part...22

8.3K 742 83
                                    

အပိုင်း ၂၂
အိပ်မပျော်တဲ့ည ။ သာမန်လူတွေ အတွက်တော့ အိပ်မပျော်တဲ့ညဟာ ညတာရှည်လွန်းတယ်လို့ ထင်ရတယ်တဲ့ ။
   အိပ်မပျော်တဲ့ ညတစ်ညကိုပိုင်ဆိုင်ထားပေမဲ့ ဒီညတာဟာ လတ်အတွက်တော့ တိုလွန်းလိုက်တာလို့ ထင်မိသည် ။
   မျက်ဝန်းကိုပိတ် အိပ်စက်မယ်ကြံလိုက်တိုင်း မနက်ဖြန် ညနေ ခြောက်နာရီ ဆိုတဲ့စကားက လတ်ရဲ့ အိပ်ချင်စိတ်ကို နိုးစက်ပေးနေသလို ။ လူးလူးလှိမ့်လှိမ့်နဲ့ အိပ်မရတဲ့ည။
   ချစ်တဲ့သူနဲ့အတူ ဘဝခရီးသစ်ကို လျောက်လှမ်းရတော့မယ်တဲ့ ။လတ်စိတ်ထဲမှာ သူ့ကို ချစ်ခြင်းက တစ်ဖက် ။ အခြေအနေကို မယုံကြည်နိုင်သေးခြင်းက တစ်ဖက် ။ မေမေနဲ့ ငယ်လေးကို ထားခဲ့ရမှာ စိတ်မချတာကတစ်ဖက်။ လွန်ဆွဲနေသည် ။ ငယ်လေးအတွက်က စိတ်ပူပေမဲ့အရမ်းကြီးတော့မဟုတ် ။ ကျောင်းပြီးတာနဲ့ သူ့လမ်းသူလျောက်သွားမှာ ။
   မေမေ့ကိုလည်း လတ်အခြေကျတာနဲ့ ပြန်လာခေါ်မှာ ။ မေမေလိုက်မလိုက်မသေချာပေမဲ့ ။ နိုင်က ခွင့်ပြု မပြု မသေချာပေမဲ့ လတ် မေမေ့ကို လတ်နားဘဲ ခေါ်ထားမှာ ။ မေမေ့ကို အေးအေးချမ်းချမ်းလေး တရားအားထုတ်ပြီး ဘုရားတရားလေးနဲ့ နေစေချင်ပြီ ။ တနေကုန် ချွေးတလုံးလုံးနဲ့ အိမ်သူအိမ်သားတွေရဲ့ ဝတ်ကြီးဝတ်ငယ် ပြုနေရတဲ့ ဘဝ ကနေ လွတ်စေချင်ပြီ ။
      နိုင် ။ နိုင်က လတ်မေမေ့ကို ကြည်ဖြူပါ့မလား ။ နိုင်နဲ့က အနာဂတ်အကြောင်း သေချာမဆွေးနွေးရသေးဘဲနဲ့ ခုတော့ ဘဝတစ်ခုကို အတူတည်ထောင်ကြရတော့မည် ။ အတွေးအိမ်ထဲ ချာချာလည်နေပြီး တရေးမျှ မအိပ်လိုက်ရပေမဲ့ ဒီနေ့က နေထွက်စောလိုက်တာလို့ ထင်နေမိပြန်သည် ။
    လတ်က ပုံမှန် မနက်လေးနာရီခွဲဆို ထနေကြ။ ဘုရားဝတ်ပြုပြီး ဆိုင်ဖွင့်ထားပြီး မနက်စာပြင်ဖို့ မီးဖိုခန်းထဲ ဝင်လာခဲ့သည် ။ ဒီတစ်နေ့ကုန်ပြီး ညမြန်မြန်ရောက်အောင် လတ် ဆုတောင်းနေမိသည် ။တစ်နေကုန် မေမေ့ရှေ့မှာ ဟန်မပျက်နေနိုင်အောင် လတ်ကြိုးစားရပါလိမ့်ဦးမည် ။ မနက်စောစော သနပ်ခါးလေး အဖွေးသားနဲ့ မေမေ့မျက်နှာကို ငေးကြည့်ရင်း လတ် ဝမ်းနည်းလာသည် ။ မနေ့က နိုင်နိုင့်နောက်ကို လိုက်သွားတော့ သမီးလို့ မေမေက ပြောခဲ့ပေမဲ့ ခု မနက်ချက်ခြင်းကြီးကို လတ် သူ့နောက် လိုက်သွားတော့မဲ့အကြောင်း မေမေ့ကို မပြောရဲ။ ပြောလည်း မပြောရက် ။ လတ် မရှိရင် မေမေတစ်ယောက်တည်း ပင်ပန်းနေတော့မှာ ။ လတ် မေမေ့ကို ထားခဲ့ရမှာ စိတ်မဖြောင့် ။  ခဏပဲနော် မေမေနော် ။ လတ် လေ မေမေ့ကို လာပြန်ခေါ်မှာ သိလား ။
