part...23

8.7K 756 94
                                    

   အပိုင်း ၂၃

နေ့ အလင်းတွေ ည လရောင်တွေက လတ်နဲ့ ဘာမှ မဆိုင်သလို ။ အားလပ်ချိန်တွေတိုင်း တစ် ခန်းလုံးကို အမှောင်ချထားပြီး အခန်းထောင့်လေးမှာ လတ် ထိုင်နေတတ်သည်။ အဲ့လိုလေးနေနေမိတာ တစ်လလား နှစ်လလား လတ် မမှတ်မိ ။သူ နဲ့ လတ် အဆက်အသွယ် ပြတ်သွားတာ ဘယ်လောက်ကြာပြီလဲ လတ် မမှတ်ထား။
မခေါ်တော့မှန်း သိပေမဲ့ ညတွေဆို စကားပြောနေကြအချိန်ရောက်တိုင်း ဖုန်းလေးကို  လက်ထဲကမချ ။ မတော်တဆ သူစိတ်ပြေပြီး ဖုန်းလှမ်းခေါ်ရင် လတ် ချက်ခြင်း မသိမှာစိုးလို့ ။ ပြီးတော့ ဧရိယာပြင်ပ ဆိုတဲ့ ဆက်သွယ်မှုတစ်ခုကို ညတိုင်း ဝတ္တရားမပျက် လှမ်းဆက်သွယ်ဖို့ ။  တချို့ညတွေဆို ဖုန်းလေးကို ရင်ခွင်ထဲမှာပိုက်ပြီး အိပ်ပျော်သွားတတ်သည် ။
      လူတွေနဲ့ စကားပြောရမှာ လတ် ကြောက်တတ်လာသည် ။ တိတ်တိတ်ဆိတ်ဆိတ် နေနေချိန်တွေဆို  သူကလတ်ကို စကားတွေ အများကြီး လာပြောနေသလို လတ် နားထဲ သူ့အသံတွေ ကြားနေရသည် ။ တစ်ယောက်တည်း နေချိန်တွေဆို သူ လတ်ဘေးမှာ ရှိနေသလို ခံစားရသည် ။ အလုပ်မရှိချိန်တွေမှာ လတ် ထိုင်ရာနေရာက အမှောင်ကျတဲ့ ထောင့်လေး တထောင့်မှာ ။ တချိန်က သူ လတ်ကို မှောင်ရိပ်ကျတဲ့ နေရာလေးတွေကနေ ခိုးငေးနေတတ်တယ်လို့ ပြောပြဖူးတော့ နေညိုလာရင် လတ် မှောင်ရိပ်တွေကို အားစိုက်ကြည့်တတ်လာသည် ။ သူ ရှိနေမလားလို့ ။ သို့သော် ....။
      လတ်တို့ နှစ်ယောက်ရဲ့ acc ထဲမှာ သူ only me နဲ့ တင်ထားတဲ့ စာတွေကို ဖတ်ရပြီးတဲ့နောက် လတ်ရဲ့ အနာဂတ်က ပိုမှောင်သွားခဲ့တာ ။ အစကတော့ သူစိတ်ဆိုးပြေတာနဲ့ သူ ဘယ်နေရာမှာ ရှိရှိ လတ်လိုက်သွားဖို့ စဉ်းစားထားတာပါ ။ ဒါပေမဲ့
သူ only me နဲ့ တင်ထားတဲ့ အလတ်လေးရဲ့ချစ်သူ အကောင့်ထဲက စာလေးတွေကို ဖတ်ပြီး လတ် အကုန်လုံးကို လွှတ်ချပစ်လိုက်တာ ။ အိပ်မက်တွေ မျော်လင့်ချက်တွေ အနာဂတ်တွေ စိတ်ကူးတွေ ။ လတ် လွှတ်ချလိုက်တဲ့ထဲမှာ လတ်ကိုယ်တိုင်လည်း ပါသွားခဲ့ပြီ ။ ဘာကိုမှ  ဖက်တွယ်မထား ချင်တော့ ။
''နေရာဆိုတာ အတင်းတောင်းယူရတာမျိုး အတင်းလုပ်ယူလို့ ရတာမျိုး မဟုတ်ဘူး... ဖန်တီးထားတဲ့ နေရာက ဘယ်တော့မှ မတည်မြဲဘူး...သူ့အလိုလို ဖြစ်တည်လာတဲ့ နေရာကိုမှ တန်ဖိုးမထားတတ်ရင် တန်ဖိုး မထားသူအပြစ်...ချစ်တယ်လို့ ပါးစပ်ကအော်နေပြီး လက်တွေ့မှာ သီးသန့်နေရာလေးတောင် ပေးမထားနိုင်ရင် တစ်သက်လုံးနေရာရဖို့ မဖြစ်နိုင်ဘူးလေ...နှုတ်ဆက်ခဲ့ပါတယ်...
