part...15

10.6K 807 158
                                    


အပိုင်း ၁၅

ကားပြတင်းကနေ ခေါင်းထွက်လုမတတ် ပြင်ပရှုခင်းကို ငေးနေမိသည် ။ သူပထမ တစ်ကြိမ် ဒီမြို့လေးကိုလာတုန်းက ဆောင်းတွင်းမှာ ။ ခုတစ်ကြိမ်ကတော့ မိုး တွင်းကာလ။ လမ်းအကွေ့တစ်ခု ကွေ့ပြီးတိုင်း မြင်ကွင်းထဲ တိုးတိုးဝင်လာတာက ပန်းဝါဝါလေးတွေ ပင်လုံးကျွတ်ပွင့်နေတဲ့ အပင်တွေ။ပန်းဝါပင်လေးတွေက လမ်းတလျောက် အစီအရီ ။

    မြင်ကွင်းထဲ တိုးတိုးဝင်လာတာက အဝါရောင်တွေ ရိပ်ခနဲ ။ ရိပ်ခနဲ ။ မိုးတွင်းဆိုတော့ လမ်းဘေးတလျောက် မြင်ကွင်းတွေက စိမ်းစိုနေသည်။ ပန်းတွေ ပွင့်နေလိုက်တာလည်း အရောင်စုံ ။ ခရမ်းရောင် ပန်းပွင့်တွေ လိမ္မော်ရောင် ပန်းသေးသေးလေးတွေ။ ကြည့်လေရာနေရာတိုင်းမှာ အဝါရောင် ပန်းတွေ ။ ပန်းတွေက ပင်ယံထက်မှာ ဝါထိန်နေသလို အပင်အောက်မှာလည်း ပန်းကြွေလေးတွေ ပြန့်ကြဲလို့ ။ လမ်းတလျောက် ပန်းဝါဝါလေးတွေပွင့်နေတဲ့ အပင်တန်းလေးတွေနား ရောက်တဲ့အခါ လမ်းဘေးတစ်ဖက်တစ်ချက် မြေပြင်ဟာ အဝါရောင်ကော်ဇော ဖြန့်ခင်းထားသည့်ပမာ ။ ကြည့်လေရာရာမှာ အဝါရောင် လွင်ပြင်ငယ်လေးတွေ အများအပြား ။ ပန်းရနံ့ ခပ်သင်းသင်းကလည်း လေအဝှေ့မှာ နှာဝကို တိုးလို့ကျီစယ်သည် ။
     ပန်းချစ်မြို့ ။ တစ်ယောက်သောသူ ပေးထားတဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ ပန်းပေါင်းစုံဖူးပွင့်ရာမြို့လေး ။ဒီပန်းချစ်မြို့လေးဆီ ဟိုအရင် လာစဉ်က ကြိုနေတာက သူ့ကို ချစ်တဲ့သူနှစ်ယောက် ။ ခုတစ်ကြိမ်ရောက်လာချိန်မှာ သူ့ကိုမျော်နေသူက တစ်ယောက်သာရှိပြီး သူက ရှာဖွေရမဲ့သူက နှစ်ယောက်ရှိနေသည် ။
       ဒီတစ်ကြိမ်မှာ ဆုံဖို့ အကြောင်းမကြားထားတော့ ရှောင်ပုန်းနေမဲ့သူလည်း မရှိ ။

    မျက်စိဖွင့် နားစွင့်ပြီး တစ်ယောက်သောသူကို အရင်ရှာရလိမ့်မည် ။ ထိုသူကား တစ်ကြိမ်သာတွေ့ဖူးပေမဲ့ ရုပ်ရည်ကို ခုချိန်ထိ သူ့မှတ်ညဏ်ထဲ စွဲမြဲအောင်မှတ်မိနေတဲ့ အိအိအောင် ဆိုတဲ့အမျိုးသမီး ။ သူ တွေ့ချင်တဲ့သူကို သိတဲ့ တစ်ဦးတည်းသော အမျိုးသမီးလေး ။

