီးခံပြီး မင်းရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းပေးတော့မှာမို့ ။
လူတစ်ယောက်အပေါ် တစ်ခါမှမချစ်ဖူးတဲ့ အချစ်မျိုးနဲ့ နှစ်နှစ်ကာကာ ချစ်မိသွားတဲ့အခါ ကိုယ်ပိုင်အမူအကျင့်တွေကို တတ်နိုင်သမျှ စွန့်လွှတ်ပြီး နောက်ထပ် လူအသစ်တစ်ယောက်အဖြစ် ရှင်သန်ဖို့ ကြိုးစားပေးကြတာ ချစ်တတ်သူတိုင်းရဲ့ သူ့ချစ်သူအပေါ်ထားတဲ့ လေးနက်တဲ့ တန်ဖိုးထားစိတ်ဖြစ်ပါလိမ့်မည် ။
~_~ ~_~ ~_~ ~_~ ~_~ ~_~
''အ...အ...အ...နာတယ်...´´
ဒဏ်ရာကို အရက်ပျံနဲ့ သန့်စင်ပြီး ဆေးထည့်ပေးနေတုန်း သူမဆီက အသံတိုးတိုးလေး ထွက်ကျလာသည် ။
''ဟုတ်ပြီ...ဟုတ်ပြီ...ကိုယ် ဖူး... ဖူး မှုတ်ပေးမယ်နော်...အရမ်းမနာတော့ဘူး...ဆေးထည့်လိုက်ရင် ကောင်းသွားမှာပါ...နော်...´´
ဆေးထည့်ပြီး လက်ဆေးပြီးတော့ ရေ တစ်ဗူးယူပြီး သူမဘေးနားဝင်ထိုင်လိုက်သည် ။
''ရော့ အလတ်လေး ရေသောက်လိုက်ဦး...´´
သူ့မျက်နှာကို မရဲတရဲလေးကြည့်ပြီး ရေဘူးလှမ်းယူသည့်လက်ကလေးမှာ မသိမသာတုန်နေသည် ။ ဒဏ်ရာ အနာတရတွေနဲ့လက်လေးကို သူ ငေးကြည့်နေမိသည် ။ သူ့ကြောင့် ။ သူမလေး အနာတရဖြစ်ရတာ ဆိုတဲ့စိတ်က သူ့ကို နောင်တရစေသည် ။
''နိုင်နိုင်...´´
ရေဘူးကို ပြန်ပိတ်နေရင်း သူ့ကိုခေါ်တဲ့ သူမမျက်နှာဆီ အကြည့်တို့ရောက်သည် ။ ရေသောက်ပြီးခါစ နှုတ်ခမ်းလေးက ကြည်စင်ရွှန်းစိုနေတာ မနက်စောစော နှင်းရည်သောက်ထားတဲ့ နှင်းဆီဖူးငုံလေးကို မြင်လိုက်ရသလို။
''ခဏ...´´
ပြောပြီးလေထဲမြောက်တက်လာသည့် သူ့ လက်ရဲ့လှုပ်ရှားမှုကို လတ် အမှတ်တမဲ့ လိုက်ကြည့်နေမိသည် ။
''အရမ်းနာနေသေးလာဟင်...ချွေးတွေအများ
ကြီးဘဲ ကြည့်ပါဦး. ...´´
သူက လတ် မျက်နှာဆီက လက်ကို ပြန်ရုပ်ပြီး စာပွဲပေါ်က တစ်ရှုးတစ်ရွက် လှမ်းယူပြီး နဖူးစပ် နှာသီးဖျား နဲ့ နုတ်ခမ်းအထက် နားမှာ ခိုတွယ်နေတဲ့ ချွေးစတွေကို ခပ်ဖွဖွ တို့သုတ်ပေးသည် ။