အဆင်ပြေသလိုသာ နေတော့နော်...´´
    အရာရာဟာ လတ်ကြောင့် ။ လတ် မကောင်းလို့ ။ လတ် တွေဝေခဲ့လို့ ။ လတ် မပြတ်သားလို့ ။ လတ် ကြောင့်။ လတ် ကြောင့် ဆိုတဲ့ အပြစ်တင်စိတ်က လတ်ကို အမြဲ ဖိစီးနေခဲ့သည် ။ လတ် နေရတာ မပျော်တော့ ။  လတ် မနေချင်တော့ ။ မေမေသာ မရှိတော့ရင် လတ် လည်း ရှိမနေချင်တော့ ။ မေမေ့ကြောင့်သာ လတ် အရာရာကို တင်းခံ ရင်ဆိုင်နေခဲ့တာ ။ ပြီးတော့ အိ ။
'' အန်တီ လတ်ကော ...´´
      လတ် ရဲ့ အမှောင်ကို အမြဲ လင်းစေတဲ့အသံ ။မေမေအပြင် လတ်ကို ချစ်ခင်တဲ့ ဂရုစိုက်တဲ့ တစ်စုံတစ်ယောက် ရှိနေသေးပါလား ဆိုတဲ့ အသိက လတ်စိတ်ကို အမြဲ နွေးထွေးစေသည် ။
''ရှိတယ်သမီး...အခုဘဲ အပေါ်ထပ်တက်သွားတယ်...လိုက်တက်သွားသမီး ...´´
     အမေးအဖြေ အသံတွေ ဆုံးပြီး ခဏအကြာမှာ လတ် အခန်းတံခါးကို  ခပ်ဖွဖွခေါက်သံ ထွက်လာသည် ။ နေ့လည်ဆိုတော့ အိမ်မှာ လတ်ရယ် မေမေရယ် သားသားရယ်ဘဲ ရှိတာ ။ သားသားအိပ်ချိန်တွေက လတ် အနားရချိန်ပင် ။
''အလတ်...မှောင်လိုက်တာဟယ်...ပြတင်းပေါက်ဖွင့်ထားပါ...နေ့ခင်းဘက်ကြီးကို အမှောင်ထဲ ဘာလုပ်နေတာလဲ ... ´´
   အိက ပြောပြောဆိုဆို အခန်းပြတင်းကို တွန်းဖွင့်လိုက်သည် ။ အခန်းထဲ အလင်းဝင်ဝင်ခြင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အိ ရင်ထဲမှာ နင့်ခနဲ ။ ခုတင်ခြေရင်းကြမ်းပြင်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ လတ် ။ ပိန်လှီဖျော့တော့နေသော ခန္ဓာ မျော်လင့်ချက် ကင်းမဲ့နေသော မျက်ဝန်းတွေ ။ အိကို ကြည့်နေတဲ့ အရောင်မဲ့ မျက်ဝန်းတွေကို မြင်တော့ အိ ငိုချပစ်ချင်စိတ်ကို မနည်း ထိန်းထားရသည် ။
     အိ ကိုယ်တိုင်က အိမ်ထောင်သည် ဖြစ်သွားတော့ လတ်ကို အရင်ကလောက် အချိန်မပေးနိုင်တော့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ အပြစ်တင်မိသည် ။
     ပြီးတော့ ခုဖြစ်ရပ်မှာဘယ်သူ့ကို အပြစ်တင်ရမလဲ အိ မသိ။နိုင်နိုင့်ကိုလား အလတ်ကိုလား ။ အိ မဝေခွဲတတ်။  အိ ဟန်းနီးမွန်း ထွက်နေတုန်း ဖြစ်သွားတဲ့ကိစ္စတွေကို ပြန်လာတော့လည်း ချက်ခြင်းမသိရ ။ သိပ်ကိုမြိုသိပ်နိုင်လွန်းတဲ့ အလတ် ။ နှစ်လကျော်မှ အလတ်မေမေက သူ့သမီးရဲ့ ပျက်ယွင်းနေတဲ့ အနေအထိုင်ကြောင့်ဘာဖြစ်နေလဲ မေးကြည့်ပေးဖို့ အိကို လာအကူအညီတောင်းမှ အိအကြောင်းစုံသိရတော့တာ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now