part..4

9.4K 771 35
                                    


Unicode

အပိုင်း..၄

''ဟိတ်...အလတ်ရေ...မင်းလိုင်းတက်ဖို့ စောင့်ရတာလည်း ငါ့ သက်တမ်းတစ်၀က်ကျိုးတော့မယ် ...ရောက်တာနဲ့ လာခေါ်နော်...ကိုယ် မင်းကို ကြွားစရာ ရှိလို့...´´

    စာဖတ်ပြီးနဲ့ လတ် မျက်နှာပေါ်မှာ အပြုံးတို့ ဖြစ်တည်လာပြီ။ ညတိုင်း လတ်မှာ ဖုန်းတစ်လုံးကိုင်ပြီး ရယ်လိုက် ပြုံးလိုက်ဖြစ်နေတာ တစ်လပြည့်တော့မည် ။ အရင်လို လိုင်းတက်တာနဲ့ သီချင်းနားထောင် ကာတွန်းကား မကြည့်ဖြစ်တော့ ။ နိုင်နိုင်ဆိုတဲ့သူနဲ့ စကားတွေပြောရင်း တချို့သော ညတွေမှာ ငြင်းခုန်ရင်းနဲ့ တခါတလေ စကားစ မပြတ်တာကြောင့် ညဆယ့်နှစ်ကျော် တစ်နာရီလောက်ထိ ဖြစ်သွားတတ်သည် ။ စုံလင်များပြားသော အကြောင်းအရာတွေကို ဦးဆောင်ပြောသူက နိုင်နိုင်။ လတ်က နားထောင်သူ ။ စကားထောက်သူ ။

     အချိန်တိုလေးအတွင်းမှာ သူနဲ့ လတ်ရဲ့ ရင်းနှီးမှုအတိုင်းအတာက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်သည် ။ တစ်နေ့တစ်နေ့ သူပြောပြတဲ့ ဇာတ်လမ်းအစုံကိုနားထောင်ရတာ ငြီးငွေ့စရာကို မရှိ ။ လတ်မသိသော ပြင်ပလောက အကြောင်း ၊ လတ်လိုက်မမီသော ခေတ်အခြေအနေ၊ လတ်မထိတွေ့ မဆက်ဆံဖူးတဲ့ သူ့စိတ်သဘောထား တွေကို သူပြောပြတဲ့ စာသားတွေကနေတစ်ဆင့် သိခွင့်ရသည် ။
     သူလတ်ကို ဘာလို့ သူ့ရဲ့ အတွင်းရေး ကိစ္စတချို့ကို အသိပေးသလဲ လတ်မသိ။ သူ ပြောပြတဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေက အမှန်တကယ် ဟုတ်လားမဟုတ်လား လတ် မဆန်းစစ်မိ။ လတ်ကတော့ လတ်ရဲ့ နာမည်အရင်းနဲ့ လတ်နေတဲ့ မြို့ကလေးအကြောင်းကလွဲလို့ ကျန်တဲ့လတ်ရဲ့ ဘဝအစိတ်အပိုင်းတွေကို သူ့ကို အသိမခံခဲ့။သူ့ကို မယုံကြည်လို့ မဟုတ်ဘဲ လတ်ကိုယ်တိုင်က မေ့ထားချင်သော အကြောင်းအရာတွေ ဖြစ်နေလို့ပါ။

    ညတိုင်းလိုလို စကားစမပြတ်နိုင်ကြလို့ ညအိပ်ချိန်နောက်ကျပြီး မနက်အစော ထနေကျအချိန် မထရင် မေမေက တစ်နေကုန်ရွတ်စီလို့မပြီး ။လုပ်နေကျအလုပ်တွေ တခါတလေ အချိန်မှန်မပြီးတဲ့အခါ မေမေ့အငြူစူကို ခံရပေမဲ့ လတ်ပျော်ပါသည်။လတ်မှာ သူငယ်ချင်းရယ်လို့ အိအိတစ်ယောက်သာရှိသည် ။ ခုတော့ လတ် အပြင်မှာမမြင်ဖူးပေမဲ့ အိအိနဲ့ တန်းတူခင်မိတဲ့ သူငယ်ချင်းတစ်ယောက် မမျော်လင့်ဘဲ ရနေလေပြီ ။ သူထံက စကားအဆန်းတစ်လုံး မကြားဖူးခင် အချိန်အထိ သူက လတ်အတွက် အခင်ဆုံးသူငယ်ချင်း တစ်ယောက်သာ ။