အလုပ်ကြမ်း မလုပ်ဖူးမှန်း သိသာနေသည့် လက်ဖဝါး နူးနူးညံ့ညံ့လေးတွေက သူ့လက်အရွေ့မှာ လတ် မျက်နှာကို ထိတွေ့နေသည် ။ ခုမှ ရေသောက်ထားပေမဲ့ လတ် အာခေါင်တို့ ထပ်မံ ခြောက်ကပ်ပြီး လူက ကတုန်ကရင် ဖြစ်လာသည် ။ ချွေးသုတ်ထားတဲ့တစ်ရှုးကို အသာအယာ လွှတ်ချလိုက်ပြီးသူ့ လက်ဖျားလေးတွေက
လတ် နှုတ်ခမ်းကို ခပ်ဖွဖွလေး ထိတွေ့နေသည် ။ သူ့ မျက်ဝန်းထဲမှာ တစုံတရာကို ခွင့်တောင်းနေတဲ့ အရိပ်အယောင်တွေ ။ လတ် မျက်နှာကို ဘေးသို့ ငဲ့ပြီး သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည် ။
''နိုင်နိုင်...မေးစရာရှိသေးတယ်...လတ်တို့က အခု ဘာတွေလဲဟင်...´´
သူမ အမေးကြောင့် သူ ခပ်တိုးတိုးရယ်တော့ မျက်စောင်းဖွဖွက သူ့ကို အသည်းယားအောင် ကျီစယ်သည် ။ သူမနှာခေါင်းလုံးလုံးလေးကို အသာအယာ ဖျစ်ညှစ်ရင်း ဖြေတဲ့ သူ့အဖြေကြောင့် သူမ လက်က သူ့လက်မောင်းကို ဆွဲလိမ်သည် ။ မနာကျင်အောင်ခပ်ဖွဖွသာ။
''လူတွေလေ လတ်ရဲ့...လူမ ချောချောလေး တစ်ယောက်နဲ့ လူမ ရုပ်ဆိုးလေးတစ်ယောက်...´´
''အကောင်းမေးနေတာကို...´´
သူမသိချင်တဲ့မေးခွန်းက သူ့မှာအဖြေအဆင်သင့်ရှိသည် ။ဟိုအရင် သူ့ဆီက သူမကြားချင်တုန်းက မပြောနိုင်ခဲ့ပေမဲ့ သူ ခုချိန်မှာ သိပ်ကို ဖြေချင်နေတဲ့ အဖြေလည်း ဖြစ်ပါသည် ။
''ခဏနော် လတ်ကလေး...´´
သူမဘေးက ခွာပြီး သူ ဘယ်သွားသွားပါသည့် အိတ်လေးကိုလှမ်းယူလိုက်သည် ။ သူမကို စပြီး ချစ်မိပြီဆိုတာ သေချာသွားတဲ့ နေ့ကတည်းက သူ့ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ပစ္စည်းလေးကို အိတ်ထဲကထုတ်ယူလိုက်သည်။ ဘူး အနီလေးကို သူမကို ကမ်းပေးတော့ နားမလည်သလို မော့ကြည့်လာသည် ။
''ဖွင့်ကြည့် လတ်ကလေး...နေဦး လက်နာနေတာကို မေ့သွားလို့ ကိုယ်ဖွင့်ပြမယ်...´´
သူမလက်ထဲက ဘူးကို ပြန်ယူပြီး သူဖွင့်ပြလိုက်သည် ။ ဘူးထဲမှာ ဆင်တူဟန်းချိန်းလေးနှစ်ကုံး။ ပလက်တီနမ်နဲ့ လုပ်ထားတဲ့ ဟန်းချိန်းလေးက သေချာကြည့်ရင် smile emoji နဲ့ အသဲပုံလေးတွေကို တစ်ခုခြားစီ ဆက်ထားသည် ။ အသဲပုံတိုင်းရဲ့ အလယ်မှာ ပတ္တမြားသေးသေးလေးတွေ မြုပ်ထားသည် ။
