part...10(u&z)

8.5K 701 48
                                    


အပိုင်း ၁၀

သူ့ရှေ့က ကတ်ထူပုံးထဲကိုတလှည့် လက်ထဲက စာရွက်လေးကို တလှည့်ကြည့်ရင်း
သူ မျက်ရည်တွေဝဲလာရသည် ။ ဒီကောင်မလေးကတော့လေ ။ သူ့ထက် တစ်နှစ်ကျော်ကြီးတယ်ဆိုပေမဲ့ ကောင်မလေး လို့သာ သုံးချင်နေသည် ။
      သူက ကိုယ့်ချစ်သူလို့ ခေါ်တဲ့ ကောင်မလေး ။ သူ့ကို ပုံစံမျိုးစုံနဲ့ ပြုစားနေတဲ့ ကောင်မလေး ။ သူ့ရဲ့ စိတ်အတွင်းနက်နက်ထဲဝင်ပြီး  သူ့နှလုံးသားတံခါးကို လာလာခေါက်နေတဲ့ ကောင်မလေး ။
     ရည်းစားတွေ (ယောက်ျားလေးရော မိန်းကလေးပါ) အများကြီး ထားခဲ့ပေမဲ့ သူ့နှလုံးသားအတွင်းထဲထိ တစ်ယောက်ကိုမှ
သူ ဝင်ခွင့်မပေးခဲ့ ။ သူ တကယ်ချစ်ရမဲ့သူဟာ လောကကြီးမှာ မွေးဖွားမလာသေးဘူးလို့ သူက ကြွေးကြော်ထားခဲ့တာ ။ ခုတော့ အဲ့ဒီသူဟာ ဟိုးအဝေး နယ်မြို့လေးတစ်မြို့မှာ တိတ်တဆိတ်ရှင်သန်နေပြီး မာကျောနေတဲ့ သူ့နှလုံးသားကို အရည်ပျော်အောင် နည်းအမျိုးမျိုးနဲ့ ပြုစားနေလေပြီလား ။
     သူမသိတဲ့ ဖုန်းနံပါတ်စိမ်းတစ်ခုက ဆက်သွယ်လာပြီး အိမ်တိုင်ရာရောက် လာပို့သွားတဲ့ ပါဆယ်ထုပ်တစ်ထုပ်နဲ့ စာတစ်စောင်ဟာ ခုလောက်ထိ သူ့နှလုံးသားကို ကိုင်လှုပ် ဆွဲဆောင်နိုင်လိမ့်မယ်လို့ သူဘယ်တုန်းကမှ တွေးမထင်ထားခဲ့ဖူး ။ သူ့ဘဝမှာ ဒီထက် အဖိုးတန်ပြီး ခုရောက်လာတဲ့ ပစ္စည်းထက် surprise ဖြစ်စေမဲ့ လက်ဆောင်တွေ အများကြီး ရဖူးပါလျက်နဲ့ ။ ခုလောက်ထိ သူ့ရင်ထဲ မလှုပ်ခတ်ခဲ့ဖူးတာ အသေအချာပင် ။
     သူသည် လက်ထဲက စာရွက်အပြာလေးကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ပြန်ဖတ်မိပြန်သည် ။
''နိုင်နိုင်...ဝိုင်သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်တဲ့...ပြီးတော့လေ ဝိုင်သောက်ရင် ဦးဏှောက်ထဲက အချစ်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းထွက်လာအောင် လှုံ့ဆော်ပေးတယ်တဲ့... လတ်နဲ့ အတူမရှိနိုင်သေးခင် ကျန်းမာအောင် နေရမယ်နော်...ပြီးတော့ လတ်ကိုလည်း တကယ်ချစ်လာနိုင်အောင် ကြိုးစားပေးပါ...အများကြီးတော့ မသောက်နဲ့နော်...ပြည်တွင်းဖြစ် ဝိုင်မို့ ဈေးသိပ်မများပေမဲ့ လတ်ရဲ့အချစ်တွေ ထည့်ပေးလိုက်တာမို့ တန်ဖိုးတော့ ကြီးတယ်နော် နိုင်နိုင်...ချစ်သူသက်တမ်း တစ်လပြည့်လက်ဆောင်ပါ...နောက်ထပ် ရက်တွေ အများကြီးကို နိုင်နိုင်နဲ့ အတူဖြတ်ကျော်ချင်သေးတယ်...ချစ်တယ်... ´´