      သူ ဒီမြို့လေးကို မလာခင်က block ထားတဲ့ အကောင့်တစ်ခုကို bl ပြန်ဖြည်ပြီး မေမေ့သမီးအလတ်မဆိုတဲ့ နာမည်လေးရိုက်ထည့် ပြီးရှာကြည့်သေးသည် ။ အများကြီး ကျလာတဲ့ နာမည်တူတွေထဲမှာ သူ့ရဲ့ အလတ်မလေးလို့ ယူဆရတဲ့သူ တစ်ယောက်မှ ရှိမနေ ။ မေမေ့သမီး အလတ်မ ဆိုတဲ့ နာမည်နဲ့ ကလေးလေးသေးသေးလေးပွေ့ချီပြီး မိသားစုပုံ တင်ထားတဲ့ အကောင့်တစ်ခုကို မြင်တော့ ရင်ထဲနင့်ခနဲ ။  မဟုတ်နိုင်ပါဘူးလို့ သိစိတ်က သတိပေးခဲ့ပေမဲ့ မျက်ရည်မြစ်လေး ပါးပြင်ပေါ်  ဖြတ်စီးလာတာကိုတော့ သူမတားဆီးနိုင်ခဲ့ပါ ။ တကယ်ဆိုရင်ကော ။ အို မဟုတ်ပါစေနဲ့ ။
    ''မမလေး ရောက်တော့မယ်ဗျ...ဟိုတယ်ကို အရင်ဝင်မလား နေမဲ့အိမ်ကို အရင်သွားမလားဗျ...´´
    ကားဆရာအသံကြားမှ ရင်တနင့်နင့် ခံစားချက်တွေကနေ နိုးထလာရသည် ။  ဖွားဖွားနဲ့ နေရမှာ ကြောက်တယ် ဆိုပေမဲ့
ရောက်ရောက်ခြင်းတော့ ဖွားဖွားကို အရင် နုတ်ဆက်သင့်တာပေါ့ ။ လမ်းကျယ်ကျယ် ခြံကျယ်ကျယ်နဲ့ သီးသန့်ဆန်တဲ့ အိမ်တွေတည်ရှိတဲ့ ရပ်ကွက်တစ်ခုထဲသို့ ကားလေးက တဖြည်းဖြည်း ဝင်
ရောက်လာသည် ။
   မကြားနိုင်မှန်း သိပေမဲ့ တစ်စုံတစ်ယောက်ကို စိတ်ထဲကနေ တိုင်တည် လိုက်မိသည် ။ 
   **  မင်္ဂလာပါ ... ကိုယ်ရောက်လာပြီနော်...မကြာခင် ဆုံကြမယ်လေ...**
  >~<  >~<  >~<  >~<  >~<  >~<  >~<  >~<
    လမ်းသွားရင်းလည်း ရှာတယ် ။ ကားမောင်းနေရင်းလည်းရှာတယ်။အလုပ်လုပ်နေရင်းနဲ့လည်း မျက်စိဖွင့် နားစွင့်ထားမိတယ်။ တမင်ပုန်းနေတာ မဟုတ်ပေမဲ့ နာမည်လေးတစ်လုံးသာသိတဲ့ လူတစ်ယောက်ကို ရှာရတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပါဘဲ ။