''အလတ်လေးနဲ့ ကိုယ်ဆင်တူ ဝတ်မယ်နော် ...ခင်မင်းလတ်ဆိုတဲ့ ဟောဒီက ကောင်မလေးကို တမ်းတနိုင်ဆိုတဲ့ ကိုယ်က မျက်စိအောက်ကနေ အပျောက်မခံနိုင်တော့အောင် ချစ်မြတ်နိုးမိနေပြီဖြစ်လို့ ၊ ကိုယ်တစ်သက်လုံးမင်းဆီကနေ ထွက်ပြေးမလွတ်မြောက် ချင်တော့လို့ကိုယ့်ကို လွတ်ထွက်မသွားရအောင် ဟောဒီကြိုးလေးနဲ့ ချည်နှောင်ပါ...လတ်ကလေးကလည်း ကိုယ်နဲ့အတူ သက်ဆုံးထိ ရှိချင်တယ်ဆိုရင် ကိုယ့်ဆီမှာ အချည်နှောင်ခံပါ... ´´
ချစ်ရိပ် ချစ်ရည်တွေ ဖြာလဲ့နေတဲ့ မျက်ရည်ရောင် မျက်ဝန်းလေးကို သူ မြတ်နိုးလွန်းစွာ ငေးမောစိုက်ကြည့်နေမိသည် ။ သူ့မျက်ဝန်းအကြည့်ကနေ လွှဲဖယ်မသွားဘဲ ပြန်စိုက်ငေးကြည့်နေရင်း ခဏအကြာမှာ သူ့နဖူးနဲ့ သူမနဖူးလေးကို လာထိကပ်ပြီး သူ့လည်ပင်းကိုဖက်ထားကာ ငြိမ်နေသည် ။
''နိုင်နိုင့်လက်ဆောင်က တန်ဖိုးကြီးမှာ လတ်သိတယ်...ခုချိန်မှာ လက်ခံဖို့ လတ်ဘက်က အဆင်မပြေဘူးလေ...နိုင်ဘဲပြန်သိမ်းထားပေးနော်...ရုပ်ဝထ္တုတွေထက် စိတ်နဲ့ ချည်တဲ့ကြိုးက ပိုမြဲပါတယ် နိုင်ရဲ့ ...နော်...´´
အတန်ကြာမှ သူ့နဖူးပေါ်မှာ သူမ အနမ်းဦးလေးကို ခပ်ဖွဖွခြွေချသည် ။ ပြီးတော့ အလွန်တိုးတိမ်နက်ရှိုင်းသော လေသံနဲ့ စကားလုံးတချို့ကို ရေရွတ်သည် ။
''ချစ်တယ်လို့ ပြောပေးတာ လတ်အတွက် နိုင်ပေးတဲ့ တန်ဖိုးဖြတ်မရနိုင်တဲ့ လက်ဆောင်ပါ...လတ်အရမ်းပျော်ရပါတယ် နိုင်နိုင်ရယ်...ဒီစကားလေးကို နိုင့်ဆီကနေ ကြားရဖို့ လတ် အကြာကြီး စောင့်ခဲ့ရတာ...အပျော်ဆိုတာ ကူးစက်ခံစားစေရတယ်တဲ့ ...ခု နိုင်နိုင်လည်း ပျော်လိုက်နော်...´´
''ဟ ဟ ဟ လူလည်မလေး မရပါဘူး ...ကိုယ့်ကို ချစ်တယ်ဆိုတဲ့ ဝန်ခံစကားတော့ မျက်နှာခြင်းဆိုင် ပြောပေးမှ ရမှာပေါ့... ´´
ညစ်ကျယ်ကျယ်ပြုံးလိုက်တဲ့ ကောင်မလေးက အသံကို ပိုတိုးလိုက်သည် ။
''ဟိုးအရင်ကတည်းက ဝန်ခံပြီးသား ခုလည်းမပြောင်းလဲဘူးလေ...အရင်ကအတိုင်းပါဘဲ နိုင်နိုင့်ကို ချစ်တယ်...´´
နုတ်ခမ်းလှုပ်ရုံပြောပြီးတော့မှ သူ့ကို ပြုံးစေ့စေ့နဲ့ ကြည့်ပြီး ကြားရလားတဲ့ ။ သူ ခေါင်းညိတ်ပြလိုက်သည် ။
''ဟုတ်ကဲ့... သေသေချာချာကို ကြားရပါတယ်...´´
''အမယ် ညာတာပါနော် ...ဒီလောက်တိုးတိုးလေးပြောတာ ဘယ်လိုများ ကြားရတာလဲ...´´