    စာရွက်လေးကို အသာပြန်ခေါက်သိမ်းပြီး ဝိုင်ပုလင်းလေးကို တယုတယ ထုတ်ယူ ရင်ခွင်ထဲ ပွေ့ပိုက်လိုက်ချိန်မှာတော့ သူ့စိတ်ထဲ ငြိမ်းချမ်းနွေးထွေးမှုကို အပြည့်အဝခံစားရသည် ။ လူတစ်ယောက်ရဲ့ နှစ်နှစ်ကာကာ အချစ်ခံရတာဟာ ဘယ်လောက်ထိ စိတ်ကို လုံခြုံနွေးထွေးစေသလဲဆိုတာ အလတ်လေးက သူ့ကို လက်တွေ့ပြောပြနေသယောင် ။
    တကယ်ချစ်လာနိုင်အောင် ကြိုးစားပေးပါနော် ဆိုတဲ့စာသားလေးက သူ့ရင်ကို နာကျင်စေသည်။ တကယ်ချစ်မိတော့မှာဘဲ အလတ်မလေးရဲ့ ။ ကိုယ်တော့ မင်းရဲ့ ပြုစားမှုတွေထဲမှာ သွက်သွက်ခါချင်နေပါပြီ ။ ဝိုင်ပုလင်းလေးကို ငုံ့ကြည့်နေရင်း သူအလတ်ကို သတိရလာသည် ။ စကားပြောချင်လာသည် ။ လတ်နဲ့ စကားပြောဖို့ ညအထိသူ စောင့်မနေနိုင်တော့ ။ စောင့်စရာလည်း မလိုတော့ ။ သူတို့ချစ်သူ ဖြစ်ပြီးနောက်ပိုင်း အလတ်က အားရင်အားသလို လိုင်းဖွင့်ပြီးစကားတွေ လာပြောတတ်သည် ။ သူကတော့ ever online ဆိုတော့ အလတ်လိုင်းတက်တိုင်း စကားဆီးကြိုပြောဖို့အသင့် ။
    အလတ်ရဲ့ ချစ်သူဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်လိုက်ပြီးတဲ့ နောက်ရက်ကစပြီး သူ တည်ငြိမ်အောင် ကြိုးစားနေထိုင်ခဲ့သည် ။ အလတ်ကြောင့်ရယ်လို့မဟုတ်ဘဲ မာမီသူ့ကို အမြင်ကြည်စေရန်ဖြစ်သည် ။ မာမီက သူ့ကိုတိုက်ရိုက်မပြောပေမဲ့ ဒေါ်ကြီးကနေတစ်ဆင့် စကားထည့်သည် ။ သူ ဒီလို ဆိုးသွမ်း နေမယ်ဆိုရင် ခြေငြိမ်အောင် အိမ်ထောင်ပြုပေးမဲ့အကြောင်း ။ ထိုကဲ့သို့တော့ အဖြစ်မခံနိုင်ပါ ။ ထို့ကြောင့် မာမီအမြင်မှာ မျက်စိမနောက်ရလေအောင် သူ အနေအထိုင် ဆင်ခြင်နေရသည် ။
    အလတ် ကံကောင်းတာလား ။ သူဘဲ ကံဆိုးတာလား မသိ ။ ခုချိန်မှာ အလတ်က သူ့အတွက် ပြိုင်ဘက်မရှိ တစ်ဦးတည်းသော ချစ်သူ အဖြစ် ရှိနေသည် ။ လိုင်းပေါ်က ဇယား ပိစိပေါက်စတွေကော သူအကုန် လမ်းရှင်းထားသည် ။ တစ်နေ့နေ့တော့ သူ မာမီ့ကို ထုတ်ပြောဖြစ်ပါလိမ့်မည် ။ သူ လက်ထပ်ချင်သူဟာ ယောက်ျားလေး မဟုတ်ဘဲ မိန်းကလေးတစ်ယောက်သာ ဖြစ်သည် ဆိုတဲ့အကြောင်း ။ သူ အသက်နဲ့အမျှ ချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ယောက်ကို တွေ့လာခဲ့ရင်ပေါ့ ။