   ''အလတ်...ဟျောင့် ....ရှိနေပြီဟာကို လာမခေါ်ဘူး....´´

နုတ်ခမ်းတစ်ဘက်စောင်းနေတဲ့ အီမိုဂျီနဲ့အတူ ရောက်လာတဲ့စာ ။ လတ် ပြုံးလိုက်မိသည် ။ သူ့ရဲ့ pp လေး လတ်ဖုန်းထဲ ရောက်လာရင်ကို လတ်မှာ အလိုလိုနေရင်း ပြုံးနေမိတာ ။

     ''အခုဘဲ လာခေါ်တော့မလို့ပါ နိုင်နိုင်ရဲ့ ...ဘာကြွားစရာရှိလို့လဲ ကြွားပါ ကြွားပါ ...´´

''မကြွားခင် သတိပေးရဦးမယ်...မင်း ကိုယ်နဲ့ကလွဲပြီး ဘယ်သူနဲ့မှ စကားပြောဖို့ မကြိုးစားနဲ့နော်...မင်းရဲ့ လိုင်းတက်ချိန် နည်းနည်းလေးကို ကိုယ်ဘဲ ပိုင်ချင်တာ... ´´

      ကြည့်ပါဦး ပိုင်စိုးပိုင်နင်း နိုင်လိုက်တာ။

''အမယ်လေး ဖြစ်ရမယ် နိုင်နိုင်ရယ်...လတ်မှာချစ်သူရှိလာရင် ဘယ်လိုလုပ်မလဲ...လတ်မှာချစ်သူရှိလာရင် နိုင်နိုင့်ကို အခုလောက်အချိန်အကြာကြီး စကားမပြောနိုင်တော့ဘူးနော်...ချစ်သူလေးကို အချိန်ပေးရဦးမယ်လေ...´´

''သေမယ်လေ...မိလတ်နော် ....ဘာချစ်သူလဲ...အိမ်ထဲက အိမ်ပြင် မထွက်ရဘဲ လောကကြီး အကြောင်းကို မသိဘဲ မင်းက ရည်းစားထားချင်သေးတာလား...´´

    ဘာကြောင့်ရယ်မသိ စာရိုက်နေတဲ့ သူ့လက်ဖျားတို့ တုန်ခါနေသည် ။  အရွယ်ရောက်သူတိုင်း ချစ်သူနဲ့ တွဲချင်ကြတာ သဘာဝဘဲလေ။ သူကိုယ်တိုင်ကလည်း ချစ်သူအမည်ခံတွေနဲ့ တစ်ယောက်ပြီးတစ်ယောက်ပြတ်လိုက်  ဇာတ်လမ်းအသစ်တွေဆက်လိုက်နဲ့ ပျော်သလိုနေနေသူ။ သူ့ကို တားမြစ်ပိတ်ပင်မဲ့သူမရှိ ။ တားလည်းသူက ဂရုမစိုက်။ လူတိုင်း ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ရှင်သန်နေကြတာလို့ သဘောပိုက်ထားသူ ။

ခုလို လိုင်းပေါ်မှာ ခဏတဖြုတ်သာ စကားပြောဖူးပြီး ဘယ်လိုပုံစံ အနေအထားမှန်းမသိတဲ့
မြင်လည်းမမြင်ဖူး အသံလည်းမကြားဖူးတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လိုက်ပြီး ပိတ်ပင်နေဖို့ဆိုတာ ဖြစ်သင့်ရဲ့လား ။ သွေးမတော် သားမစပ်ဘဲနဲ့လေ ။ဟင့်အင်း။ မသိဘူး။

''ခုခေတ်ကြီးက ရည်းစားထားတာများ လွယ်လွန်းလို့ ... လိုင်းပေါ်ကနေ ဟိုင်း ဆိုတာနဲ့ တပြိုင်တည်း ငါးယောက်လောက်တောင် ထားလို့ရသေး ....´´

    စစနောက်နောက် ရေးလိုက်ပြီးမှ ကိုယ့်စာ ကိုယ်ပြန်ဖတ်ပြီး လတ် ရယ်နေမိသည် ။ ဟို တစ်ဖက်က ဖြစ်နေမဲ့ မျက်နှာ အနေအထားကို မှန်းဆမြင်ယောင်ပြီး လတ် ပို၍အူမြူးလာသည် ။