     ''အလတ်မရေ...မျက်တွင်းတွေညိုလို...ညက ကလေးငိုနေလို့ အိပ်မရဘူးလား သမီး...´´
မေမေ့အသံက ခါတိုင်းနဲ့ မတူစွာ နူးညံ့သိမ်မွေ့နေသည် ။ ထူးထူးဆန်းဆန်း လတ်ကို မျက်ရည်ကြည်ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လို့။ မေမေ လတ်ကို သနားနေလေသလား ။ မနေ့ညက အဖြစ်အပျက်တွေကြောင့်  မေမေလတ်အ တွက် စိတ်မကောင်း ဖြစ်နေလေသလား ။ လတ် ယောင်နေတဲ့ ပါးပြင်နှစ်ဖက်ကို ခပ်ဖွဖွ စမ်းမိသည် ။ မနေ့ညက ငယ်လေး ရေခဲကပ်ပေးထားလို့ အရမ်းတော့ ယောင်ကိုင်းမနေ ။ ညနေတော့ သက်သာလောက်ပါရဲ့ ။ နိုင် သိသွားမှာစိုးလို့ ။  လတ်ကြောင့် သူစိတ်ဆင်းရဲ မှာစိုးလို့ပါ ။
      လတ်သည် ငယ်ငယ်ကတည်းက မေမေနဲ့ကော ဖေဖေနဲ့ပါ အရမ်းနီးကပ် မနေခဲ့ရ ။ ခုတော့ လတ်သည် ထိုင်နေတဲ့ မေမေ့ကို နောက်ကျောကနေ သိုင်းဖက်ပြီး မေမေ့ ပခုံးပေါ်မှာ ပါးလေးအပ်ထားမိသည် ။
''အိပ်ပျော်ပါတယ် မေမေ...မေမေ လတ်ကို ချစ်လားဟင်...´´
      လတ်အသံက ငိုသံစွက်လာနေပြီ ။ လတ် မေမေနဲ့ မခွဲချင်ပါ ။ သို့သော် လတ်ကို မလိုလားတဲ့ ပတ်ဝန်းကျင်မှာလည်း လတ် မနေလိုတော့။
  ''ဒီကလေးမ စောစောစီးစီး အမေကိုလာချွဲနေတယ် ...လုပ်စရာ ရှိတာလုပ်တော့...ခဏနေ ကလေးနိုးလာရင် အလုပ်မဖြစ်တော့ဘူး...´´
    ''ဟုတ်ကဲ့ပါ မေမေရဲ့....´´
      လတ် မေမေ့ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်းတော့ မေမေက လတ် လက်ကို ခပ်ဖွဖွရိုက်ပြီး ပြုံးနေသည်။
လတ် မေမေ့မျက်နှာကို သေချာကြည့်နေရာက တစ်ခုခုကို သတိရလာသလို ။ နေပါဦး။ ကလေးငိုနေလို့ အိပ်မရဘူးလား လို့ မေမေပြောလိုက်သလား ။  လတ် မေမေ့ကို ကပ်ချွဲနေလို သေချာသတိမထားမိလိုက် ။
''ညက သားသား ငိုနေတာလား မေမေ...´´
''တစ်ညလုံးဖျားပြီး ဂျီကျနေတာ လေ...မိုးလင်းခါနီးမှ အိပ်သွားတာ...´´
