part ..13(z&u)

8.5K 718 77
                                    

     အပိုင်း ၁၃
    အမြစ်အရမ်းမခိုင်သေးတဲ့ သစ်ပင်ဆိုပေမဲ့၊ရေသောက်မြစ်လေး နာကျင်ပြီး အပင်လေး ခြောက်သွေ့သေဆုံးသွားမလား မသိနိုင်ပေမဲ့ ဆွဲနုတ်ခံလိုက်ရတဲ့အခါ အပင်လေးကအမြစ်နာရုံသာမက မြေကြီးမှာလည်း ဖွာဆန်ကျဲပြီး ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရတာပါပဲ ။

     အလတ်ရဲ့ လုပ်ရပ်ကြောင့် ဒေါသရယ် ရှက်ရွံ့မှုရယ် နာကြည်းမှုရယ်ပေါင်းပြီး သူတို့ နှစ်ယောက် ကြားက ဆက်သွယ်မှု မှန်သမျှကို ဧရိယာပြင်ပ ပို့ပစ်လိုက်သည်။ အပွဲပွဲနွှဲလာသမျှ ဒီတစ်ပွဲကျမှ ခံလိုက်ရတဲ့အတွက် သေအောင်ခံပြင်းသည်။ အလတ်မလို လူတစ်ယောက်ဆီမှာ လှည့်စားခံရခြင်းရယ်လို့ မခံချင်စိတ်ဖြစ်ရသည်။ ကိုယ်သာမရိပ်မိခဲ့ရင် သူကသိပ်ကိုလှတဲ့ ကောင်မလေးအဖြစ်နဲ့ ကိုယ့်နှလုံးသားထဲ ကိုယ့်မှတ်ညဏ်ထဲမှာ နေရာယူထားမလို့ပေါ့လေ။ အပြင်မှာ ဘယ်လောက်ထိ ရုပ်ဆိုးလို့များ သူ့ကိုရင်ဆိုင်မတွေ့ရဲသလဲလို့ တွေးမိတိုင်း တောက်တခတ်ခတ်ဖြစ်ရသည်။

   ဘယ်သူမှန်း ၊ဘယ်ကမှန်း ၊ ဘယ်လိုစိတ်ဓာတ်ရှိမှန်းမသိတဲ့၊ပိုင်ရှင်ရှိနေသလားတောင် မသိနိုင်တဲ့ မိန်းမတစ်ယောက်ကို သူက သူ့ချစ်သူအမှတ်နဲ့ စိတ်ထဲ နှလုံးသားထဲ ထည့်ထားရမယ်ဆိုတာ တွေးမိတိုင်း သူ့သွေးတွေ ဗလောင်ဆူလာသည်။ အလတ်မရယ်။ မင်းရဲ့ ပင်ကိုယ်ရုပ်ရည်က သိပ်ဆိုးနေတယ်ဆိုရင်တောင် ကိုယ့်မှားယွင်းမှုကြောင့် ရလာတဲ့ ဆုလာဘ်ရယ်လို့ မင်းရဲ့ စိတ်ကောင်းစိတ်လှကလေးကို ငါ ဖက်တွယ်မြတ်နိုးမိဦးမှာ။ ခုတော့ဟာ။ တွေးမိတိုင်း နာကျင်ပူလောင်နေရအောင် မင်းပေးတဲ့ အမှတ်တရ က သိပ်ကိုလှပပါလား ။
  သူ့ရဲ့ မရေမတွက်နိုင်သော အချစ်ဟောင်းတွေကို လှည့်စားခဲ့သမျှ ဟန်ဆောင်ခဲ့သမျှတွေအတွက် ရောက်လာတဲ့ ဝဋ်များလား ။ လည်ပစ်လိုက်ပုံက မူးယစ်ရီဝေသွားရပြီ။
  စိတ်ဒုက္ခနဲ့ကြုံတိုင်း တစ်စုံတစ်ယောက်ကို တိုင်တည်ချင်လာတဲ့အခါ......
အခက်အခဲ တစ်စုံတစ်ရာ တွေ့တိုင်း ရင်ဖွင့်ချင်လာတဲ့အခါ......
တိုက်ဆိုင် မှုလေးတွေတွေ့တိုင်း အမှတ်ရလာတဲ့အခါ.....
အတုအယောင်တွေ ကြားမှာ ဟန်ဆောင်ရယ်မောနေရတဲ့အခါ.....
အဝေးကနေ လှမ်းမှီဖူးတဲ့ ပခုံးလေးတစ်ဖက်ကို လွမ်းလိုက်ရတာ ။
စိတ် စိတ်ချင်း ဖက်တွယ်နွေးထွေးခဲ့ရတဲ့ အချိန်တွေကို သတိရလိုက်တာ။
အမှောင်ထဲမှာ အလင်းပေးခဲ့တဲ့ ကြယ်စင် လေးကို တမ်းတလိုက်ရတာ။
တွဲထူဖေးမဖူးခဲတဲ့ လက်တစ်စုံကို ပြေးပြီး ဆုပ်ကိုင်ချင်လိုက်တာ။
အစစ်အမှန်လို့ စိတ်ထဲ နွေးထွေး ပြည့်စုံဖူးတဲ့ အခိုက်အတန့်တွေကို ပြန်လိုချင်လိုက်တာ။
ဒါပေမဲ့ ပေါ့လေ။ သူတို့ ဝေးသွားခဲ့ရတာဟာ သူချစ်တမ်းကစားဖူးတဲ့ များစွာသော နှလုံးသားတို့ရဲ့ ကျိန်စာလို့ ကျေကျေနပ်နပ် လက်ခံပြီး မျက်ရည်တွေကို လူကွယ်ရာမှာ တိတ်တဆိတ်လေး သွန်ထုတ်ပစ်ခဲ့တယ်။ သူ့ထုံးစံအတိုင်း ဒီတစ်ခါလည်း သူကစထားခဲ့တာလို့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ခဲ့တယ်။ နောက်ထပ် ဘယ်သို့သော စိတ်နှလုံးသားကိုမှ မကစားချင်တော့။ မလှည့်စားချင်တော့။ ကိုယ်ချင်းစာ နာတတ်ခဲ့ပါပြီ။

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now