''မိလတ်နော်...လိုင်းပေါ်ကကောင်တွေကို မင်းကဘာထင်နေတာလဲ ...ထားရဲထားကြည့်လေ...´´

''အို...ကောင်လေးတွေနဲ့ ရည်းစားထားမယ်လို့  ဘယ်သူပြောလဲ...´´

   သူ မျက်လုံး ပြူးသွားသည် ။

''ကောင်လေးတွေနဲ့ မဟုတ်ဘူးဆိုတော့ ကောင်မလေးတွေနဲ့လား ...အလတ်...မင်း...မင်း...မဟုတ်မှလွဲရော မင်းက lesbian လား...´´

    လတ်သည် ဘာရယ်မဟုတ် နောက်ပြောင်လိုက်ပြီးမှ သူ ပြန်ပို့လာတဲ့ စာလုံးအဓိပ္ပါယ်သိရဖို့ dictionary မှာ ပြေးရှာရသည် ။ ဟမ်... ။ ပေါ်လာတဲ့ အဓိပ္ပါယ်ကိုကြည့်ပြီး လတ် လန့်သွားသည် ။ ချက်ခြင်းဘဲလတ် မျက်နှာတစ်ခုလုံး ပူနွေး ရဲတောက်လာလေပြီ ။

''ဟိတ် အလတ်လေး မေးတာဖြေဦးလေ ...´´

     တဖက်ကတော့ ဘယ်လိုနေမယ်မသိ ။ သူကတော့ အူတက်နေပြီ ။ သူစာပို့ပြီး ကြာတဲ့အထိ ပြန်စာမလာတဲ့အခါ မေမေ့သမီး အရိုးခံလေးက ဒီစကားလုံးနဲ့ စိမ်းသက်နေမယ်ဆိုတာ သူ အတိအကျကို ပြောရဲပါသည် ။ ဘွဲ့ရပြီးစ မကြီးမငယ်နဲ့ ကာတွန်းကားတွေ ကြည့်နေသေးတဲ့ မေမေ့သမီးလေးက Lesbian ဆိုတာ ကာတွန်းကား နာမည်လို့များ ထင်နေလေမလား။

     '' ဘယ်လိုလဲ အလတ်မလေးရေ...အဓိပ္ပါယ်သိပြီလား ...မသိသေးရင် အပင်ပန်းခံ ရှာမနေနဲ့ ...ကိုယ်ပြောပြမယ်လေ...´´

     လတ်သည် တစ်ကြောင်းပြီးတစ်ကြောင်း ဝင်လာတဲ့ စာတွေကို ကြည့်ပြီး အကြီးအကျယ် ရှက်ရွံ့နေရပြီ ။ သူ ငါ့ကို ဘာများ ထင်သွားပြီလဲ ။ သူ့ဝေါလ်ထဲ ဝင်ကြည့်တိုင်း မြင်ရတဲ့ မိန်းကလေးချင်း ရိသဲ့သဲ့ ပြောထားတဲ့ မန့်တွေ ။ ချစ်ရေ သဲရေခြင်း မိုးမွှန်နေကြတာတွေ ။ကိုယ့် ရည်းစားထားနည်းက ကိုယ့်အတွက် ဘာထိခိုက်မှုမှ မရှိဘူးကွလို့ သူခဏခဏ ပြောတတ်တာ ။ ဒါ ...ဒါဆိုသူက အဲ့ဒီ lesbian  ဆိုတာများလား ။ မိန်းကလေးချင်း ရည်းစားထားလို့ သူ့အတွက် မထိခိုက်ဘူးလို့ ဆိုလိုချင်ခဲ့တာလား ။ လတ်အတွေးတွေ ရှုပ်ယှက်ခတ်လာသည် ။သူကဘာလဲ။