     လတ် စိတ်ထဲ လေးပင်ကျသွားသည် ။ သားသားက နေမကောင်းဘူးဆို လက်ပေါ်က ချမရတော့ ။ တနေကုန် ကျောပိုးရင်း အလုပ်လုပ် ။  ထိုင်နေရင် ပွေ့ချီထားပေတော့ဘဲ ။မေမေနဲ့ လတ် တလှည့်စီ ထိန်းပေတော့ပေါ့။ မမကကျောင်းသွားရမည်လေ ။ ကလေးအဖေ ဆိုတာက မမရှေ့ကထွက် သူက နောက်ကထွက် ဆိုတာမျိုး ။
လတ် နိုင့်ကို သတိရမိပြန်သည် ။ နိုင်က လတ်ကို စာတွေတောက်လျောက်ပို့နေတာ ။ လတ် အိမ်အောက်မဆင်းခင် ဖုန်းဖွင့်ကြည့်တော့ sms တွေတန်းစီနေအောင် ပို့ထားသည် ။

    မှတ်ပုံတင် မမေ့ဖို့ ။ ဘာပစ္စည်းမှ ယူမလာဖို့ ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ဖို့ ။ ဆိုင်မှာ လူရှုပ်မှ မသိမသာ ထွက်လာဖို့ ။ သူမရောက်သေးရင် လမ်းထိပ်မှာဘဲ စောင့်နေဖို့ ။သူ ကြိုရောက်နေအောင်တော့ လာနေမယ်တဲ့ ။  ကြည့်ရတာ နိုင်လည်း ညက အိပ်ပျော်ပုံမရ ။
   ''ဟဲ့ အလတ်...ကလေးခေါ်ဦးလို့ ပြောနေတယ်လေ...´´
ခပ်ဆတ်ဆတ်အော်လိုက်တဲ့ မေမေ့အသံကြောင့် လတ် အတွေးထဲ နစ်နေရာမှ ကိုယ်လေးတုန်တက်သွားအောင် လန့်ဖျတ်သွားရသည် ။
     ညက ပြဿနာကြောင့် မမက လတ်ကို မကြည့် ။ ကလေးကိုလည်း လတ်ကို တိုက်ရိုက်မပေးဘဲ မေမေ့လက်ထဲသာ ထည့်ပေးသည် ။ လတ်က မေမေ့လက်ထဲနေ သားသားကို လွှဲယူပြီး အိမ်ရှေ့သို့ ထွက်လာခဲ့သည် ။
    ''လတ်ကလေးရေ... ကိုယ်စာပို့ထားတာတွေ့လား...´´
    သီးသန့် ရင်းတုန်းသံကြောင့် ဖုန်းကောက်ကိုင်ကိုင်ချင်း ထွက်လာတဲ့ သူ့အသံက ခပ်တိုးတိုး ခပ်အုပ်အုပ် ။
''ဟုတ်...တွေ့တယ် နိုင်....´´
     အိမ်အတွင်းထဲကို အကဲလှမ်းခတ်ရင် လတ်လည်း ခပ်တိုးတိုး ပြန်ဖြေလိုက်သည် ။
''နိုင်...အိမ်ပြင်ထွက်လို့ ရရဲ့လား...နိုင့်ဖွားဖွားက နိုင့်ကို အိမ်ထဲမှာ ပိတ်ထားပြီလားဟင်...´´
     လတ် မေးခွန်းအဆုံးမှာ တစ်ဖက်က ပါးစပ်ကို လက်နဲ့ ပိတ်ပြီး တခွီခွီရယ်သံ ထွက်လာသည် ။
''နိုင်နိုင်...ဘာရယ်နေတာလဲ...သူများက တကယ်စိတ်ပူနေလို့ မေးတာကို...´´
''ဟားဟား...ကိုယ်ရယ်ချင်လို့ပါ... ဖွားဖွားက ကိုယ့်ကို ရန်ကုန်ပြန်လွှတ်နေပေမဲ့ ချုပ်မထားပါဘူးကွ...ကိုယ်တို့က ဘယ်သူမှ ကိုယ်တို့ကို မျက်စိဒေါက်ထောက်ကြည့်ပြီး မချုပ်ခြယ်သေးခင် အရင်ဦးအောင် ထွက်ပြေးကြမှာလေ ...ဘယ်သူမှ ထင်မထားတဲ့ အခြေအနေမျိုး မဟုတ်လား...မိန်းကလေးနှစ်ယောက် ခိုးပြေးကြတယ်ဆိုတာ ...ကိုယ်တို့ ပတ်ဝန်းကျင်နှစ်ခုလုံးအတွက်တော့ အသစ်ဖြစ်နေမှာကွ ...ကိုယ့်လတ်ကလေးတော့ ကိုယ့်ကြောင့်နာမည်ကြီးဦးမှာ...ဆယ်လီဖြစ်သွားရင် ကိုယ့်ကို အရင်ဆုံး  လက်မှတ်ထိုးပေးနော်...´´