     သူ ဒီမြို့လေးကို ရောက်နေတာ နှစ်လကျော်လို့ သုံးလထဲ ရောက်တော့မယ်။ ခုထိ အိအိအောင် ဆိုတဲ့ အမျိုးသမီးကို ရှာမတွေ့သေး ။ သူတို့နေတဲ့ လူကုံထံ ရပ်ကွက်နဲ့ အလှမ်းဝေးတဲ့ ရပ်ကွက်တွေဘက်လည်း သူအားတိုင်း ဆိုင်ကယ်တစ်စီးနဲ့ ပတ်ရှာသည် ။ ဖူးစာမှန်ရင် ပြန်တွေ့ပါစေလို့သာ တစ်နေဝင်ပြီး တမိုးချုပ်သွားတိုင်း ဆုတောင်းဖြစ်ခဲ့သည် ။
''မမလေး...ကျွန်တော့်ကို ခေါ်တယ်ဆိုလို့...  ´´
'' ဟုတ်တယ်...အလုပ်ကိစ္စ စကားပြောဖို့ ချိန်းထားတဲ့ ကော်ဖီဆိုင်ကို မသိလို့ လိုက်ပို့ပေးလို့ရမလား ...´´
''ဟုတ်ကဲ့ဗျ... ´´
     သူတို့ရောက်တော့ ချိန်းထားတဲ့သူက ရောက်နှင့်နေပြီ ။ ခြံအကျယ်ကြီးထဲမှာ မျက်နှာစာတစ်ခုလုံးကို မှန်ချပ်ကြည်ကြည်တွေအပြည့်ကာထားတဲ့ ကော်ဖီဆိုင်လေးက လင်းချင်းပြီး ထိုင်ချင်စဖွယ် စိတ်ကိုဆွဲဆောင်နိုင်လှသည် ။
''အချစ်ရိပ် ´´ဆိုတဲ့ ဆိုင်နာမည်ကိုဖတ်ပြီး သူ သဘောတကျပြုံးလိုက်မိသေးသည် ။
ဆိုင်တံခါးကို တွန်းဖွင့်လိုက်တာနဲ့ ကော်ဖီနံ့သင်းသင်းက ဆီးကြိုသည် ။
    အလုပ်ကိစ္စစကားပြောနေရင်းက သူ့အကြည့်တို့က ကော်ဖီဆိုင်နဲ့ မျက်နှာခြင်းဆိုင် လမ်းတစ်ဖက်ခြမ်းက ဆိုင်းဘုတ်တစ်ခုဆီ အကြည့်ရောက်သည် ။  ''မေမေ့အရိပ်´´ဆိုတဲ့ နာမည်နဲ့ ကုန်စုံဆိုင်တစ်ဆိုင် ။ အချစ်ရိပ် နဲ့ မေမေ့အရိပ် ။ အမယ် မျက်နှာခြင်းဆိုင် နေတဲ့အနေအထားမှာ ဆိုင်နာမည်တွေက ဆွဲဆောင်အားကောင်းနေသည် ။
     စကားပြောနေတုန်းမို့ လူကမအားပေမဲ့ မျက်စိကအားနေတာမို့  ကုန်စုံဆိုင်ရှေ့က အမိုးအပြာလေးအောက်မှာ ထုတ်ချထားသည့် ငွေသိမ်းကောင်တာဆီသို့ ဘာရယ်မဟုတ် အကြည့်ရောက်သွားသည် ။
     မြင်ကွင်းထဲ ဝင်လာတဲ့ ပုံရိပ်နှစ်ခု ။ အတိအကျပြောရရင် ကောင်မလေး နှစ်ယောက် ။ တစ်ယောက်က ကလေးလေးတစ်ယောက်ကို ပွေ့ချီထားပြီး ကျန်တစ်ယောက်က ကလေးကို ချော့မြူရင်း ကလေးနဲ့ စကားပြောနေသည် ။ သူ့အကြည့်တို့က ထိုနေ ရာမှ ခွာမရတော့ ။ လှလိုက်တာ ။ မြင်ကွင်းက အရမ်းလှနေသည် ။
     အလုပ်အကြောင်း ဘာတွေပြောလို့ ဘယ်လို သဘောတူညီချက်တွေ ရသလဲ သူမသိတော့ ။ သူ့ကို နုတ်ဆက်ပြန်သွားတဲ့ လူကို တစ်ချက်ပြုံးပြပြီး နေရာမှာ ထိုင်ကျန်ခဲ့တဲ့ သူ့အာရုံကတော့ မှန်ချပ်တွေကတစ်ဆင့် ဖြတ်ပြီးမြင်နေရတဲ့ ပုံရိပ်တို့ဆီမှာသာ ကပ်ငြိနေသည် ။
     ကလေးချီထားတဲ့ တစ်ယောက်က  ကလေးကို ချော့သိပ်နေပြီး ဘေးက အရမ်းလှတဲ့ ကောင်မလေးကတော့ ကလေးကို တငုံ့ကြည့်ကြည့်နဲ့ ။ ထို ပုံရိပ်တွေဆီက အကြည့်မလွှဲနိုင်တဲ့ သူက သူ့ခန္ဓာကိုယ်က ထူးခြားချက် တစ်ခုကို သတိပြုမိလာသည် ။

