အပိုင်း ၁၆အနီးကပ် မြင်နေရတဲ့ အလှတရားလေးဆီမှာ သူ စိတ်ရောကိုယ်ပါ အလူးအလဲ ကျရှုံးနေသည် ။ ဒီအလှလေးကိုငေးဖို့ မေမေ့အရိပ်ဆိုတဲ့ ဆိုင်ထဲမှာ လူအရှုပ်ဆုံးအချိန်ကို ရွေးရသည်။ ဆိုင်ထဲမှာ သူ့ကိုလူသိပ်မမြင်သာသည့် ချောင်ကွယ်မှာ ရပ်ရသည်။ ရပ်တဲ့နေရာကလည်း သူ့အလှတရားလေးရဲ့ လှုပ်ရှားမှုအလုံးစုံကို မြင်သာတဲ့နေရာဖြစ်ရသည် ။ ဒီလောက်ဆို သူမလေးကို မိနစ်နှစ်ဆယ်ခန့် ရပ်ကြည့်ငေးခွင့်ရပြီ ။
လွယ်တော့မလွယ်ဘူး ။ အကြိမ်ကြိမ်စမ်းသပ် စွန့်စားခဲ့ရတာပေါ့ ။ ကုန်စုံဆိုင် တစ်ဆိုင်ကရောင်းတဲ့ အခြေခံစားသောက်ကုန်တွေကို ဖွားဖွားမီးဖိုချောင်ထဲ လိုလေသေးမရှိ ဖြည့်ဆည်းပေးနေသယောင်လည်း ဆောင်တတ်ရတာပေါ့။ နေ့တိုင်းဝယ်မလာဖို့ တားတဲ့ ဖွားဖွားကို သူပေးတဲ့ အကြောင်းပြချက်က လမ်းကြုံလို့ပါဟူ၍။
မေမေ့အရိပ်နဲ့ ဖွားဖွားအိမ်က ကြားထဲမှာ ရပ်ကွက်ကြီးသုံးလေးခုခြားနေတာကိုသာ သိရင် လမ်းကြုံလို့ဆိုတဲ့စကားကို ဖွားဖွား ဘယ်လိုများ မှတ်ချက်ချမှာပါလိမ့် ။
ဆိုင်ထဲ လူရှင်းနေချိန်ဆို သူမကို သူမျှော်ငေးရာနေရာက အချစ်ရိပ် ဆိုတဲ့ ကော်ဖီဆိုင်ရဲ့ မှန်ချပ်ကြီးတွေ နောက်ကနေ ။ ကော်ဖီကိုစွဲစွဲလန်းလန်း မနှစ်သက်ခဲ့ဖူးပေမဲ့ နှစ်သက်စွဲလန်းမိတဲ့ လူတစ်ယောက်ကြောင့် ကော်ဖီတွေကို သောက်ဖြစ်နေခဲ့ရပြီ ။
အချစ်နဲ့ တွေ့တဲ့အခါ လူတွေက ပြောင်းလဲသွားတတ်ကြတယ် ။
မေမေ့အရိပ် ရဲ့ ချောင်ကျကျနေရာလေးကနေ သူ့ကောင်မလေးကို ငေးနေမိတာ ညနေတိုင်း ထမ်းဆောင်နေကျ တာဝန်တစ်ခုလို ။ လှရက်နိုင်သူလေး ။ အပြစ်ကင်းနိုင်လွန်းသူလေး ။ သူမလေးက သိပ်လှတယ်ဆိုတာထက် ချစ်ဖို့ကောင်းစွာ လှလိုက်တာလို့ ပြောရမဲ့အမျိုးအစားထဲမှာပါသည် ။
အလှအပနဲ့ ပတ်သက်ရင် ယောက်ျားလေးတွက ပြောဆိုရာမှာ ပွင့်လင်းကြသည် ။ လှရင်လှတယ် ။ မလှရင်မလှဘူး ။ ဒဲ့ဘဲ ။ မိန်းကလေးတွေကတော့ ထိုသို့မဟုတ် ။ လှတာလေးတွေ့ရင် ဟယ်လှလိုက်တာလို့
အားရပါးရချီးကျူးကြပေမဲ့ လှတယ်လို့ ချီးမွမ်းစရာ ရှာမတွေ့ရင် မလှဘူးလို့ ပွင့်ပွင့်လင်းလင်းမပြောဘဲ ချစ်စရာလေး လို့ ပြောတတ်ကြသည် ။ ချစ်စရာလေးဆိုတာ သိပ်မလှဘူးနော်လို့ သွယ်ဝိုက်ရည်ညွှန်းရာလည်း ကျသေးသည် ။
သူ့ကောင်မလေးကတော့လှလည်းလှသလို သိပ်ကိုချစ်စရာလည်းကောင်းသည် ။
YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...