    အသံခပ်အုပ်အုပ်နဲ့ ပြောလိုက်ရယ်လိုက် လုပ်နေတဲ့ သူ့ကြောင့် လတ်တောင်သူနဲ့ ရောပြီး ပျော်သလိုဖြစ်လာသည် ။

   ''မပျော်ဘူးလား လတ်ကလေး ...ဟင်...ကိုယ်ကတော့ အရမ်းပျော်နေတယ်...ကိုယ်ချစ်တဲ့ မင်းနဲ့အတူ ဘဝခရီးသစ်ကို ဆက်လျောက်ရတော့မယ်...ကိုယ်ငဲ့ကြည့်တိုင်း ဘေးမှာ မင်းရှိနေတော့မှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတဲ့အတွေးက ကိုယ့်ကို အရမ်း စိတ်လှုပ်ရှားစေတယ် သိလား...´´
  သူပြောမှ လတ် ရင်အခုန် မြန်လာသည် ။ အားရပါးရ အပြုံးက ပါးပြင်က ဒဏ်ရာကြောင့် တခဏအတွင်းမှာ လတ်မျက်နှာပေါ်ကနေ ပျောက်ကွယ်သွားသည် ။
''လတ်ကလေး...သားသားငိုနေတာလား...´´
   သူနဲ့ စကားပြောနေရင်း ရုတ်တရက် အော်ငိုလိုက်တဲ့ သားသားအသံကြောင့် သူ့ရယ်သံရပ်သွားပြီး အမေးစကားဆိုလာသည် ။
''ဟုတ်တယ်နိုင်နိုင်...သားသားက တစ်ညလုံးဖျားနေတာတဲ့ ...ခုလည်း အဖျားမကျဘူး...ခဏမှိန်းလိုက်အော်ငိုလိုက် နဲ့ ဂျီကျနေတာ...´´
     သူ့အသံက လုံးဝတိတ်ကျသွားပြီး အတန်ကြာမှ တိုးတိုးလေး ရေရွတ်သည် ။
''လတ်ကလေး...ညနေ မင်းထွက်လာမှာပါနော်...ကိုယ်တို့ ချိန်းထားတာကိုတော့ မင်းမဖျက်ဘူးမလား...လာမှာပါနော် အလတ်...´´
     လတ် သားသားကို ခဏမျှ ငုံကြည့်နေပြီးမှ သက်ပြင်းကို သူမကြားအောင် ကြိတ်ချလိုက်မိသည် ။
''လာမှာပါ နိုင်နိုင်ရဲ့ ...စိတ်ချနော်...´´
     စိတ်ချနော်ဆိုတဲ့ အသံမှာ ဖျော့တော့နေတာ သူသတိထားမိသည် ။
''ကိုယ် မင်းမလာမချင်း စောင့်နေမှာနော်...အမှောင်ထဲမှာ ကိုယ်တစ်ယောက်တည်း စောင့်နေမှာနော်...မမေ့ပါနဲ့ လတ်ကလေး...ဘာအကြောင်းကြောင့်နဲ့မှ ကိုယ်နဲ့ မင်းရဲ့ ချိန်းဆိုမှုကို မဖျက်လိုက်ပါနဲ့ ...ကိုယ်တောင်းပန်တယ်နော်...´´
   ''စိတ်ချပါနိုင်...ဘာကိစ္စရှိရှိ လတ် နိုင့်ဆီ ရောက်အောင် လာမှာပါ...´´
သူမအသံကို နားထောင်နေရင်း သက်ပြင်းမောကို သူမ မသိအောင် ခိုးရှိုက်လိုက်မိသည် ။
သူမစိတ်ကို သူအသိဆုံး ။ သူမရဲ့ မိသားစုအပေါ် တွယ်တာစိတ်ကို သူနားအလည်ဆုံး။