   အတွေးအိမ်ထဲ နစ်နေရာက ရုန်းထွက်ပြီး  ဖုန်းကိုယူကြည့်လိုက်တာနဲ့ အလတ်ကို လိုင်းပေါ် အဆင်သင့် တွေ့ရသည်  ။
''ကိုယ့်ချစ်သူ စုန်းမလေးရေ...မင်းကိုယ့်ကို  ပြုစားတာ များနေပြီနော် ... ´´
     သူ့စာဝင်လာတော့ လတ် အိမ်အနောက်ဘက် တစ်ချက်ချောင်းကြည့်ရသေးသည် ။ မေမေ့အရိပ်အယောင်မမြင်မှ စာပြန်ရသည် ။
''ဘာလို့လဲ နိုင်နိုင်ရဲ့... ´´
''မင်းဘာလုပ်ထားလဲ မင်းသိမှာပေါ့...´´
''ဘာမှမလုပ်ထားပါဘူးနော်...´´
ရှက်ပြုံး အီမိုဂျီလေးလိုဘဲ လတ်ပါးပြင်လေးတွေလည်း ပန်းရောင်ပြေးနေပါလိမ့်မည် ။
''အဲ့ဒါဆို ကိုယ့်ရှေ့ရောက်နေတဲ့ ပစ္စည်းတွေက ဘယ်သူပို့လိုက်တာလဲ...´´
''delivary က လာပို့တာ မဟုတ်ဘူးလား...´´
''ဒေါ်ခင်မင်းလတ်...´´
      လတ်ရဲ့ နာမည်အပြည့်အစုံကို ဒေါ်တပ်ခေါ်ပြီဆိုရင် သူတော်တော် စိတ်ဆိုးနေပြီ ဆိုတာ လတ်သိပြီ ။
''ဘွာတေး...ဘွာတေး...မစတော့ပါဘူး နိုင်နိုင်ရယ်...လတ်ပို့လိုက်တဲ့ လက်ဆောင်ကို ကြိုက်လားဟင်...´´
''ကြိုက်တယ်ဆိုတာထက်ကို သဘောကျတာကွ...မင်းက အဲ့လို ပေါက်ကရလေးတွေလည်း စဉ်းစားစီစဉ်တတ်သားဘဲနော်...ကိုယ်တကယ်ထင်မထားဘူး...´´
''ဝိုင်ပုလင်းပေးမယ်လို့ ထင်မထားတာလား...တစ်လပြည့်လက်ဆောင် ပို့မယ်လို့ ထင်မထားတာ လား...´´
''နှစ်ခုလုံးဘဲ... မင်းလို ရိုးရိုးအေးအေး မိန်းကလေးတစ်ယောက်က ဝိုင်ပုလင်း ပို့ဖို့ စဉ်းစားမိလိမ့်မယ်လို့ ထင်ကိုမထင်ထားတာ...´´
''လတ်တို့ ချစ်သူဖြစ်တာ တစ်လပြည့်အထိမ်းအမှတ်အဖြစ် ဘာပေးရင်ကောင်းမလဲ လိုက်ရှာကြည့်ရင်း ဝိုင် ရဲ့ အဓိပ္ပါယ်ကို ဖတ်မိပြီး သဘောကျသွားတာနဲ့ ပို့ပေးလိုက်တာ...နိုင်နိုင် သတိတောင်မရဘူး မဟုတ်လား...လတ်တို့ ချစ်သူဖြစ်တဲ့ ရက်စွဲကိုလေ ....´´
  ဒီလက်ဆောင်လေး ပို့ပေးဖို့ လတ်ဘက်က ဘယ်လိုအားထုတ်ပြီး ဘယ်လောက်ထိ စွန့်စားခဲ့ရလဲ သူ သိအောင် လတ် ပြောမပြဖြစ်တော့ပါ ။ သူ့ကို ဝမ်းသာအံ့သြစေတာနဲ့တင် လတ် ကျေနပ်နေပါပြီလေ ။  သူ့ဘက်က ဘာတုန့်ပြန်မှုမှ မလာတော့ သူမမှတ်မိကြောင်း လတ်သိလိုက်သည် ။
''အများကြီးတော့မသောက်နဲ့နော်နိုင်နိုင်...
