အပိုင်း ၂၆

8.6K 518 53
                                    

~_~_~_~
အပိုင်း ၂၆
''အိ...အဲ့ဒါလေ ဘယ်လိုလုပ်ကြမလဲဟင်...ငါအရမ်းစိတ်ပူနေပြီ...သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အိရယ်...´´
      နိုင့်ဖွားဖွား ပြန်ပြန်ခြင်း လတ် စိတ်ပူပင်စွာနဲ့ အိဆီကို ဖုန်းလှမ်းဆက်ပြီး အကျိုးအ ကြောင်း ပြောပြမိသည် ။ လတ်မှာလည်း အရေးရယ်အကြောင်းရယ်ဆို ရင်ဖွင့်တိုင်ပင်စရာက အိတစ်ယောက်သာ ရှိသည် မဟုတ်လား ။
''ဟဲလို... အိရေ.... နားထောင်နေလား..မအားလို့လား ...ငါပြောတာ ကြားရဲ့လားဟင်...´´
      အိ ဘက်က အသံတိတ်နေလို့ လတ် မေးလိုက်မိသည်။ လတ်ပြောသမျှကို တခါတရံ အင်းလိုက်တာကလွဲလို့ ငြိမ်ပြီး နား ထောင်နေတဲ့ အိ ။ လတ် မေးတာတောင် ခဏအသံတိတ်နေပြီးမှ အိဆီက ပြန်ဖြေသံထွက်လာသည်။
”အလတ်ရေ...ငါ အခု အလုပ်ရှုပ်နေလို့ ခဏနေမှ ပြန်ခေါ်မယ်နော်... ”
”သြော်...အေးပါ... ”
လတ် ဘာပြောပြော ခုလိုတစ်ခါမှ တွေဝေငြိမ်သက်မနေဖူးတဲ့ အိကြောင့် လတ် စိတ်မကောင်းပိုဖြစ်သွားရကာ ဖုန်းချပြီး  ငိုင်တွေနေမိသည် ။ ဖြစ်နိုင်ရင် ရင်ထဲမှာ ပိတ်ဆို့တင်းကြပ်နေသမျှ ပြေလျော့သွားအောင် ငိုချပစ်လိုက်ချင်ပေမဲ့ မျက်ရည်က ကျမလာ။ ငိုခဲ့ ရလွန်းလို့ လတ် မျက်ရည်တွေ ခန်းကုန်ပြီထင်ပါရဲ့။
အိ ပြန်ဆက်သွယ်လာမဲ့ အချိန်ကို စောင့်နေရင်း လတ် ဖုန်းထဲက သူ့ပုံတွေကို ပြန်ကြည့်နေမိသည် ။ ကျေးဇူးပြုပြီး တိတ်တိတ်လေး ထွက်မသွားပါနဲ့ နိုင်ရယ်နော်။ထပ်ပြီးတော့...ထပ်ပြီးတော့လေ လတ်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့တော့ ။
သူ့ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ၊  သူစေ့စပ်ထားတဲ့သူနဲ့ လက်ထပ်ပြီးရင် သူ့ဘဝလမ်းလေး ဖြောင့်ဖြူးသာယာတော့မှာလို့ ထင်နေခဲ့တုန်းက လတ် စိတ်ဖြေပြီး နေနိုင်ခဲ့ပေမဲ့ ခုတော့ သူတစ်ယောက်တည်း ဘယ်ရောက်လို့ ဘာဖြစ်နေမှန်း မသိတဲ့ အခြေအနေမှာ လတ် စိတ်အေးလက်အေး ဘယ်လိုနေရပါမည်လဲ ။ 
     တစ်နာရီကျော်ကျော် စောင့်ပြီးမှ အိက ဖုန်းပြန်ခေါ်လာသည် ။