  သူမကိုလက်လွှတ်လိုက်ရမှာ ကြောက်တဲ့စိတ်ကလည်း သူ့ကို နှိပ်စက်နေသည် ။ ခုက သူ့ကိုအိမ်ပြန်လွှတ်ရုံ အခြေအနေအဆိုးကြီး မဟုတ်သေးပေမဲ့ ဖွားဖွားစိတ်ကို သူသိသည် ။ သူကော မေမေကောက ဖွားဖွားနဲ့ တူကြတာ ။ တဇွတ်တိုးလုပ်တတ်ပြီး ကိုယ်ဖြစ်ချင်တာကို တစ်ဖက်သား အခြေအနေကို ထည့်မစဉ်းစားဘဲ မရရအောင် လုပ်တတ်တာ ။ အဲ့ဒီစိတ်ကြောင့်လည်း သူ့အလတ်လေးနဲ့ သူဆုံတွေ့ခဲ့ကြတာ မဟုတ်လား ။
     သူက တစ်ဦးတည်းသော သမီးဖြစ်သည့်အပြင် ငယ်ငယ်ကတည်းက မိဘတွေရဲ့ အလိုလိုက် အကြိုက်ဆောင်မှုနဲ့ ကြီးပြင်းလာရပြီး သူ့မှာ မောင်နှမလည်း မရှိတော့ သူဖြစ်ချင်တာ လုပ်ချင်တာကိုသာသိတဲ့ သူ့စိတ်အလိုဆန္ဒကိုသာ ဦးစားပေးတတ်သူ ဖြစ်ခဲ့ရသည် ။ သူ့ဘဝမှာ မရှိစကား မဖြစ်စကား မကြားဖူးသလောက်ဆိုတော့ သူများဘက်ကို သူငဲ့ကြည့်တတ်တဲ့အကျင့် မရှိခဲ့ ။
     လတ်ကလေးကတော့ ထိုသို့မဟုတ် ။ မိသားစုမောင်နှမ သိုက်သိုက်ဝန်းဝန်းနဲ့ နေထိုင်ရပြီး သူတပါးကို အရမ်းဦးစားပေးတတ်တဲ့ သမီးလိမ္မာလေး ဖြစ်တော့ သူက ကွာခြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ မိသားစု အခြေအနေကြောင့် လတ်ကို အများကြီး နားလည်ပေးခဲ့ပါသည် ။
တကယ်ချစ်မိတော့လည်း မတူညီတာတွေကို အတတ်နိုင်ဆုံး လိုက်လျောညီတွေဖြစ်အောင် ညှိနှိုင်းနားလည်ပေးရမှာ ချစ်တတ်သူတိုင်းရဲ့ ဝတ္တရားမဟုတ်လား ။
    တစ်ကြိမ်လေးဘဲ ။ တစ်ကြိမ်လေးပါဘဲ လတ်ကလေးရယ် ။ ဒီတကြိမ်ဘဲ လတ်အတွက် ပြီးတော့ ကိုယ့်အတွက် တွေးပေးပါနော် ။ လေးပင် ဝမ်းနည်းနေတဲ့ စိတ်နဲ့ အခန်းထဲက သူထွက်လာတော့ ဧည့်ခန်းမှာ  ခပ်တည်တည် ထိုင်နေတဲ့ ဖွားဖွားကိုတွေ့ရသည် ။ သူက ဖွားဖွားကိုတော့ ချစ်ကြောက်ရိုသေမို့ ကိုယ်ကို ခပ်ရို့ရို့လေးထားပြီး ဖွားဖွားဘေးနားသွားရပ်လိုက်သည် ။
''ဖွားဖွား....နိုင် အလုပ်သွားတော့မယ်...´´
''ရန်ကုန်ဘယ်တော့ ပြန်မလဲ...´´
     အေးတိအေးစက်လေသံက သူ့ရဲ့ စိတ်ကိုခြောက်ခြားစေသည် ။
''ဟုတ်...ဖွားဖွား ...နိုင် လုပ်လက်စအလုပ်တွေ လက်လွှဲရဦးမှာ...ခု အဲ့ကိစ္စတွေ သွားစီစဉ်မလို့ပါ....ပြီးတာနဲ့ နိုင်ပြန်မှာပါ...´´
     ဖွားဖွားက ထိုင်နေရာကနေ သူ့ကို တည်တည်စူးစူးအကြည့်နဲ့ မော့ကြည့်သည် ။
