အပိုင်း...၂၀
မအိရဲ့ မင်္ဂလာပွဲက စည်ကားသိုက်မြိုက်နေသည် ။ မအိကော သတို့သားပါ ဆေးကုမ္ပဏီ ဝန်ထမ်းတွေဆိုတော့ နှစ်ဖက် အသိုင်းအဝိုင်းပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ဖြစ်ထွန်းလာသည် ။
မအိနဲ့ လတ်က ဟိုအရင်ကတည်းက အချင်းချင်း ကတိပေးထားကြတယ် ဆိုပေမဲ့ သူက စူပုတ်ဂျစ်တိုက်ပြီး ကန့်ကွက်လွန်းလို့ လတ်က မအိရဲ့ သတို့သမီး အရန်အဖြစ် ပွဲထွက်ခွင့်မရ။ သူ့ချစ်သူကို လူတွေ ဝိုင်းကြည့်ကြမှာ သူမလိုလားပါ ။ အလတ်အစား ငယ်လေးက အရန်လုပ်ပေးတော့ မအိက ကြည်ကြည်သာသာ လက်ခံ ပါသည် ။
သူ့ကိုတော့ မျက်နှာခြင်း ဆိုင်မိတိုင်း မျက်စောင်း တထိုးထိုးပေါ့ ။ မအိက လတ်ရဲ့တစ်ဦးတည်းသော အားပေးဖော် အကောင်းဆုံး သူငယ်ချင်းလေးဆိုတော့ တစ်ခုမလိုက်လျောနိုင်ပေမဲ့ ကျန်တစ်ဖက်ကတော့ လတ် မျက်နှာ မငယ်အောင် သူ ဖြည့်ဆည်း ပေးခဲ့ပါသည် ။
မအိတို့ရဲ့ မင်္ဂလာပွဲကို သူ့ဟိုတယ်မှာ အခကြေးငွေ တစ်ပြားတစ်ချပ်မှမယူဘဲ လက်ဖွဲ့တာဆိုတဲ့ နာမည်နဲ့ လိုလေသေးမရှိအောင် သူ အစအဆုံး စီစဉ်ပေးခဲ့သည် ။ မအိကော လတ်ကပါ ငြင်းဆန်ပေမဲ့ သူက ရအောင်စီစဉ်ခဲ့သည် ။
သူ့ရဲ့ လတ်က တန်ဖိုးထားတဲ့သူ သူ့ရဲ့ လတ်ကို တန်ဖိုးထားတဲ့သူကို သူကလည်း အလေးအနက်ထား ဆက်ဆံရမည်လေ ။
မင်္ဂလာ ဧည့်ခံပွဲရဲ့ ထောင့်က နှစ်ယောက်သာထိုင်နိုင်တဲ့ စားပွဲမှာ သူနဲ့ လတ် ဘေးချင်းယှဉ်ထိုင်ပြီး ဧည့်ခံပွဲထဲက သွားလာလှုပ်ရှားနေမှုမှန်သမျှကို ငေးနေမိသည် ။
သူကော လတ်ပါ မြန်မာဝတ်စုံ ဝမ်းဆက်ဆင်တူကလေးတွေနဲ့ ။ သူ့အလတ်ကလေးက သိပ်ကိုလှပနေသည် ။
လူကြားထဲ သွားလာလှုပ်ရှားနေမှာကို တားမြစ်သည်ကလွဲလို့ ကျန်တဲ့ အရာရာကို လတ်စိတ်ကြိုက် ခွင့်ပြုထားတဲ့သူ ။ လတ်သည် အိနဲ့ ကလွဲရင် လူတိုင်းအပေါ် တည်ငြိမ်လူကြီးဆန်စွာ နေခဲ့သလောက် လတ်ထက် တစ်နှစ်ကျော်ငယ်သည့် သူ့အပေါ်မှာ အစွမ်းကုန်ဆိုးနွဲ့နေမိသည် ။ လတ်ထက်ငယ်ပေမဲ့ လတ်ထက်တည်ငြိမ်ပြီး လူကြီးဆန်သည့် သူ့ကို လတ်ခိုးကြည့်နေမိသည်။
''လတ်ကလေးရေ...ခိုးမကြည့်ပါနဲ့ကွ...ပေါ်တင်ကြည့်လည်း ရပါတယ်...ကိုယ်က သဘောကောင်းပါတယ်...´´
လတ်ကို လှည့်မကြည့်ဘဲ ပြောလာတဲ့သူ့ကြောင့် လတ်ရှက်သွားသည် ။
''နိုင်နိုင်နော်...´´
သူကလတ်ကို ငဲ့ကြည့်ပြုံးပြပြီး အရှေ့ပြန်လှည့်သွားသည် ။
'ကိုယ့်လတ်ကော ဒီလိုမင်္ဂလာပွဲမျိုး ကျင်းပချင်သလား...´´
လတ် သူ့ကို အံ့တသြကြည့်လိုက်မိသည်။။လတ်မစဉ်းစားဖူးတဲ့ အကြောင်းအရာပါလား။
''မင်္ဂလာပွဲ...နိုင်နိုင်နဲ့လား...´´
လတ်အမေးကြောင့် သူက လတ်ကို ဒေါသတကြီး လှည့်ကြည့်ပြီး အသံအုပ်အုပ်နှင့်ဆူသည် ။
''ဘာလဲ မင်းက ကိုယ်နဲ့ တစ်သက်လုံးအတူနေဖို့ စိတ်ကူးမရှိဘူးလား...မင်း ကကိုယ့်ကိုကျောရရုံ ကြံချင်တာလား...ဒါမှမဟုတ် မင်းလက်ထပ်ချင်တာ အကောင်တစ်ကောင်ကောင်နဲ့လား... ´´
သူ့စကားကြောင့်လတ်မှာ စိတ်မဆိုးနိုင်ဘဲ တခိခိရယ်နေမိသည် ။

YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...