    တသက်လုံး အိန္ဒြေရရ နေတတ်တဲ့ ဘယ်
သူနဲ့ အတူရှိရှိ ငြိမ်သက်နေတတ်တဲ့ ဘယ်ဘက်ရင်ဘတ်ထဲက အစိုင်အခဲလေးရဲ့ ခပ်ပြင်းပြင်း လှုပ်ခတ်နေမှုကို ခံစားနေရတာ ။
    ဘာဖြစ်တာလဲ ။ သူ ဘယ်ဘက်ရင်ဘတ်ပေါ် လက်တင်လိုက်တော့ လှုပ်ရှားနေမှုက သိသိသာသာ ။ ဘာလဲ သူခု ရင်ခုန်နေတာလား ။လူဘဲ ရင် မခုန်ရင် သေသွားမှာပေါ့ ။ မဟုတ်သေးဘူး အချစ်နဲ့တွေ့ရင် နှလုံးသားက သူ့အလိုလို လှုပ်ရှားလာတတ်တယ်တဲ့ ။ သူ့စိတ်နဲ့ သူ ရန်ဖြစ်နေမိသည် ။
    သူစိမ်းနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိ ချစ်တယ်ပြောပြော
နှလုံးသားက အချက်မပြရင်၊ နှလုံးသားက သူလက်ခံလိုတဲ့ သူမဟုတ်ရင်၊ နှလုံးသားက ခုန်ပေါက်ပျော်ရွှင်ပြီး ဆီးကြိုခံရတဲ့သူ မဟုတ်ခဲ့ရင် အဲ့ဒီသူစိမ်းနှစ်ယောက်က အလိုလိုနေရင်း ဝေးကြရတယ်တဲ့ ။
     စတွေ့ခါစမှာ ရင်တစ်ခုလုံး ဗြောင်းဆန်နေအောင် လှုပ်ရှားပြီး အသည်းအသန် ချစ်ပြကြသလောက် အချိန်ကြာလို့ ရင်ခုန်သံတွေ အေးခဲ သွားတဲ့ အခါကျရင်လည်း အဲ့ဒီလူနှစ်ယောက်က အချိန်တန်ရင် ဝေးသွားကြတာဘဲတဲ့ ။
     တချို့ကျတော့ အသက်တွေ ရလာချိန်မှာ ရင်ခုန်နှုန်းက ငယ်ငယ်ကလောက် မမြန်တော့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်အတူ ရှိနေချိန်မှာ စိတ်ထဲနွေးထွေးပြီး အချစ်ကနေ သံယောဇဉ်အဖြစ် ညင်ညင်သာသာ ပြောင်းလဲလို့ သေတပန် သက်တဆုံးတိုင် အတူ နေထိုင်သွားနိုင်ကြသတဲ့ ။
    ခုတော့သူသိပြီ ။ သူစိမ်းပြင်ပြင် လူနှစ်ယောက်ရဲ့ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ဆိုရင်
နှလုံးသားရဲ့ အမိန့်တော်မပါဘဲ ဘယ်လိုမှ ရေရှည်လက်တွဲ အတူရှိဖို့ မဖြစ်နိုင်ဘူးဆိုတာလေ ။ သူ့ရဲ့ များစွာသော ဇာတ်လမ်းတွေမှာ နှလုံးသားက အမိန့်မပေးတဲ့အခါ လက်တွဲတွေ မမြဲခဲ့တာပါလားလို့  သူ သဘောပေါက်ခဲ့ပြီ ။ခုတော့ သူတကယ် ချစ်ရမဲ့၊ သူ့တစ်သက်လုံး လက်တွဲသွားရမဲ့ သူကိုတွေ့ပြီလို့ သူ့နှလုံးသားက ပျော်ရွှင်စွာ ခုန်ပေါက်ပြီး သူ့ကို အချက်ပြနေပြီ ။ မင်းချစ်သူအဖြစ် သူ့ကိုရွေးလိုက်လို့ ဆူညံစွာခုန်ပေါက်အော်ဟစ် အမိန့်ပေးနေပြီ။သူ့နှလုံးသားက ပေးတဲ့ အမိန့်တော်ကို သူရိုသေစွာ နာခံလိုက်နာရပါတော့မည် ။
     သူ့ရဲ့ ခံစားချက်ကို သေချာစေရန် သူအကြည့်မလွှဲနိုင်တဲ့ ရင်ခုန်သံရပ်ဝန်းဆီကနေ အားယူပြီး အကြည့်တို့ကို တခြားပို့လိုက်တဲ့အခါ အရမ်းကို ပျော်ရွှင်ခုန်ပေါက်နေတဲ့ နှလုံးသားလေးက တဖြည်းဖြည်း တည်ကြည်ငြိမ်သက်သွားသည် ။