   '' အလတ် စကားပြန်ပြောပါဦးဟ...´´

    ''အား....မသိဘူး အိပ်ပြီ....´´

      လိုင်းအောက်ပြီးတာနဲ့ လတ် ဖုန်းကို ပါဝါပါ ပိတ်ချလိုက်သည် ။ အရင်နေ့တွေကလို မအိပ်ခင် သူနဲ့ ပြောထားသမျှတွေကို တစ်ခေါက်ပြန်ဖတ်တာမျိုး မလုပ်မိတော့ ။ ထိုနေ့ညက အစောကြီး မျက်ဝန်းပိတ်ပေမဲ့ အိပ်စက်ခြင်းက လတ်ဆီသို့ တော်တော်နဲ့ ရောက်မလာ ။ ခါတိုင်း လင်းကြက်တွန်တာနဲ့ ထတတ်တဲ့လတ်သည် နေဖင်ထိုးသည်အထိ အိပ်လို့ကောင်းနေတုန်းပင် ။ တစ်နေကုန် ရေရွတ်နေတဲ့ မေမေ့ အသံက လတ်နားထဲ တလုံးမှမဝင် ။ လတ် အတွေးထဲမှာ မနေ့ညက သူနဲ့ပြောခဲ့တဲ့ စာသားတွေကသာ ကြီးစိုးနေသည် ။
     *•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°
      ''အလတ်ရေ...အလတ်...အန်တီ အလတ်ရှိလားရှင့်.. .´´
      လတ် နဲ့သိပ်ကိုရင်းနှီးတဲ့အသံ။ ဒါလတ်ရဲ့ အချစ်ဆုံးနဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေး အိအိအောင်ရဲ့အသံ ။ အဝတ်တပုံကြီးကို မီးပူတိုက်နေရာက မီးပူပလပ် ဖြုတ်ချခဲ့ပြီး လတ် အိမ်ရှေ့သို့ ပြေးထွက်ခဲ့သည် ။ လတ် ဆိုင်ထဲ ရောက်ခါနီးမှာ စကားသံတွေကြားရသည်။

''အိအိတို့ကတော့ ဘယ်အ ချိန်ကြည့်လိုက်ကြည့်လိုက် လှပကျော့မော့နေတာပဲ အလတ်မနဲ့တခြားစီ...´´

   မမရဲ့ အသံ ။ ထို့နောက် ရယ်သံလွင်လွင် စွက်နေတဲ့ အိအိရဲ့အသံကို ကြားရပြန်သည် ။

''ကျေးဇူးပါ မမ ...မမလည်း အမြဲတမ်း လှနေတာပါဘဲ...အိက မမအလှကို အားကျနေရသူပါနော်...ဒါနဲ့မမကခုထိ  စာကျက်နေရတာလား... အိက နေပြည်တော်မှာ အနေများတော့ ဒီဘက်နဲ့ လုံးဝအဆက်အသွယ်ပြတ်နေတာ ...´´

''မမက master ဆက်တက်နေတာ အိရဲ့ ဒီတစ်နှစ်ပဲ ကျန်တော့တာ...မကြာခင် စာမေးပွဲ ဖြေရတော့မှာဆိုတော့ တစာစာ လုပ်နေရတာလေ...
အိအိကော ခုဘာလုပ်နေလဲ...´´

''အရင် ကုမ္ပဏီက လစာနည်းလို့ ထွက်လိုက်ပြီး အခုက ဆေးကုမ္ပဏီမှာလုပ်နေပါတယ်...´´

     မေမေ့အသံက ကြားဖြတ်ဝင်လာသည် ။

''ဆေးကုမ္ပဏီဆိုတော့ လစာကောင်းမှာပေါ့...အိအိတို့ကတော့ တော်လိုက်တာကွယ် ....အလတ်မနဲ့များ
တခြားစီ...အလတ်မတို့က တစ်နေ့တစ်နေ့အိမ်ထဲမှာ အချိန်ကုန်နေတာ...ဘာမှ တိုးတက်ရာ တိုးတက်ကြောင်း ရှာမယ်လို့မရှိဘူး ...သူ့အစ်မနဲ့ ညီမက စာတော်သလောက် သူက အိပ်ဖို့နဲ့ စားဖို့ဘဲသိတာ...အိအိတို့အမေကတော့ သူ့သမီးတွေအကုန် ထွန်းပေါက်ပြီး အလုပ်ကိုယ်စီနဲ့ဆိုတော့ အေးအေးဆေးဆေး အနားရနေပြီပေါ့ ...အန်တီက သတိရ နုတ်ဆက်တယ်လို့ ပြောလိုက်နော်သမီး ...´´