ဆေးဖြစ်ဝါးဖြစ်ဘဲသောက်...ပြီးတော့ နိုင်နိုင့်အမေ မမြင်အောင်လည်း သေချာသိမ်းဦး...´´
''စိတ်ချပါကွာ...ဒီလောက်အဖိုးတန်တဲ့ လက်ဆောင်လေးကို ကိုယ်သေချာ စီစစ်ချွေတာပြီး သောက်မှာပေါ့ ...မြန်မြန်မကုန်အောင်လေ...ပြီးတော့ မင်းယောက္ခမကြီး မမြင်အောင်လည်း သေချာဝှက်ထားပါ့မယ် ဟုတ်ပြီလား...´´
''နိုင်နိုင်နော်...စကားအကောင်းပြောနေတုန်း ဖောက်မလာနဲ့...ဒါနဲ့ နိုင်နိုင် ...လတ်ကို တစ်ခုခုပြောစရာ မရှိဘူးလားဟင်...´´
    အလတ် ဘာကိုဆိုလိုသလဲ ။ သူသိပါသည် ။ဘယ်စကားကို ကြားချင်နေသလဲ သူရိပ်မိပါသည် ။  သူ့ဘက်က အလတ်ကို မှားယွင်းချစ်ခွင့်ပန်ခဲ့တဲ့ နေ့ကစပြီး ခုချိန်ထိ နောက်ထပ် ချစ်တယ်ဆိုတဲ့စကားကို ထပ်မပြောမိခဲ့ ။ ကိုယ့်ချစ်သူလို့ အတွင်သားခေါ်နေပေမဲ့ သူ့စိတ်ထဲက ခံစားချက်ကို ပြတ်ပြတ်သားသားမဆန်းစစ်နိုင်သရွေ့တော့ သူ အလတ်ကို ချစ်တယ်လို့ နောက်ထပ်မပြောချင်ပါ ။ သေချာလာတဲ့ တစ်နေ့ကျရင်တော့ .....။
''ပြောစရာ ရှိတာပေါ့...´´
   သူ မပြောချင်တဲ့ စကားကို ရှောင်လွှဲနိုင်ဖို့အတွက်  သူလျှို့ဝှက်ထားချင်တဲ့ စကားတစ်ခွန်းကို ပြောရပါတော့မည် ။
''နိုင်နိုင်...ခု လတ်မအားတော့ဘူး ...ညမှ ဆက်ပြောကြမယ်နော်...´´
     သူ့ဆီက စကားပြန်တာ လတ် မစောင့်နိုင်တော့ ။ မေမေ့ခြေသံကြားတာနဲ့ လတ် ဖုန်းလေးကို ကမန်းကတန်းပိတ်ပြီး အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်လိုက်ရသည် ။
   active 1 minute ago လေးကို ကြည့်ပြီး သူသက်ပြင်းချလိုက်မိသည် ။ ဒီလို အဖြစ်မျိုးက ခဏခဏ ကြုံနေရတော့ သူ့အတွက် မထူးဆန်းတော့ ။ဖုန်းကိုဘေးချကာ လတ်ကို ခဏမေ့လိုက်ပြီး သူ့နားထဲမှာ တစ်နေ့က မာမီနဲ့ သူနဲ့ အပြန်အလှန် ပြောစကားတွေကို ပြန်ကြားယောင်လာသည် ။
*•* *•* *•* *•* *•* *•* *•* *•*
''နိုင်နိုင်...မာမီ အလုပ်ကိစ္စနဲ့ ထိုင်းကို ခဏသွားရမယ်...အနည်းဆုံး နှစ်ပတ်လောက်ကြာမယ်...´´
''နှစ်ပတ်တောင်...နိုင်ကောလိုက်ရမှာလား မာမီ...´´