     အတန်ကြာ ငြိမ်သက်နေပြီး စိတ်နှလုံး တည်ငြိမ်ပြီဆိုမှ သူ့အကြည့်တို့ကို ကလေးလေးကို ချော့မြူနေသည့် တစ်ယောက်သောသူထံ ပြန်လည်ပို့ဆောင်မိသည် ။ဟော ။ ငြိမ်သွားတဲ့ နှလုံးသားက ပြန်လည်လှုပ်ရှားလာပြန်ပြီ။

   မျက်လွှာချထားတဲ့ မျက်ဝန်းလေးတွေက ဘာအရောင်လဲ။ ခပ်ရဲရဲနုတ်ခမ်းကလေးက ဆေးကူထားသလား။ ဝါညက်ညက်အသားအရည်ကကော ဘယ်လို skin care တွေကို အသုံးပြုသလဲ ။ ထိုင်နေတော့ အရပ် ရှည်သလား ပုသလား မသဲကွဲ ။သူမရှေ့က ကောင်တာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ မြင်ရသည် ။  ကိုယ့်နှလုံးသားရဲ့ အရှင်သခင်မလေးရေ ။ မင်းက အဝေးကမြင်ရတာနဲ့တင် ချစ်စရာကောင်းလိုက်တာ ။