''ကောင်းပြီ...ဒီမှာနေတဲ့ အတောအတွင်း ဘာအသံမှ ထပ်မကြားချင်ဘူးနော်....ဖွားဖွားပြောတာ သဘောပေါက်တယ်မလား...´´
''ဟုတ်..ဖွားဖွား´´
''ကောင်းပြီ...သွားတော့...´´
    ဖွားဖွားဘေးကနေ မျက်နှာသေလေးနဲ့ ထွက်လာရင်း နောက်လှည့်မကြည့်ဘဲ သူ ခွင့်တောင်းလိုက်သည် ။
''ဒီ ညနေ ဧည့်သည်တွေနဲ့ ချိန်းထားလို့ နိုင် နောက်ကျမယ်နော် ဖွား...´´
''အေးအေး...သိပ်မိုးမချုပ်စေနဲ့ ...´´
    ဖွားဖွား အသံဆုံးတာနဲ့ သူ အိမ်ပြင်ကို ခပ်သွက်သွက် ထွက်လာခဲ့သည် ။
   မိုးမချုပ်ဘူး ဖွား။ ပြန်မလာဖြစ်တော့မှာ ။ နိုင့်ရဲ့ ချစ်ဧည့်သည် လေးကိုနိုင့် ဘဝရဲ့ နိုင့် အနာဂတ်ရဲ့ အိမ်ဦးခန်းမှာ ထာဝရ ဧည့်ခံထားတော့မှာမို့ ဖွားဖွားအိမ်ကို နိုင်တစ်ယောက်တည်းတော့ ပြန်မလာတော့ဘူး ။ နှစ်ယောက်တွဲ ပြန်လာမှာ ဖွားဖွားရေ ။ ကားစက်ကို နိုးပြီးသူပျော်ရင် လုပ်နေကြအတိုင်း လေလေး ချွန်လိုက်မိသည် ။
~_~_~_~_~_~_~_~_~_~_~~_~_~_~_~_~_~
       တနေ့တာ အချိန်တွေဟာ အလုပ်လုပ်ရင်း သားသားကို ထိန်းရင်းနဲ့ ဘယ်လိုကုန်သွားသည်မသိ ။ တနေကုန် အဖျားတက်လိုက် ကျလိုက် ဖြစ်နေတဲ့ သားသားကြောင့် လတ်တို့သားအမိ မနားရ ။ လတ်အတွက်တော့ လူရောစိတ်ပါပင်ပန်းရတဲ့နေ့ပင် ။ မမ ပြန်လာတော့ ကလေးကို မမလက်ထဲ ထည့်ပြီးတာနဲ့ လတ် အပေါ်တက်ပြီး ကုတ်အင်္ကျီထူ ဝတ်လိုက်သည် ။ အင်္ကျီအိတ်ကပ်ထဲမှာ မှတ်ပုံတင်ရယ် ပိုက်ဆံတချို့ရယ် ထည့်ထားသည် ။ မကြာခင်မှာ  ဆိုင်အရောင်း ကျလာတော့မည် ။ လူရှုပ်လာတာနဲ့ တပြိုင်တည်း လတ် အသာလေး လစ်ထွက်သွားရုံပင် ။
     လတ် အခန်းကလေးကို တချက်ဝေ့ကြည့်ပြီး နှုတ်ဆက်လိုက်သည် ။ အရာအားလုံး လတ်နေနေတဲ့အတိုင်း ထားထားခဲ့သည် ။ လတ် မုန့်ဖိုးတွေကလွဲလို့ ကျန်တာ ဘာမှမယူ ။ လတ် အခန်းထဲကနေ လှည့်ထွက်ဖို့ ပြင်လိုက်ရင်း စိတ်ထဲ ထင့်ခနဲဖြစ်သွားသေးသည် ။ သူတကယ်ဘဲ လတ်ကို စောင့်နေပါ့မလား ။ ညနေလေးနာရီအထိတော့ သူနဲ့ အဆက်အသွယ် ရနေသေးသည် ။သူက တနေကုန် sms လေးတွေ တတောက်တောက် ပို့နေတာ ။
     အရေးကြီးတဲ့ အလုပ်တွေ လက်လွှဲနေတဲ့ အကြောင်း ညနေအတွက်  သူစိတ်လှုပ်ရှားနေကြောင်း မအိတို့ ဟန်းနီးမွန်းထွက်တဲ့ နေရာကို လိုက်သွားကြမလား ဆိုတာလည်း ပါသေး ။