” အလတ်ရေ...ပြောလို့ရပြီ...”
”  ငါအကုန်ပြောပြပြီးပြီလေ အိ...သူ့ကိုဘယ်မှာသွားရှာကြမလဲဟင်...ငါ အရမ်းစိတ်ပူနေပြီ...”
” အလတ်ရယ်...နင့်နိုင်နိုင်က ပျောက်နေတာ တစ်ရက်နှစ်ရက်လည်းမဟုတ်...တစ်ခုခုဆို သတင်းထွက်လာမှာပေါ့...ခုက သူလုံခြုံစိတ်ချရတဲ့ တစ်နေရာမှာ ရှိနေလို့သာ ဘာသတင်းမှ မကြားရတာပေါ့... အဲ့လောက်လည်း စိတ်ပူမနေပါနဲ့ အလတ်ရယ်...သူ့မှာလည်း သူ့အခက်အခဲနဲ့သူ ရှိမှာပေါ့...သူ အဆင်ပြေရင် နင့်ကိုအရင်ဆုံး ဆက်သွယ်မှာပေါ့ဟာ... ”
    အိ ပြောတာ အကျိုးအကြောင်း ညီညွှတ်နေလို့ လတ် ဘာမှ စောဒက မတက်နိုင်တော့။
”အလတ်ရေ... ငါပြောမယ်... ”
” အေး ပြောလေ အိ... ငါနားထောင်နေပါတယ်...”
”ငါပြောရင် နင်မငြင်းရဘူးနော်...ကတိပေး... ”
”ဘာမို့လို့လဲ အိရဲ့...”
”နင့်မှာ အလုပ်ပြီးအလုပ်ထဲဘဲ နစ်နေတာ...နင် ဒီအသက်အရွယ်အထိ ဘယ်ကိုမှ မရောက်ဖူးဘူးမလား...နင့်ဆိုင်ကလည်း ခုဆို ခဏဖြစ်ဖြစ် လက်လွှဲထားလို့ ရနေပြီလေ...ခုချိန်မှာ နင်စိတ်ပူနေတာ စိတ်ပင်ပန်းနေတာတွေ ပြေသွားအောင် အေးအေးဆေးဆေး အနားယူဖို့ လိုတယ်...နောက်သုံးလေးရက်နေရင်... ငါတို့အပန်းဖြေခရီး ထွက်ကြမလို့... အဲ့ဒါနင်လိုက်ခဲ့...”
”ဟင်...မလိုက်ချင်ပါဘူး အိရယ်...နိုင် က ဘယ်နေရာမှာ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရမှန်း မသိဘဲ ငါက ဘယ်လိုစိတ်နဲ့  စိတ်အေးလက်အေး ခရီးထွက်ပြီး အနားယူနိုင်ပါ့မလဲ...ပြီးတော့နိုင့်သတင်းထူးရင် အကြောင်းကြားမယ်လို့ဖွားဖွားက ငါ့ကိုပြောသွားတယ်...ဖွားဖွား လှမ်းဆက်သွယ်တဲ့အချိန် ငါ အဝေးရောက်နေရင်....”
” အမလေး အလတ်ရယ်...စကားတွေ သိပ်များတာဘဲ....မငြင်းနဲ့လို့ ငါကြိုပြောထားတယ်မလား...
အဖွားဆီက အဆက်အသွယ် ရတာနဲ့ ရောက်တဲ့အရပ်ကနေ နင့်ကိုအိမ်ပြန်ပို့မယ် စိတ်ချ... လိုက်မှာသာ လိုက်ခဲ့စမ်းပါ အလတ်ရယ်.... ”
” လိုက်တာတော့ ဟုတ်ပါပြီ...နင်တို့က ဘယ်ကိုသွားကြမှာလဲ...”
”ကမ်းခြေကို....  ”
* ---*---***---***---***---***

နှလုံးသားရဲ့အမိန့်တော် ( နှလုံးသားရဲ့အမိနျ့တျော)Where stories live. Discover now