    တော်တော် ခွဲခြားခွဲခြား နိုင်တဲ့ကောင် ။ နှစ်ယောက်အတူတူ ထိုင်နေတာ တွေ့နေပါရဲ့နဲ့ ကလေးလေးကို အတူတူ ချော့မြူနေကြတာပေမဲ့ တစ်ယောက်သောသူထံ အကြည့်ရောက်ချိန်မှာ နှလုံးသားကငြိမ်သက်နေပြီး တခြားတစ်ယောက်ဆီ အကြည့်တို့ ရွေ့လျားမိမှ ဒင်းက ပျော်ရွှင်ခုန်ပေါက်ပြရသတဲ့လား။
     မင်းဘယ်သူလဲ ။ ကောင်မလေးရယ် ။ ကိုယ့်နှလုံးသားရဲ့ အချက်ပြသံကို ကြားစေခဲ့တဲ့ ကိုယ့်နှလုံးသားရဲ့ ရွေးခြယ်ခြင်းကို ခံခဲ့ရတဲ့ မင်းက ဘယ်သူများလဲကွယ် ။ ကလေးလေးကို ထွေးပိုက်ချော့မြူနေပုံကြည့်ရတာ ကလေးအမေများ ဖြစ်နေမလား ။ အို မဟုတ်ဘူး ။ မဟုတ်ဘူး ။ကလေးနဲ့အတူရှိနေတာက နှစ်ယောက်လေ ။သူလေးက ကလေးအမေ မဖြစ်နိုင်ပါဘူး ။ မင်းက ပိုင်ရှင်မရှိသေးတဲ့ ကိုယ့်နှလုံးသားရဲ့ အရှင်သခင်မလေး ဖြစ်လာရမှာ ။ မင်းမှာ ပိုင်ရှင်မရှိနှင့်ပါစေနဲ့ ကောင်မလေးရေ ။
      ထိုခဏမှာ သူ့စိတ်ကို အကြီးအကျယ် လွှမ်းမိုးထားပြီး သူ အပူတပြင်း ရှာဖွေနေတဲ့ အလတ်မဆိုတဲ့ ကောင်မလေး တစ်ယောက်ကို သူ မေ့လျော့နေမိတာ ဝန်ခံပါသည် ။
  × _ ×  × _ ×  × _ ×  × _ ×  × _ ×  × _ ×

  ''ငယ်လေး...စာကျက်စရာ ရှိသေးတယ်မလား...သွားကျက်လေ... ´´
    လတ် ဘေးနားထိုင်ပြီး သားသားကို ချော့မြူနေတဲ့ ငယ်လေးကို လတ် သဘောကျစွာ ကြည့်နေမိရင်းက ပြောလိုက်သည် ။ မမ အိမ်ထောင်ကျပြီးနောက်ပြီး လတ်နဲ့ ငယ်လေးက ဟို အရင်ကလို အနေမစိမ်းကြတော့ ။ အမြဲတမ်း မမနဲ့ တပူးတွဲတွဲ လုပ်နေတတ်တဲ့ ငယ်လေးက မမ ကျောင်းမှာသွားနေတော့လည်း သီးသန့်အေးဆေးနေနေသည်သာ ။ နောက်ပိုင်းတွေကျမှ လတ် အလုပ်များလာပြီး ပင်ပန်းညှိုးနွမ်းနေတာကို မြင်ဖန်များလာမှ ကူဖော်လောင်ဖက်ရလာကာ လတ် အနားတကပ်ကပ် ဖြစ်လာတော့တာ ။
    ဝါဝင်းစိုပြေတဲ့ အသားအရည် နဲ့ ထိရက်စရာမရှိအောင် လှတဲ့ ငယ်လေးက လတ်တို့ညီအစ်မသုံးယောက်ထဲမှာ အလှဆုံးလို့ ပြောရပေလိမ့်မည် ။ မေမေက သူ့သမီးအငယ်ဆုံးလေးကို နောက်ဆုံးပိတ်မို့ ရှိသမျှ အလှတရားတွေ ပုံပေးထားသလားလို့တောင် လတ်တွေးမိသေးသည် ။
     ငယ်လေးနဲ့ ယှဉ်တွဲရှိနေချိန်တိုင်းမှာ လတ်ကိုယ်လတ် လမင်းကြီးဘေးနားက ကြယ်မှုန်ကြယ်မွှားလေးအဖြစ် ခံစားရသည် ။ ငယ်ငယ်ကတည်းက ဘဲရုပ်ဆိုးလေးလို့ အခေါ်ခံရတဲ့ လတ်က ငယ်လေးနဲ့အတူရှိချိန်ဆို အားငယ်ရှက်စိတ်လေး ဝင်တတ်မြဲ။
      ''  ကျက်မှာပါ မမလတ်ရဲ့ ...ခဏလေးပါ  
   ...သားသားအိပ်သွားရင် တခါတည်း ခေါ်သွားပေးမလို့...´´

