ကားမှန်တံခါးကိုချ၍ မှောင်ရီပျိုးစပြုနေသော ဘေးဘီကိုကြည့်လိုက်၊ သူ့ဘေးမှရှုတည်တည်နှင့် ကားစီယာတိုင်မှာ လက်ကိုတင်ကာ ခပ်သော့သော့လှုပ်ရှားမောင်းနှင်နေသူကို ကြည့်လိုက်ဖြင့် ရှိန်တစ်ယောက်အလုပ်ရှုပ်နေလေ၏။
သူတို့ကားလေးသည် တစ်နာရီခွဲနီးပါးလောက်မောင်းနှင် အပြီးတွင်တော့ လူခြေတိတ်ရပ်ကွက်ရှိ အိမ်ရာဝန်းထဲသို့ ရောက်ရှိခဲ့လေသည်။ရှိန်၏ကားအနက်ရောင်လေးဟာ ဆယ်ထပ်လောက်ရှိမည့် မီနီကွန်ဒို ( mini condo ) ၏ကားပါကင်ဆီသို့တလိမ့်လိမ့် ရွေ့လျားနေသည်။
ကားပါကင်ထိုးပြီးနောက်တွင်တော့ မည်သည့်စကားမှမဆိုဘဲ ကားထဲမှထွက်သွားသည့် ဘုန်းကြောင့် ရှိန့်မှာအပြေးလေးလိုက်ရသေးသည်။
" ဒါကဘယ်နေရာလဲမောင် "
" ကျစ် သိပ်စကားများတာပဲ၊ ပါးစပ်ပိတ်ပြီးလိုက်ခဲ့ "
သူ့ပါးစပ်ကိုသူလက်ကလေးဖြင့် ပိတ်ပြီး ဘုန်းမောင်နောက်သာ တိတ်တဆိတ်လိုက်ခဲ့တော့သည်။
ဓာတ်လှေကားဟာ ရှစ်ထပ်မြောက်တွင်ရပ်သွား၏။
ဘုန်းမောင်ကလှို့ဝှက်ကုတ်ရိုက်ထည့်ပြီးနောက်တွင် ကျွန်းတံခါးကြီးပွင့်သွားခဲ့သည်။ ဘေးဘီကိုကြည့်သော် မည်သည့်အခန်းမျှမတွေ့သဖြင့် တစ်ထပ်တွင်တစ်ခန်းဖြစ်မည်ဟု ရှိန်ယူဆလိုက်သည်။ ထို့နောက်ဘုန်းမောင်နောက် ကောက်ကောက်ပါအောင်အခန်းတွင်းသို့လိုက်ဝင်လေ၏။" ဒီကိုလိုက်မလာနဲ့လေ ဧည့်ခန်းမှာထိုင်နေပါလား "
မီးဖိုချောင်ထဲထိလိုက်လာသော ရှိန့်ကိုဘုန်းမောင်က မျက်မှောင်ကုတ်ကြည့်၍ ပြောလေသည်။ အသံအချိုအက်အက်လေးမှာတော့ ရှိရင်းစွဲထက်အနည်းငယ် မာဆတ်ဆတ်နိုင်နေသည်။
သို့သော်ရှိန်ကတော့ အပြုံးမပျက်ပေ။" ဟုတ်ကဲ့ပါခင်ဗျ "
သူပြုံးမြမြလေးဖြင့်ပြန်ဖြေလိုက်သည်။
အခန်းအဝင်ဝလျှောက်လမ်းကို အနည်းငယ်လျှောက်ပြီးလျှင်အခန်းအလယ်မှာ လေးထောင်မှန်စားပွဲအပုလေးနှင့် ဆိုဖာအဝါရောင်လေးတွေသေသပ်စွာချထား၏။
ဧည့်ခန်း၏ညာဘက်တွင်တော့ တစ်ဆက်တည်း မီးဖိုခန်းရှိနေသည်။ ဘယ်ဘက်တွင်တော့ မှန်တွေဖြင့်ကာထားသောအခန်းတစ်ခန်းရှိသည်။ ထိုအခန်းသည်လိုက်ကာဝါဖျော့ဖျော့လေးတွေချထားသဖြင့် အထဲမှာဘာရှိမလဲတော့ရှိန်မသိပေ။
ဧည့်ခန်းမှ မှန်ခါးတွေတွင်လည်း ဝါဖျော့ဖျော့ချည်သားလိုက်ကာတွေသာ ရှိသဖြင့်အဝါကြိုက်တက်လွန်းသူ ဘုန်းမောင်ကြောင့် ခပ်ဟဟရယ်မိသည်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~