"ဘာလိုတာရှိသေးလဲလို့စစ်ကြည့်ပါဦး ဂျွန်ဆော့"
မြေစာချုပ်တွေထည့်ထားတဲ့ဖိုင်လ်ကို ဂျွန်ဆော့ရှေ့တိုးပေးပီး အကိုဆောနူကလည်းဆိုဖာခုံမှာဝင်ထိုင်၏။ စီအီးအိုပတ်ခ်အလုပ်နဲ့ခရီးသွားနေတဲ့အချိန်အတောအတွင်းမှာ ဒေါက်တာဆောနူနဲ့ဆက်သွယ်ရတာများလာတဲ့အတွင်းရေးမှူးမင်က အခုဆိုနှစ်ယောက်သားရင်းနှီးတဲ့အဆင့်လို့ပြောလို့ရမည်။သူ့ကိုဒေါက်တာ'လို့မခေါ်စေပဲ တခြားအဆင်ပြေသလိုခေါ်ပါဆိုလို့ ဂျွန်ဆော့လည်းအကိုဆောနူလို့ခေါ်ဖြစ်ခြင်းပင်..။
''သူပြောတဲ့ဖိုင်လ်ကတော့ ဒီဖိုင်လ်တွေပဲ၊ ကျန်တဲ့လိုတာတွေရှိရင်တော့ မင်းစီအီးအိုကိုပဲလှမ်းမေးလိုက်ပါ...."
"အကုန်ပြည့်စုံပါတယ်....ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး၊ အစည်းအဝေးအမှီပြန်ရမှာမို့ပါ"
ဆောနူခေါင်းညိမ့်ပြလိုက်ပီး ဖတ်လက်စဆေးစာအုပ်ကိုကောက်ကိုင်သည်။ မနေ့ညကညဂျူတီဝင်ထားရပေမယ့် အိမ်ပြန်ရောက်တော့လူကအိပ်ချင်စိတ်ရှိမနေ။အိပ်ချင်စိတ်ပျက်စေသည့်အကြောင်းအရင်းတစ်ချို့ရှိနေသည်ကြောင့်လို့ဆိုရင်လည်းမမှား။
အာရုံလွှဲနိုင်ရန်၊စာအုပ်ထိုင်ဖတ်နေတုန်း အတွင်းရေးမှူးမင်ရောက်လာကာ သူ့အလုပ်ကိစ္စမှာလိုတဲ့စာချုပ်တွေကိုလာတောင်းတာနဲ့ကြုံသည်။ စီအီးအိုပတ်ခ်ကအကိုဆောနူကို အကြောင်းကြားထားပီးသားပါ'ဆိုကာမှ ဖုန်းကိုသတိတရကြည့်မိတော့ အားကုန်ကာစက်ပိတ်လျက်အနေအထားနှင့်ရှိနေ၏။ နောက်မှဖွင့်ကြည့်တော့ သူ့အတွင်းရေးမှူးလာရင် မီးခံသေတ္တာထဲကစာချုပ်ဖိုင်တစ်ချို့ထုတ်ပေးလိုက်ဖို့ ဆောနူကိုမက်ဆေ့ချ်ပို့ထားကာ....ကျန်တဲ့အပိုအလိုစကားတစ်ခွန်းမှမပါ။
ရောဂါအကြောင်းတွေကို အသေးစိတ်ဖော်ပြထားတဲ့စာမျက်နှာကို
ဆက်ပီးဖတ်ကြည့်ဖို့ပေမယ့် တိုးဝင်လာတဲ့အတွေးတွေ ကြောင့် ဘယ်လိုမှအာရုံစိုက်ပစ်လို့မရ။စိတ်ရှုပ်ထွေးစွာနှင့်ပင် စာအုပ်ကိုပိတ်ချလိုက်ရင်း မျက်စိရှေ့ကတိုင်ကပ်နာရီကိုကြည့်မိ၏။