''ပြီးရော...ပြီးရော...ငယ်လေးက စကားပြောနေတော့ ကလေးက နို့ဗူးစို့ရင် ပြူးနေပြီကြည့် ...အိပ်ပါဦးမလား ဒီမျက်လုံးတွေက... ´´

     လတ် တို့နှစ်ယောက် စကားပြောနေတာကို ကြည့်ရင်း နို့ဗူးစို့နေတဲ့ ကလေးလေးက လတ်တို့ ပြောနေတာကို  နားလည်သလိုလိုနဲ့
ပြုံးရယ်ပြနေပြန်ရာ ညီအစ်မနှစ်ယောက် သဘောကျစွာ ပြိုင်တူရယ် လိုက်မိကြသည် ။
     ငယ်လေးရဲ့ ပါးပြင်ပေါ်က ညာဘက်တစ်ဖက်တည်းမှာ ပါတဲ့ပါးချိုင့်လေးကို လတ် လက်ဖျားလေးနဲ့ ခပ်ဖွဖွ တို့ထိကြည့်လိုက်မိသည် ။ ပြုံးရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့ ပါးချိုင့်လေး။

''မလတ်ရဲ့ ငယ်လေးက လှလိုက်တာ...ဟောဒီပါးချိုင့်လေးထဲ ဝင်ပုန်းနေချင်တယ်လို့ ကောင်လေးဘယ်နှစ်ယောက်လောက်က ပြောပြီးပြီလဲဟင်...´´
    လတ် စကားကြောင့် ငယ်လေးက သဘောတကျ ရယ်သည် ။
'' ငါ့မမလတ်က ကဗျာတွေ ဆန်နေပြန်ပါပြီ မရှိဘူးလို့တော့ ငယ်လေးမငြင်းဘူးနော် ...ဒါပေမဲ့ ငယ်လေး မိသားစုကို အလုပ်အကျွေးပြန်မပြုရသေးဘဲနဲ့တော့ အိမ်ထောင်ရေး မစဉ်းစားဘူး သိလား...မေမေနဲ့ မမလတ် ပင်ပန်းနေတာကို မကြည့်ရက်တော့ဘူး...ငယ်လေး ကျောင်းပြီး အလုပ်ရပြီး မမလတ်လည်း အိမ်ထောင်ပြုပြီးမှ ငယ်လေးအိမ်ထောင်ရေးကို စဉ်းစားမှာ... ''
  ''အမလေးတော်ပါပြီ ငယ်လေးရယ်...မြင်နေကြားနေရတာတွေ စိတ်ကုန်လွန်းလို့...မမလတ်အိမ်ထောင်ပြုပြီးမှ ငယ်လေးအလှည့်ဆိုရင် သေချာတယ် ငယ်လေး အပျိုကြီး ဖြစ်တော့မှာ...မမလတ် ဒီတစ်သက်တော့ ယောက်ျားမယူဘူး... ´´
'' ငယ်လေးသိပါတယ်နော် ...မမလတ် ယောက်ျားတွေကို စိတ်မဝင်စားဘူးဆိုတာ...ယောက်ျားမယူချင်ရင် မိန်းမယူပေါ့ မမလတ်ရဲ့...ခုခေတ် les အတွဲလေးတွေများ ဘယ်လောက် ချစ်ဖို့ကောင်းလဲ...´´
     လတ်မျက်နှာ ချက်ခြင်းနီရဲ တက်လာသည် ။ မေ့ဖျောက်ထားတဲ့ အကြောင်းအရာတွေက အာရုံထဲ ရိပ်ခနဲ ဖြတ်ပြေးကြသည် ။
''ဟဲ့...ဒီကောင်မလေး...ဘာတွေလျောက်ပြော
နေတာလဲ...မေမေကြာသွားလို့ ဆူခံထိနေဦးမယ်...´´
''အမယ် မရှက်ပါနဲ့ မမလတ်ကလည်း ...ငယ်လေး သူငယ်ချင်း ချောချောလေးတွေထဲမှာလည်း les လေးတွေရှိတယ်...တစ်နေ့နေ့တော့ ငါ့မမလတ်နဲ့ မိတ်ဆက်ပေးရဦးမယ်... ´´
'' ဒီကောင်မလေးတော့ ပြောလေကဲလေ...
တော်ပါတော့ဆို...´´
    လတ်တို့နှစ်ယောက် ငြင်းခုန်ရယ်မောနေတာကို လတ်ရင်ခွင်ထဲက သားသားကလည်း နားလည်သလိုလိုနဲ့ လိုက်ရယ်နေလေရာ လတ်တို့ညီအစ်မနှစ်ယောက်မှာ သားသားကို ကြည့်ပြီး ပိုမိုသဘောကျ ရယ်ရှိန်သတ်မရဖြစ်နေကြသည် ။
      ဆိုင်အဝင်ဝမှာ လူရိပ်မြင်လိုက်တာကြောင့် လတ် သားသားဆီကနေ ထို အရိပ်ထံသို့ အကြည့်ပို့လိုက်မိသည် ။ ဈေးဝယ်ထင်ပါရဲ့လို့ ခရီးဦးကြိုမည့် လတ်ရဲ့ နုတ်ခမ်းတို့က ဝင်လာသူကို သဲသဲကွဲကွဲ မြင်လိုက်ရချိန်မှာ အာစေးထည့်ခံလိုက်ရသလို ဆွံ့အသွားသည် ။ နေ့ခင်းကြောင်တောင်အိပ်မက်များလား။ 