''ကိုယ်မလိမ်ပါဘူး...သေသေချာချာကို ကြား ပါတယ် ချစ်သူရဲ့...ဘာလို့ဆို ကိုယ်က နားနဲ့နားထောင်တာ မဟုတ်ဘူးလေ. ..နှလုံးသားနဲ့ နားထောင်တာမို့ ...သေသေချာချာ ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရပါတယ်...´´
''မယုံပါဘူးနော်...အဲ့ဆို ဘာပြောလဲ ပြန်ရွတ်ပြ...´´
သူမ ပြောတဲ့အတိုင်း တသွေမတိမ်း ပြန်ရွတ်ပြတော့ အံ့သြနေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးရယ် ။ နှုတ်ခမ်းဖူးဖူးလေးရယ် ။ မှန်လားဆိုတော့ ဦးခေါင်းလေးတဆတ်ဆတ် ငြိမ့်ပြသည် ။ သူ့ စိတ်တွေ မထိန်းချုပ်နိုင်တော့။ သူမ မျက်ဝန်းဝိုင်းလေးဆီကနေ အကြည့်ကို အောက်သို့အနည်းငယ် ရွေ့လိုက်မိသည်။
'' ဒီနှင်းဆီဖူးလေးကို ကိုယ်ခူးချင်နေပြီ ခူးခွင့်ပြုနော်...´´
မျက်နှာဝှက်စရာ နေရာရှာနေတာ ခွင့်မပြုနိုင်တော့ ။ မေးစေ့ချွန်ချွန်လေးကို အသာဆွဲမလိုက်တော့ နှင်းဆီငုံလေးက ပိုဖူးလာသလို ။ အဖူးလေးပွင့်အာလာဖို့ အနွေးဓာတ်လေး ပေးမှရတော့မည် ။
အချစ်ရိပ်နဲ့ အရှက်ရိပ် ရောယှက်နေသည့် မျက်ဝန်းလေးတွေက မျက်တောင်ရှည်လေးတွေအောက် ပုန်းလျှိုးကွယ်ဝှက်သွားကြသည် ။
ကြာညိုနံ့သင်းနေတဲ့ နှင်းဆီဖူးလေးက သူ့စိတ်နှလုံးကို အကြာကြီးဆွဲဆောင် သိမ်းပိုက်ထားသည် ။ လက်သွယ်သွယ်လေးတွေက တယောက်လည်ပင်းပေါ်မှာ တစ်ယောက် သွယ်ယှက်လို့ ။
သူ့အတွက်က အနမ်းဦး မဟုတ်ပေမဲ့ ရင်ခုန်သံစေညွှန်ရာအတိုင်း ဖူးပွင့်လာသည့် အနမ်းထူးလေးတော့ဖြစ်သည် ။
အတန်ကြာအောင် အနမ်းရေယာဉ်ကြောမှာ မျောနေရာမှ သူမက သူ့ရင်ဘတ်ကို အသာအယာတွန်းသည် ။ သူ အလိုက်တသိပင် နှင်းဆီငုံလေးကို ဖြေလွှတ်ပေးလိုက်ပြီး မြတ်နိုးရလွန်းတဲ့ အရုပ်မလေးကို ရင်ခွင်ထဲမှာ ခပ်ဖွဖွ ထွေးဖက်ထားလိုက်သည် ။ သူတို့ရဲ့ နှင်းဆီခူးပွဲကို ရင်ခုန်သံဘင်ခရာတပ်ဖွဲ့က အထူးတလည် ဂုဏ်ပြုကြလို့ ။
စိတ်ချင်းနားလည်နီးစပ်ကြတဲ့ ချစ်သူတွေမှာ စကားတွေအများကြီး ပြောစရာမလို ။ တယောက်ကိုတယောက် ထွေးဖက်ထားခြင်းကစကားလုံးအများကြီး ထက် ပြီးပြည့်စုံတဲ့ ချစ်ခြင်းစကားကို နှစ်ဦးကြား အသံတိတ် အပြန်အလှန်သီဖွဲ့ပေးသည် ။