     လတ်သည် ဝဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ပုတ်ခတ် ဖယ်ရှားလိုက်ပြီး ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည် ။ လူထူထူရှေ့ရောက်တိုင်း အပြောခံရနေကြမို့ လတ် အတွက် ရိုးနေပြီဆိုပေမဲ့ ခုလို သူငယ်ချင်းရှေ့မှာ အပြောခံရတော့ လတ် ရှက်ပါသည် ။
   လတ်ဝင်လာတဲ့ ဝင်ပေါက်ကို ကျောပေးပြီး ထိုင်နေတဲ့ အိအိကို နောက်ကနေ ပခုံးဖက်ပြီး မျက်နှာကို ငုံ့ကြည့်လိုက်မိသည် ။

” အိရေ...မတွေ့တာကြာလို့ထင်တယ် နင်ပိုလှလာတယ်...”

လတ် အသံကြားတော့ အိအိကလှည့်ကြည့်ပြုံးပြသည်။ လတ် ကို အထက်အောက် သေချာကြည့်နေရာက အိအိမျက်နှာ တဖြည်းဖြည်း ပျက်လာသည်။  
အိဆိုတာက လတ်အကြောင်း အတွင်းသိ အစင်းသိ။ ပေတိပေစုတ် လတ်ရဲ့ သွင်ပြင်က ကျောင်းတုန်းကနဲ့ တခြားစီ။ကျောင်းတုန်းက လတ်က အမြဲကျော့မော့ သန့်ပြန့်နေအောင် နေတတ်သူမဟုတ်လား ။ ခုတော့ ...။

''ငါ ခရီးတွေ ဆက်တိုက်ထွက်နေရလို့ နင့်ဆီမရောက်တာတောင် ကြာနေပြီ... ခု နားရက်ရတုန်းလေး အိမ်ပြန် ပြေးလာတာ...ရောက်ရောက်ခြင်း အထုပ်ချပြီး နင့်ဆီလစ်လာတာဟ... ငါ့ကိုလှတယ်ပြောလို့  မုန့်လိုက်ကျွေးမယ်...အဝတ်အစားသွားလဲသွား...ငါဒီမှာ စောင့်နေမယ်...´´

အိအိ စကားကြောင့်လတ် မေမေ့ကို ခိုးကြည့်လိုက်မိသည်။မေမေ့ကို လတ်မပြောရဲ။ အိ ကလတ်အကြောင်းသိတော့ မေမေ့ကို ခွင့်တောင်းပေးသည်။

''အန်တီ... အပြင်မှာ မုန့်သွား စားဖို့လတ်ကိုသမီး ခဏခေါ်သွားမယ်နော်... ´´

အိ စကားကြောင့် မေမေ့အကြည်စူးစူးကလတ်ထံ ရောက်လာသည်။

''အိမ်မှာပြောကြပါလားသမီးရဲ့... အန်တီ လက်ဖက်သုပ်ပေးမယ်လေ...´´

''ရပါတယ်အန်တီ...အန်တီအလုပ်ရှုပ်မှာအားနာလို့ အပြင်မှာဘဲ တခုခုသွားစားလိုက်တော့မယ်... သိပ်မကြာပါဘူးအန်တီ...အဝေးကြီးလည်း မသွားပါဘူးရှင့်...´´

မေမေ့ဆီက စကားပြန် မရခင် မမအသံထွက်လာသည်။

''အလတ်မ...ငါ့အင်္ကျီအပြာလေး မီးပူတိုက်ခိုင်းထားတာ ပြီးပြီလား...´´
အိက လတ်ကို ဖျတ်ခနဲကြည့်သည် ။
''ဟုတ်...ပြီးပြီမမ...ချိတ်နဲ့ချိတ်ထားပေးတယ်...မေမေ လတ်ခဏလိုက်သွားရမလား...မီးပူတိုက်လက်စကနှစ်ထည်သုံးထည်ဘဲ ကျန်တော့တာ လတ်ပြန်လာမှ ပြီးအောင် တိုက်လိုက်မယ်နော်...´´

မမကို ဖြေရင်း မေမေ့ကို လှမ်းပြောပေမဲ့ မေမေက အင်းမလုပ် အဲမလုပ်။ အတန်ကြာသည်အထိ အဖြေမရတော့ လတ် အိကိုအားနာလာသည် ။

''အိ...ခဏနေရင် ထမင်းစားနားချိန်ဆိုတော့ ဆိုင်အရောင်းကျတော့မှာ...ငါတို့ အိမ်ထဲမှာဘဲစကားပြောရအောင်လေ လာ...ငါမီးပူတိုက်လက်စကြီးဟ...ဘေးနားလာထိုင်လာ...´´