       ငယ်လေးရဲ့ မျက်နှာကို တရှိုက်မက်မက် ငေးပြီး ဝင်လာတဲ့သူ ။ သိစိတ်လွတ်နေသူလို အကြည့်တွေက ငယ်လေးဆီမှာ ငြိတွယ်နေရင်း ဆိုင်ထဲသို့ လှမ်းဝင်လာတဲ့သူ ။
လတ် သည် အရယ်မပျက်သေးတဲ့ ငယ်လေးကိုတလှည့် ငယ်လေးဆီမှ အကြည့်မခွာတဲ့ သူ့ကိုတလှည့်ကြည့်ရင်း
ရှက်ရွံ့သိမ်ငယ်စိတ်ကြောင့် ဦးခေါင်းကို ဆတ်ခနဲ ငုံ့ချလိုက်မိသည် ။

     လတ်ကို သူကမမြင်ဖူးပေမဲ့ လတ်က အပြင်မှာတစ်ခါမြင်ဖူးတဲ့ လတ်ရဲ့ ချစ်ခဲ့ဖူးသူ ။ အင်းချစ်ခဲ့ဖူးသူပေါ့ ။ ဒီနေ့ဒီအချိန်ထိ လတ်နှလုံးသားကို စိုးမိုးထားနိုင်တဲ့သူ။ ငယ်လေးကိုကြည့်နေတဲ့ သူ့မျက်ဝန်းထဲမှာ ရီဝေရွှန်းစိုတဲ့ ချစ်ရိပ်ချစ်ရည်တွေ ဖြာလဲ့နေတာ မြင်လိုက်ရချိန်မှာ လတ်ရဲ့ အနာဂတ်တစ်ခုလုံး မှောင်အတိ ကျသွားသလို ။ လတ် သားသားကို ပွေ့ချီပြီး ထရပ်လိုက်ကာ အိမ်အတွင်းထဲသို့ ပြေးဝင်လာခဲ့သည် ။ သူသာရှေ့ဆက်တိုးပြီး ငယ်လေးကို ဖွင့်ဟလက်ကမ်းလာခဲ့ရင်  လတ် အားလုံးနဲ့အဝေးဆုံးကို ထွက်ပြေးသွားမှာ ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now