အပိုင်း ၂၁
ရယ်လွန်းရင် ငိုရတတ်တယ်ဆိုတာ တကယ်လား ။ အိရဲ့ မင်္ဂလာပွဲမှာ ရယ်မောပျော်ရွှင်ခဲ့သမျှ အိမ်ရောက်တာနဲ့လတ်ရဲ့အပျော်တွေ လေနှင်တိမ်လို ပျောက်ကွယ်ခဲ့ရပြီ ။ လတ်က ပျော်ရွှင်ခြင်းနဲ့မထိုက်တန်သူများလား။
လတ်တို့အိမ်ပေါ်ထပ်တက်တဲ့ လှေကားရဲ့ နောက်ဆုံးတစ်ထစ်ကို နင်းတက်လိုက်တာနဲ့ တပြိုင်တည်း လတ်ရှေ့မှာ အရိပ်တစ်ခုပေါ်လာပြီး လတ်ပါးပြင်ပေါ်ကို ပြင်းထန်တဲ့ ရိုက်ချက်တစ်ချက် ကျရောက်လာခဲ့သည် ။ ထိုရိုက်ချက်ကြောင့် လတ် မျက်နှာလေး ချာခနဲ လည်ထွက်သွားရသည် ။ ဘယ်သူလဲ ၊ ဘာလိုရိုက်တာလဲ၊ ဘာအပြစ်ရှိလို့လဲ စတဲ့ မေးခွန်းတွေ မစဉ်းစားနိုင်သေးခင်မှာ နောက်ထပ်ပါးတစ်ဖက်ပေါ်ထပ်မံကျရောက်လာတဲ့ ရိုက်ချက်ကြောင့် ဟန်ချက်ပျက်ပြီးလှေကားပေါ်ကနေ လှိမ့်မကျအောင် လတ် လှေကားလက်ရမ်းကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားလိုက်ရသည် ။
ခေါင်းထဲမှာ မူးဝေပြီး နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတာကို ဂရုမပြုအားသေးဘဲ လတ်ကို ရိုက်တဲ့သူကို မူးဝေနေတဲ့ကြားက အားယူပြီး ကြည့်လိုက်မိသည် ။ဟင်..... ဖေဖေ ။
''ဖေဖေ...လတ် ဘာလုပ်လို့လဲ...လတ်မှာဘာအပြစ်ရှိလို့ ရိုက်တာလဲ ဖေဖေ...''
အကျယ်ကြီး အော်မေးလိုက်ပေမဲ့ လတ် အသံတို့က လည်ချောင်းဝမှာတင် တိမ်မြုပ်ပျောက်ကွယ်နေသည် ။အံ့သြလွန်းလို့ ဝမ်းနည်းရလွန်းလို့ လတ်အသံက လည်ချောင်းဝကနေ တိုးထွက်မ လာနိုင်ခဲ့ပါ ။ ဧည့်ခန်းထဲမှာ မမနှင့် သူ့ယောက်ျားထိုင်ပြီး လတ်တို့ကို လှမ်းကြည့်နေတာကို လတ် မျက်ရည်တွေကြားက ဝိုးတဝါး မြင်နေရသည် ။
'' ရှင် ဘာလုပ်တာလဲ... ကလေးကို ဘာလို့ရိုက်တာလဲ ...''
လတ်ရဲ့လက်ကိုအသာအယာ ဆုပ်ကိုင်လိုက်တဲ့အထိအတွေ့နဲ့အတူ မေမေ့အသံကြောင့် လတ် အားတက်သွားရသည် ။
'' ဘာ ကလေးကို ဟုတ်လား...အဲ့ဒီကလေးက ဘာတွေလုပ်နေလဲ မင်းသိရဲ့လား...မင်းက မင်းသမီးရှေ့ကနေ ကာဆီးကာဆီးလုပ်ဦးမလို့လား....မင်းက ကလေးလို့ ခေါ်နေတဲ့ သူက ခု ရည်းစားထားနေပြီကွ ...တောက်...ရည်းစားထားတာမှ မိန်းမ အချင်းချင်း ကြိုက်နေတာတဲ့ ...ရှက်ဖို့ကောင်းလိုက်တာကွာ....မိဘမျက်နှာ အိုးမဲသုတ်တဲ့သမီး...မိလတ်...ငါ နင့်ကို သတ်ချင်နေပြီနော်...''

YOU ARE READING
နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)
Romanceကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှိတယ် ။ အမိန့်တိုင်းကို နာခံနေစရာမလိုဘူး ဆိုပေမဲ့ နှလုံးသားက ပေးတဲ့အမိန့်တော်ကိုတော့ ....... တမ်းတနိုင် ခင်မင်းလတ် ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီတဲ့ အမိန့်ပေးချက်ဆိုရင် ငြင်းဆန်ခွင့်ရှ...