အိနဲ့အတူ အိမ်ထဲ ဝင်လာခဲ့ပေမဲ့ မေမေကတော့ အားနာပါးနာနဲ့ လိုက်သွားလို့ တစ်ခွန်းမှမပြောခဲ့ပေ။ ဇွတ်လိုက်သွားရင်ရပေမဲ့ ပြန်လာရင် ရင်ဆိုင်ရမဲ့ အခြေအနေကို သိနေတော့ လတ် ရှေ့ဆက်မတိုးဝံ့ပါ။

''အရင်အတိုင်းပါဘဲလား အလတ်ရယ်...ဘာမှမပြောင်းလဲဘူး...နင် ဒီအခြေအနေကနေ ရုန်းမထွက်တော့ဘူးလား...´´

ခပ်တိုးတိုး မေးလာတဲ့ အိ ကို စကားတုန့်ပြန်မဖြေမိ ။ မီးပူပလပ် ပြန်တပ်နေရင်း မျက်ဝန်းထောင့်မှာ မြင်လိုက်ရတာက ဆိုင်ကယ်သော့ ဖြုတ်ပြီးအပြင်ထွက်သွားတဲ့ ငယ်လေး ။ မေမေ ငယ့်ကို မုန့်ဖိုးပေး ဆိုတဲ့အသံ ဆိုင်ကယ်ထဲ ဆီကျန်သေးလားဆိုတဲ့ မေမေ့အသံ မကြာခင် ဆိုင်ကယ်ထွက်သွားသံ ။ လတ် တို့အကြာကြီးငြိမ်နေကြသည် ။

''နင့် အိပ်မက်တွေကိုအကောင်အထည် မဖော်တော့ဘူးလား...နင် ဘာဖြစ်ချင်တယ်ဆိုတာကိုကော သတိရသေးရဲ့လား အလတ်ရယ်...´´

   ''ငါ မမေ့ပါဘူး အိ...ဒါပေမဲ့ အဲ့ဒီအိပ်မက်တွေကို ငါဆက်လည်းမမက်တော့ဘူး...ငါ အင်ဂျင်နီယာ ဖြစ်ချင်တယ် ဆိုတာကိုမေ့လိုက်ပြီ...ငါ့ ဆယ်တန်းအောင်မှတ်ကိုလည်း ငါမေ့လိုက်ပြီ...ခုချိန်မှာ ငါအဖြစ်ချင်ဆုံးဆန္ဒကိုပြောပါဆိုရင် ငါ့မေမေကို အေးအေးငြိမ်းငြိမ်းလေးနေစေချင်ပြီ ...အလုပ်တွေ မလုပ်တော့ပဲ နင့်မေမေလိုဘဲ ငါ့မေမေကိုလည်း နားစေချင်ပြီ...ဒါပေမဲ့ဟာ...´´

     မီးပူတိုက်လက်စ အင်္ကျီပေါ်သို့ မျက်ရည်တစ်စက် ပေါက်ခနဲကျသည် ။ မီးပူနဲ့ထိတော့ မျက်ရည်စက်လေး ချက်ခြင်းပျောက်ကွယ်သွားသည် ။

''နင်သာဆယ်တန်း အမှတ်စာရင်းအမှန်ကို အိမ်ကိုပြပြီး နင်တက်ချင်တဲ့ကျောင်းကို ဖျစ်ညှစ်တက်လိုက်ရင် ခုချိန်ဆို အလုပ်ကောင်းကောင်း တစ်ခု ဝင်လို့ ရနေလောက်ပြီ...´´

''အိရယ် နင်မသိလို့ပါ...အဲ့ဒီတုန်းက ငါသာဇွတ် ရှေ့ဆက်တိုးခဲ့ရင် ငယ်လေး ကျောင်းနားလိုက်ရမှာ...ဖေဖေ အကြီးအကျယ် နေမကောင်းဖြစ်ပြီး ဆေးခွင့်နဲ့ နားနေရတဲ့ အချိန်လေဟာ...ဖေဖေ့ကို ပြုစုနေရလို့ မေမေကလည်း စီးပွားရေးကို ဖိဖိစီးစီး မလုပ်နိုင်သေးတဲ့အချိန်...ဖေဖေ့လစာတစ်ခုတည်းနဲ့ တစ်မိသားစုလုံး ရပ်တည်နေရချိန်...ဖေဖေ့လစာက ဆေးဖိုးတွေနဲ့ ကုန်နေချိန်...မိသားစု ထမင်းနပ်မှန်ဖို့ ခက်ခဲနေချိန်မှာ ကုန်ကျစရိတ်များတဲ့ ကျောင်းတက်ဖို့ ငါဘယ်လိုပြောထွက်ပါ့မလဲ အိရယ်...´´