''နိုင်နိုင်က မာမီတို့အလုပ်ကိစ္စကို ဘာနားလည်လို့ လိုက်မှာလဲ...ခေါ်သွားလည်း စရိတ်ကုန်ယုံဘဲ...နိုင်နိုင် အလုပ်တစ်ခုခုကို သတ်သတ်မှတ်မှတ်မလုပ်မချင်း မာမီ သမီးအတွက် တပြားမှ အပိုအကုန်မခံနိုင်ဘူး...အလုပ်လုပ်ဖို့ပြောထားတာ လပေါင်းလည်း မနည်းတော့ဘူး...သမီး မာမီ့စကားနားမထောင်သရွေ့ ဘာအခွင့်အရေးမှ ရမယ်မထင်နဲ့ ...ဒီမှာဘဲနေခဲ့....´´
     ပြောရက်လိုက်တာ မာမီရယ်လို့ စိတ်မကောင်း ဖြစ်သွားတဲ့ကြားက မာမီမရှိတဲ့ နှစ်ပတ်အတွင်း သူလွတ်လပ်ရေး ရပြီဆိုတဲ့ အတွေးကြောင့် ပျော်သွားတာကိုတော့ ဝန်ခံရမည် ။
''နေခဲ့ဆိုတိုင်း သမီးကို ဒေါ်ကြီးနဲ့ ထားခဲ့မယ်လို့တော့ မထင်နဲ့နော်...´´
သူ့ ရင်တွင်းစကားကို မာမီကြားသွားသလား ။
''အဲ့ဒါဆိုနိုင်က ဘယ်သူနဲ့ နေခဲ့ရမှာလဲ မာမီ...´´
''ဖွားဖွားနဲ့...နယ်ကသမီးဖွားဖွားကို ခေါ်ပြီး ထားခဲ့မှာ....ဖွားဖွားကို သမီးကိုယ်တိုင် သွားခေါ်ရမှာ...´´
''မာမီ.......´´
~_~  ~_~  ~_~  ~_~  ~_~  ~_~  ~ _~
  ''ကိုယ့်ချစ်သူရေ...ပစ္စည်းတွေပို့လိုက်တာ
တော့ ဟုတ်ပါပြီလူကိုယ်တိုင်ရော ဘယ်တော့လာမှာလဲ...´´
    စာပို့လိုက်ပြီးမှ စိတ်ထဲ ဒွိဟဖြစ်မိသည် ။ သူ တကယ်ရော သူမကို အပြင်မှာ တွေ့ချင်ရဲ့လား ။ သူ့စိတ်သူမသေချာ ။ တကယ်မခိုင်မဲ့ ကြိုးနဲ့ဆိုရင်  ဘယ်သူ့ကိုမှ မချည်နှောင်သင့်ဘူးမလား ။
''မလာပါဘူး နိုင်နိုင်ရယ်...လတ်က လတ်ရဲ့ မြို့ကလေးကနေ ဘယ်ကိုမှ မသွားချင်ဘူး...အထူးသဖြင့် လတ်မေမေကို ခဏကလေးတောင် မထားခဲ့ချင်ဘူး ...  ´´
    ပြန်ရတဲ့အဖြေအတွက် စိတ်ထဲကျေနပ်သွားသည် ။သို့သော် ပြောလက်စမို့ သူရှေ့ဆက်တိုးဖြစ်လိုက်သေးသည်။
''ကိုယ်ခေါ်မယ်ဆိုရင်ရော...အလည်
အပတ်လေးဖြစ်ဖြစ် မလာချင်ဘူးလား...ကိုယ်တို့ ရန်ကုန်မြို့ကြီးက ဘယ်လောက် လည်စရာပေါပြီး ပျော်စရာကောင်းသလဲ ဆိုတာ မင်းကို လက်တွေ့ပြချင်တယ် ... ´´
    သူက တကယ်အကျင့်မကောင်းတဲ့လူပါ ။ မလာဘူးဆိုတာ သေချာလို့ သူခေါ်ရဲတာ ။ အလတ် သူ့ကိုယ်သူခဏခဏ ပြောနေသလို သူမက တကယ်ပဲ ရုပ်ဆိုးတဲ့သူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ။ စိတ်နဲ့ ဖက်တွယ်ထားတဲ့ အရပ်မှာဘဲ ခဏပျော်ပြီး စိတ်ချင်း ချိတ်ထားတဲ့ သံယောဇဉ်နဲ့ပဲ နေသားကျချင်တယ် ။ ကိုယ့်ကို ခွင့်လွှတ်ပါကွယ် ။
