အပိုင်း...၁၂
ဝေးရမှာကြောက်လို့ နောက်တစ်လှမ်းလေး ဆုတ်လိုက်မိတာပါ ။ လှမ်းမျော်လို့ မမြင်နိုင်တော့လောက်အောင် ကွာဝေးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး နိုင်နိုင်ရေ ။
မျက်ဝန်းမှိတ်ရမှာကို လတ်ကြောက်တယ် ။ ကျောခိုင်းပြီး ဒေါသတကြီး ထွက်ပြေးသွားတဲ့ ပုံရိပ်ကို မျက်ဝန်းမှိတ်တိုင်း ပြန်မြင်ယောင် နေမိလို့ ။လတ်ပိုင်တဲ့ နှစ်ဆယ့်လေးနာရီမှာ ည ဆိုတဲ့ အချိန်ကို ကျော်ပစ်လိုက်ချင်တယ် ။ ည ရောက်တိုင်း သူ့ကို ပိုလွမ်းလို့ ။ စကားပြောနေကြအချိန်ရောက်တိုင်း လတ် သေမတတ် ခံစားရလို့ ။
သူက လတ်ကို စိတ်ဆိုးသွားပြီ။ဟိုးအဝေးကြီးက လာတဲ့သူ့ကို လတ် ကိုယ်တိုင် လာမတွေ့ဘဲ ကိုယ်စားလှယ်လွှတ်ပြီး တွေ့ခိုင်းလို့ ။
သူက လတ်ကို စိတ်ကောက်သွားပြီ ။ သတ္တိမရှိဘဲ ကိုယ့်ကိစ္စကိုယ် ရင်ဆိုင်မဖြေရှင်းဘဲ ထွက်ပြေးခဲ့လို့။
သူက လတ်ကို စိတ်နာသွားပြီ ။
ရှင်းပြခွင့် လေးတောင် မပေးတော့ဘူး ။
တောင်းပန်ခွင့် လေးတောင် မရှိတော့ဘူး ။
အသနားခံ ခွင့်လေးတောင် မရတော့ဘူး ။
အယူခံဝင်ခွင့်လေးတောင် မပိုင်တော့ဘူး ။သိပ်ကို ကြောက်တတ်တဲ့ ပျော့ညံ့တဲ့ လတ်ကို သက်ရှိဖြစ်တဲ့ သူတင်မက သက်မဲ့ ဖြစ်တဲ့ keyboard လေးကတောင် စိတ်ကောက်သွားပြီ ။ သူ လတ်ကို ကျောခိုင်းထွက်ပြေးသွားတဲ့ညကစပြီး ကီးဘုတ် လေးကလည်း လတ်ကို လျစ်လျူရှုသွားပြီ ။
ဟိုအရင်ကဆို လတ် သူ့ကို ဂရုစိုက်တဲ့ စကားတွေ ပြောဖို့ ၊ချစ်ခွန်းတွေ ဖွဲ့သီဖို့ ၊ သူ့ရင်ဖွင့်ချက်တွေကို နှစ်သိမ့်ပေးဖို့ ၊သူ ပြောတဲ့ ချစ်စကားတွေကို နားထောင်ပြီး ကြည်နူးဖို့ ၊သူ့အမိန့်တွေကို နာခံတဲ့ စကားလေးတွေ ပြန်ကြားဖို့ ၊
လတ်ရဲ့ ရင်တွင်းဖြစ်တွေကို ၊ လတ်ရဲ့ ခံစားချက်တွေကို လက်ဖျားကနေ မိတ္တူကူးပြီး လေလှိုင်းထဲကနေ သူ့ထံကိုစေလွှတ်ဖို့ အကူအညီပေးတဲ့ အောင်သွယ်တော် ကီးဘုတ်လေးကတောင် လတ်ကို စိတ်နာသွားလို့ ထင်ပါရဲ့ ။ လတ် ဆီကနေ ကိုယ်ယောင်ဖျောက် ထွက်ပြေးသွားခဲ့ပြီ ။
ကီးဘုတ် လေးက သူ့ကိုယ်စား အပြာရောင်စာတန်းလေးကိုသာ ချန်ထားရစ်ခဲ့တယ် ။ လတ်ကို နှစ်သိမ့်ဖို့ များလား ။ အပြာရောင်က ငြိမ်းချမ်းရေးရဲ့ အရောင်ဆိုတော့ တနေ့နေ့တော့ ပြန်ပြီး ပြေလည်ငြိမ်းချမ်းမှာပါဆိုတဲ့ အထိမ်းအမှတ်လား။ စာတန်းလေး တစ်တန်းရဲ့ သတိပေးတားမြစ်မှုကို ငေးရင်း ပျောက်သွားတဲ့ ကီးဘုတ်လေးကို ညတိုင်းလွမ်းနေတတ်တဲ့ လတ်ကို ဖုန်းလေးကလည်း တန်ပြန်ငေးကြည့်ရုံသာ တတ်နိုင်ခဲ့တယ် ထင်ပါရဲ့ ။
YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...