    လတ်တို့ နှစ်ယောက်ကြား အတန်ကြာ တိတ်ဆိတ်သွားပြန်သည် ။

   ''အဲ့ဒါနဲ့ဘဲ ဆယ်တန်းကို  အမှတ်လေးဆယ်ကျော်နဲ့ ကပ်အောင်လို့ အဝေးသင်တက်ပြီး အိမ်အလုပ်လုပ်နေတဲ့ ခပ်ညံ့ညံ့ သမီးအဖြစ် နင်ခံယူလိုက်တယ်ပေါ့...တန်ရဲ့လား လတ်...နင် ပေးဆပ်ခဲ့တာနဲ့ နင် ခု ပြန်ရနေတာ တန်ရဲ့လားဟာ...´´

   အိရဲ့ မချိတင်ကဲ ရေရွတ်သံက လတ်ကို ဝမ်းနည်းစိတ်ပိုစေသည် ။ ဝဲတက်လာတဲ့ မျက်ရည်တွေ ထပ်လျှံမကျလာအောင် မျက်တောင် ပုတ်ခတ် ထိန်းရင်း အိကို ခပ်တိုးတိုး စကားပြန်ရသည် ။

''တကယ်တော့ မေမေက ငါတို့ငယ်ငယ်က သိပ်ကိုအေးချမ်းတာ နင်သိပါတယ် အိရယ်...
ဖေဖေနဲ့ မေမေကလည်း တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြတာ...ငါတို့ကိုလည်း သိပ်ဂရုစိုက်ကြတာ...ဒါပေမဲ့ ဖေဖေ့ရဲ့ အနေအေးမှုနဲ့ တဖြည်းဖြည်းအရွယ်ရောက်ပြီး လိုအပ်ချက်တွေ များလာတဲ့ ငါတို့ညီအစ်မတွေကြောင့် မေမေခုလို ပြောင်းလဲ သွားခဲ့တာ...´´

   အိက လတ်ကို မမှိတ်မသုန် စိုက်ကြည့်နေရာက ခပ်တိုးတိုးထပ်မေးသည် ။
''သမီးခြင်းအတူတူ ခုလို နင်အနှိမ်ခံနေရတာ ချုပ်ခြယ်ခံနေရတာကရော...´´

''ဟင့်အင်း အိ ...ခု အခြေအနေကို အနှိမ်ခံ အချုပ်ခြယ်ခံနေရတာလို့ ငါ မယူဆဘူး...ငါက မေမေစိတ်ဆင်းရဲနေတာ မကြည့်ရက်လို့ အစအရာရာ မေမေ့ကို အလိုက်သိပြီး ဖြည့်ဆည်းပေးချင်တာသိလို့ မေမေက ငါ့ကို အားကိုးတယ်...သူ့ဘေးနားကနေ ငါထွက်သွားမှာကိုလည်း မေမေကကြောက်နေတာ...ဒါပေမဲ့ မာနကြီးတဲ့မေမေက အဲ့ဒီစိတ်ကို ဘယ်တော့မှထုတ်မပြဘူးလေ...သမီးချင်းအတူတူ မမကိုက သမီးဦးမို့ ဦးစားပေးရ...ငယ်လေးကိုက အငယ်ဆုံးမို့  အလိုလိုက်ရနဲ့...ငါ့အတွက် လှည့်မကြည့်နိုင်တာ ငါမေမေ့ကို နားလည်ပါတယ်...အဲ့ဒါကြောင့်လည်း ခုချိန်ထိ ငါမေမေ့ဘေးနားရှိနေတာပေါ့...
ကျန်တဲ့သူတွေကတော့ ငါ မပြောတော့ပါဘူး...ငုံ့ခံနေရင် ပိုဖိချင်တတ်ကြတာ လူ့သဘာဝဘဲလေ...´´