''ဟင့်အင်း...ဘယ်မြို့တွေ ဘယ်လောက် ပျော်စရာကောင်းတယ်ပြောပြော လတ်ကတော့ လတ် ချစ်တဲ့ မြို့လေးလောက် ဘယ်နေရာမှာမှ ပျော်နိုင်မယ်မထင်ဘူး...´´
''မင်းကကြီးကျယ်လိုက်တာ....ရန်ကုန်လိုမြို့ကြီးကိုတောင် မလာချင်ရအောင် မင်းနေတဲ့မြို့လေးက ဘယ်လောက်များ ခမ်းနားဆန်းပြားနေလို့လဲ...ပြောစမ်းပါဦး.´´
''ရန်ကုန်ကို မလာချင်တာ မဟုတ်ဘူးနိုင်ရဲ့...လတ်က နေသားကျနေတဲ့ အရပ်မှာဘဲ နေချင်တာ... လတ်တို့မြို့ကလေးရဲ့ လတ်ဆတ်အေးမြတဲ့ လေမှ မဟုတ်ရင် တခြားလေထုထဲမှာ လတ် အသက်ဝဝရှုနိုင်မယ် မထင်ဘူး... မိုးတွင်းမှာ ညစ်ပတ်ပြီး နွေကျရင် ဖုန်ထူတဲ့ မြေနီလမ်းကလေးတွေမှာမှ မဟုတ်ရင် လတ် ခြေလှမ်းတွေ မသွက်နိုင်လောက်ဘူး...မြို့ငယ်လေးက ရင်းနှီးနေတဲ့ ရိုးသားတဲ့မျက်နှာတွေ မရှိတဲ့အရပ်မှာ လတ် စိတ်လုံလုံနဲ့ မနေနိုင်လောက်ဘူး...လတ်နေတဲ့မြို့လေးက တခြားသူတွေအမြင်မှာတော့ သာမန် ခပ်သေးသေးနယ်မြို့လေးတစ်မြို့ပါပဲ... ဒါပေမဲ့ အဲ့ဒီမြို့သေးသေးလေးက  လတ်ဆိုတဲ့ကောင်မလေးရဲ့ ဇာတိချက်ကြွေမွေးရပ်မြေမို့လို့ လတ်အတွက်တော့ ကြီးကျယ်ခမ်းနားတာပေါ့နိုင်ရဲ့... .´´
     သူတကယ်ကို အံ့သြရပါသည် ။ ဒီကောင်မလေးက မြို့လေးတစ်မြို့အပေါ်မှာတောင် ဒီလောက် အစွဲအလန်းကြီးနေရင် သူ့အပေါ်မှာ ဆိုရင်ရော ။ မကြာခဏ လှစ်ဟ ပြတတ်တဲ့ သူမ ရင်တွင်းချစ်ခြင်းတွေကို ပြန်မြင်ယောင် ကြားယောင်ပြီး သူ အသက်ရှုရ ကြပ်လာသလိုလို ။ ကိုယ်တကယ် မတွဲချင်တဲ့ လက်ကို ဖြုတ်မချပစ်ရက်အောင် မပြုစားပါနဲ့လား ကောင်မလေးရယ် ။
''နိုင်နိုင် လာနေမယ်ဆိုရင်တော့  လတ်က ဝမ်းပန်းတသာကို ကြိုမှာပါနော်...နိုင်နိုင်လာခဲ့ပါလားဟင်...နိုင်ဘာအလုပ်မှ မလုပ်ပဲ လတ်ဘေးနားလေးဘဲ နေပေးရင် ရပြီ....နိုင့်မာမီလက်ထဲမှာလောက် မဟုတ်ပေမဲ့ လတ် နိုင်နိုင့်ကို မတောင့်မတ မကြောင့်မကျနေနိုင်အောင် ထားမယ်လေ...လာမလားဟင်...´´