     မအိလို့တွေးမိမှ အိကိုသတိရသည် ။ ခရီးသွားနေတဲ့ အိကို အနှောင့်အယှက် မပေးချင်လို့ လတ် ဖုန်းဆက်မထား ။ အိ သိသွားရင် လတ်ကို အပြစ်တင်နေမလား မပြောတတ် ။  လတ်သည် လှေကားကနေ ခပ်ဖြည်းဖြည်းဆင်းလာရင်း မေမေနဲ့ ငယ်လေးရဲ့ လှုပ်ရှားမှုတွေကို ငေးနေမိသည် ။
မမက သူ့သားကို အပေါ်ထပ်အခန်းထဲမှာ ချော့သိပ်နေသံ ကြားနေရသည် ။
    သားမက်ဖြစ်သူနဲ့ အတူ ဘီယာဆိုင် ထိုင်တတ်နေပြီဖြစ်တဲ့ဖေဖေကတော့ မိုးချုပ်မှ ရီဝေဝေနဲ့ ပြန်လာပေလိမ့်မည် ။ နာရီလက်တံက ခြောက်နာရီထိုးဖို့ ငါးမိနစ်အလိုကို ပြနေပြီ ။ လတ် ဖုန်းလေးကို ငုံ့ကြည့်နေတုန်း သူ စာပို့လာပြန်သည် ။
''လတ်ကလေးရေ...ကိုယ်ရောက်နေပြီနော်...´´
      လတ်သည် ဖုန်း ပြန်ပိတ်ရင်း အတန်ငယ် ရှုပ်နေသည့်  လူတွေကြားထဲကနေ ဆိုင်အပြင်ကို အသာအယာ လစ်ထွက်လိုက်သည် ။
    လတ်အိမ်ပေါက်ဝ အရောက်မှာ အိမ်ပေါ်ထပ်ကမမရဲ့ စူးစူးရှရှ အော်ငိုသံကို ကြားလိုက်ရသည် ။
     '' မေမေရေ...မေမေ...လာကြည့်ပါဦး...သားသားကို ခေါ်လို့မရတော့ဘူး...´´
    အိမ်ပေါက်ဝက လတ် ခြေလှမ်းတွေ အိမ်အတွင်းထဲသို့ ပြန်လည် ဦးတည်သွားသည် ။
        သူ ဖုန်းကို ကြည့်လိုက် လမ်းထိပ်ကို မျှော်ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတာ နာရီဝက်နီး ပါး ရှိတော့မည် ။ သူမ အလုပ်ရှုပ်နေလို့ မလာသေးတာပါလို့ စိတ်ထဲက ဖြေတွေးနေပေမဲ့ နားထဲမှာ ကလေးငိုသံက မထွက် ။ သားသားကအရမ်းဖျားနေတယ်နိုင်ရယ် ဆိုတဲ့ sms ကို ပြန်မြင်ယောင်လာတော့ ဦးခေါင်းကို မော့ပြီး လေပူတွေကို မှုတ်ထုတ်လိုက်မိသည် ။ တစ်ခါပါဘဲ ။ တစ်ခါလောက်လေးဘဲ ကိုယ့်ကို ဦးစားပေးပါလတ်ကလေးရယ် ။
  ခုနှစ်နာရီ ထိုးခါနီးမှာ သူမနေနိုင်တော့။ မလာမချင်း စောင့်နေမယ်လို့ ပြောထားပေမဲ့
လာဖို့မသေချာတော့တဲ့သူကို  သူတစ်ယောက်တည်း အမှောင်ထဲမှာ ထိုင်စောင့်မနေနိုင်တော့ ။ သူမ အိမ်ရှေ့ကနေ ကားကို ဖြည်းဖြည်းလေး ဖြတ်မောင်းလာမိသည် ။ သူ့အရင်က ဇွတ်တရွတ် စိတ်နဲ့ဆိုရင်တော့ သူမအိမ်ထဲထိ အတင်းဝင်ပြီး လက်ဆွဲခေါ်မိမှာပင် ။