''နင့် အဖေကျတော့ကော...´´

   လတ် အိ မျက်နှာကို တစ်ချက်ကြည့်ပြီးမှ မျက်လွှာပြန်ချလိုက်သည် ။
''ဖေဖေလား...တကယ်တော့ ဖေဖေက အိမ်ထောင်မပြုသင့်ဘူး...သူ နေချင်သလို နေတတ်သလို  တစ်ယောက်တည်း အေးအေးဆေးဆေးနေရမှာ...တော်ပါပြီဟာ ဆက်ပြောရင် ငရဲကြီးလိမ့်မယ်...သေချာတာကတော့ ငါ ဖေဖေ့လို သွေးအေးနေစိမ့်တဲ့ လူနဲ့ ကြုံမှာကြောက်လို့ ဘယ်တော့မှ ယောက်ျား မယူဘူးသိလား...ငါ့မေမေက ငါတို့ ငယ်ငယ်က အမြဲတမ်း ဆုံးမတာရှိတယ် ...ကိုယ့်အပေါ် လူအများကမကောင်းကြရင်လည်း ကိုယ်ကတော့ လူတိုင်းအပေါ် ကောင်းအောင်ကြိုးစားရင် တစ်နေ့နေ့တော့ ကိုယ့်အပေါ် အစွမ်းကုန်ကောင်းပေးမဲ့သူ တစ်ယောက် ဖြစ်ဖြစ်တော့ ပေါ်လာလိမ့်မယ်တဲ့...´´

    ထိုစကားတို့ကို ပြောနေချိန်မှာ လတ် မျက်နှာမှာ မျော်လင့်ခြင်း အရိပ်အယောင်တွေ ယှက်သန်းပြေးလွှားနေကြသည်။

''ယောက်ျား မယူတော့ဘူးဆိုတော့ နင့် အပေါ်ကောင်းပေးမဲ့သူက မိန်းမတစ်ယောက်များ ဖြစ်နေမလား...မဟုတ်မှလွဲရော နင်မိန်းမ ယူဖို့များ စဉ်းစားနေသလား အလတ်...´´

    အိစကားကြောင့် လတ်ရင်ထဲ ထိတ်ခနဲ ။ အိမျက်နှာကိုကြည့်လိုက်တော့သူ့စကားသူ သဘောကျပြီး ရယ်နေသည်။သေချာတယ် အိက သာမာန်စနောက် လိုက်တာမျိုးသာ ။ သို့သော် တစ်စုံတစ်ယောက်ကို သတိရပြီး လတ် မျက်နှာတပြင်လုံး နီရဲ ပူနွေးလာသည် ။

''အလတ်မရေ...ဒီမှာ လက်ဖက်သုပ်ပန်းကန်လာယူ...´´

    မီးဖိုဆောင်ထဲက မေမေ့အသံက လတ်ရဲ့ ကျဉ်းကြပ်နေတဲ့ စိတ်ကို ကယ်တင်လိုက်တာပင် ။ ကိုယ့်စိတ်မလုံမှုနဲ့ကိုယ် ရှက်ရွံ့နေလို့ လတ်သည် လက်ဖက်ပန်းကန်နဲ့ ရေနွေးကြမ်းအိုး တင်ထားတဲ့ ဗန်းကို လှမ်းပေးနေတဲ့ မေမေ့မျက်နှာကို သတိမထားမိလိုက်ပါ ။ ပြီးတော့ လက်ဖက်သုပ်လာပို့ပေးစဉ် ကြားလိုက်ရတဲ့ စကားတချို့ကြောင့် နောက်ပြန်ဆုတ်သွားတဲ့ မေမေ့ခြေသံကိုလည်း လတ်မကြားမိလိုက် ။

   သူငယ်ချင်းနှစ်ယောက်  ရောက်တတ်ရာရာတွေပြောရင်း  ဆိုင်ထဲမှာ ဈေးရောင်းရင်းနဲ့ လတ် စိတ်တွေ ပျော်လာသော်လည်း မီးဖိုဆောင်ထဲမှာ ကျိတ်ပြီးမျက်ရည်ကျနေတဲ့ တစ်ယောက်သောသူရဲ့ စိတ်ထဲက ဝမ်းနည်းကြေကွဲမှုကတော့ ဘယ်အချိန်မှ သက်သာမလဲဆိုတာ ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now