~_~_ ~_~_ ~_~_ ~_~_ ~_~_
''အလတ်ရေ...ဆေးခန်းမသွားလို့ ဖြစ်ရဲ့လား ...အန်တီတော့ ငါ့ကိုဆူတော့မှာဘဲဟာ...´´
လတ်ကို ကားပေါ်တွဲတင်ရင်း အိက ညည်းညည်းညူညူ ရေရွတ်သည် ။ ဆေးလိမ်းထားပေမဲ့ လတ် ညာဘက်ခြေထောက်က ကောင်းကောင်းမထောက်နိုင်သေး ။
''မအိ...နိုင့်နားဘဲ ထားခဲ့ပါလားဟင်... သူနေကောင်းမှ ပြန်ပို့ပေးမယ်လေ...မအိအိမ်မှာ ခဏခေါ်ထားတယ်ဆိုပြီး အကြောင်းပြချက် တစ်ခုခုပေးလိုက်လို့ မရဘူးလား...´´
အိက ခေါင်းခါသည် ။
''ပြန်ရောက်တာနဲ့ သူ့ကို အလုပ်တွေက စောင့်ကြိုနေမှာ ...အပြင်သွားလို့ ကြာနေတာ အဆူမခံရရင်တောင်ကံကောင်း ...´´
သူကော အိပါ ကားထဲမှာ မျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့ အလတ်ကို ကားအပြင်ကနေ သနားကြင်နာစွာ ငုံမိုးကြည့်နေမိကြသည် ။
''အမလေး မိနိုင်နိုင်... လမ်းလယ်ခေါင်တောင် လက်ရဲဇက်ရဲနိုင်တဲ့ နင့်နား ခဏလေးထားခဲ့ရတာတောင် ငါစိတ်မချပါဘူး...ညအိပ်ညနေထားဖို့များ အမယ်လေး...´´
ပခုံးတွန့်ပြီး ကျောချမ်းဟန် လုပ်ပြသည့် အိကြောင့် သုံးယောက်သား ပြိုင်တူ ရယ်လိုက်မိကြသည် ။ လေးပင်နေတဲ့ အခြေအနေကို ပေါ့ပါးအောင် ဖော့ပေးတဲ့ မအိကို သူကျေးဇူးတင်စွာ ကြည့်လိုက်မိသည် ။ ဒီလိုလေးတွေကြောင့် အလတ်က မအိကို အရမ်းတွယ်တာ တာနေမှာ ။
ကားထဲမှာ ရှက်ရဲရဲမျက်နှာနဲ့ ခေါင်းလေးငုံ့သွားတဲ့ ကောင်မလေးကို သူ ငုံ့ကြည့်ရင်း ပြောလိုက်တဲ့ စကားကြောင့် ရှက်ရှိန်မသေသေးတဲ့ မျက်နှာမှာ ပန်းရောင်လွင်ပြင် ။
''မအိရဲ့ ပန်းလေးက လှလွန်းလို့ ရနံ့လေး ရှိုက်ရုံပါ မအိရဲ့ ...စိတ်ချ ပိုင်ရှင်ခွင့်မပြုဘဲနဲ့ နိုင်နိုင်က ပန်းမခူးတတ်ပါဘူး...´´
''ဟဲ့...နင်မတော်သေးဘူးလား...´´
ရယ်သံလွင်လွင်တွေက ပတ်ဝန်းကျင်လေထုထဲ ပျော်ရွှင်စွာ ရှပ်တိုက်ပြေးလွှား နေကြသည်
![](https://img.wattpad.com/cover/202489062-288-k313192.jpg)
YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...