       တော်ပါတော့ အလတ်ရယ် ။ ကိုယ်မင်းကြောင့် ခဏခဏ မျက်ရည် မကျချင်ဘူး ။ မင်းကို မချစ်တဲ့ သိပ်မကြာခင် လက်လွှတ်ပစ်ဖို့ကြိုးစားနေတဲ့ အမြင့်မှန်းလွန်းတဲ့ ကိုယ့်ကို ခုထက်ပို မတွယ်တာတော့ရင် ကောင်းမယ် ။
''မင်းက မိဘအရိပ်က လွတ်သေးလို့လား...ကိုယ့်ကို အာမခံပြီး အတင်းခေါ်နေရအောင်...´´
  ''နိုင်နိုင်ဘေးနားရှိရင် လတ် အရာရာကို ရင်ဆိုင်နိုင်မှာပါ...´´
      သူ မျက်ရည်တွေကို သုတ်လိုက်သည် ။
''ဟားဟ...အေးပါကွာ...မင်းအတင်းမခေါ်
လည်း မင်းနေတဲ့ မြို့ကလေးကို ကိုယ်မဖြစ်မနေ လာစရာကိစ္စရှိတယ်....´´
  အစကတော့ သူ သူမကို မပြောဘဲ တိတ်တိတ်လေးသွားပြီ တိတ်တိတ်လေး ပြန်လာဖို့ စဉ်းစားထားတာ ။ ခုတော့ သူမ ကြားချင်တဲ့ စကားအစား သူ မပြောချင်တဲ့ ကိစ္စကို ပြောလိုက်ရပြီ ။
''ဟယ် တကယ်...နေ့လည်က ပြောစရာရှိတယ်ဆိုတာ ဒီကိစ္စလား...ပျော်လိုက်တာ နိုင်နိုင်ရယ်... ဘယ်တော့လာမှာလဲဟင်...ဘာလာလုပ်မှာလဲ...´´
''မင်းချစ်တဲ့ မြေနီလမ်းနဲ့ စိန်ပန်းပြာတွေ ရှိတဲ့မြို့မှာ ကိုယ့်ဖွားဖွားလည်း ရှိတယ်လေ...´´
       သူ မာမီပြောတဲ့ စကားတွေကို ပြောပြတော့ သူမက သိပ်ကို သဘောကျနေသည် ။
     ရယ်နေတဲ့ စတစ်ကာလေးတွေ တစ်ခုပြီးတစ်ခု တက်လာသည် ။ ခုနက မျက်ရည်စို မျက်ဝန်းတွေနဲ့သူ၊ ခုတော့ ရယ်နေမိပြန်ပါပြီ ။
''နိုင်နိုင့်လောက်မှ မလည်ရင် နိုင့်မာမီ ဘယ်လုပ်ပါ့မလဲနော ...သဘောကျလိုက်တာ နိုင်နိုင်ရယ်...နိုင့်မာမီကလည်း နိုင့်လိုချစ်စရာလေးနော်....´´
''ကိုယ့်ချစ်သူ...ကိုယ် စိတ်ဆင်းရဲနေတာကို မင်းကပျော်နေတယ်ပေါ့...ဖွားဖွား ဘယ်လောက်ထိ စည်းကမ်းကြီးလဲ မင်းမသိလို့....´´
''အမယ် ကိုယ့်အပြစ်နဲ့ ကိုယ် ခံပေါ့...ထွက်ပေါက်သိရဲ့နဲ့ နိုင်နိုင်မှမထွက်တာ...အပိတ်လှောင်ခံပေါ့...မသနားပါဘူး...´´
''စိတ်ကောက်ချင်နေပြီနော်....´´
''စိတ်တော့မကောက်ပါနဲ့ နိုင်နိုင်ရဲ့ ...ဒါနဲ့ ဘယ်တော့လာမှာလဲဟင်...´´
    မပြောဘဲ လျှို့ဝှက်ထားချင်ပေမဲ့ ပြောရပါတော့မည် ။
    ''နောက်တစ်ပတ်ထဲ...´´
°_° °_° °_° °_° °_° °_° °_° °_° °_° °_°

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now