   သူမတို့အိမ်ကို လှမ်းမြင်နိုင်တဲ့ အကွာအဝေးကို အရောက်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သူသတိမထားမိခင်မှာ မျက်ရည်တွေ တတွေတွေကျလာသည် ။ ကလေးလေးကို ပွေ့ထားတဲ့ သူမ မေမေနဲ့ အစ်မနဲ့ အတူ ကားတစ်စီးပေါ် တက်သွားတဲ့ သူမ ။
  ထင်သားဘဲ ။ သူ ထင်သားဘဲ ။ ဒီလိုဘဲ ဖြစ်လာလိမ့်မယ်လို့ သူ ထင်နေသားဘဲ။သူ့ဆီ လှမ်းမလာမဲ့ခြေလှမ်းတွေကို သူက ရူးမိုက်ပြီး စောင့်နေခဲ့တာ ။ သူ့အတွက် မရှိတဲ့ နေရာကို သူက လိုချင်နေခဲ့တာ ။ သူ့အတွက် ဦးစားမပေးနိုင်မဲ့ နေရာကိုရဖို့ သူ့အလှည့်ကျမဲ့အချိန်ကို တန်းစီ စောင့်နေခဲ့မိတာ။
အဆက်မပြတ် မြည်နေတဲ့ ဖုန်းကို သူ ကားနောက်ခန်းထဲ ပစ်ပေါက်ထည့်လိုက်ပြီး သူမအိမ်နဲ့ ဝေးရာဆီကို လီဗာတဆုံးနင်းပြီး မောင်းထွက်လိုက်သည် ။
       လတ်သည် မေမေနဲ့ မမနဲ့အတူ ကားပေါ်မှာ လိုက်ပါလာရပေမဲ့စိတ်က သူ့ဆီမှာသာ ကျန်ရစ်ခဲ့သည် ။ အဖျားကြီးပြီး တက်သွားတဲ့သားသားရယ် အိမ်ပင့်ကုတဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်ကြောင့် ဆေးရုံတင်ဖို့ ထွက်လာတဲ့ သူမတို့သားအမိတွေရယ် ။ အခြေအနေကဘာတွေ ဖြစ်ကုန်တာလဲလို့လတ်လည်း မတွေးတတ်တော့ ။ သူ့ကို လတ်တို့ သွားနေတဲ့ဆေးရုံရှေ့ လိုက်လာဖို့ ပြောမလို့ကို သူက ဖုန်းမကိုင် ။ သားဇော မြေးဇောကပ်နေတဲ့ မမနဲ့ မေမေက ကားနောက်ခန်းမှာ ။ လတ်ရဲ့ လှုပ်ရှားမှုကို ဂရုမပြုမိကြ ။
    လတ် စာတွေအဆက်မပြတ်ပို့နေပေမဲ့သူ့ဆီကဘာတုန့်ပြန်မှုမှမလာ။ ခုချိန်ထိ ရောက်မလာတဲ့လတ်ကို သူ အထင်လွဲသွားပြီ ထင်ပါရဲ့။
       လတ်သည် ဆေးရုံမှာ မေမေနဲ့ မမကို ထားခဲ့ပြီး အငှားကားနဲ့ အိမ်ပြန်လာချိန်က ကိုးနာရီ ထိုးတော့မည် ။ ဧရိယာပြင်ပ ဆိုတဲ့ဖုန်းကို အဆက်မပြတ် ခေါ်နေရင်း သူနဲ့ ချိန်းထားတဲ့ နေရာလေးမှာ လတ် ရပ်နေမိတာ အကြာကြီး ။
     နိုင်ပြောတော့ စောင့်နေမယ်ဆို ။ လတ်ကို စောင့်နေမယ်လို ပြောပြီး။ မလာမချင်း စောင့်နေမယ်ဆိုပြီး ။ လတ်သိပါသည် ။ သူနဲ့ လတ်ရဲ့ ဇာတ်လမ်းက ဒီမှာတင် တစ်ခန်းရပ်သွားပြီဆိုတာ ။ အမှောင်ထဲမှာ တရွေ့ရွေ့ လှမ်းနေတဲ့ ခြေလှမ်းတွေက မသိစိတ်ရဲ့ သယ်ဆောင်မှုအောက်မှာ လတ်ရဲ့အိမ်လေးဆီသို တရွေ့ရွေ့ ။ အမှောင်ထဲမှာ လတ်ရဲ့ခြေလှမ်းတွေက တရွေ့ရွေ့ ။
~_~×~_~×~_~×~_~×~_~×~_~×

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now