Chapter 122
Sue Xing NwayApril 28, 2023
Chapter 122ဒုတိယဒေါ်လေးမှာ နှလုံးထဖောက်ချင်လာသည်အထိ ဒေါသထွက်သွားရသည်။ သူမမှာ မော့လျှိုကွေ့ကိုဆွဲထုတ်ပြီး သူမသားနှင့် စကားအေးအေးဆေးဆေးပြောချင်နေသော်လည်း ယခုက အချိန်အခါကောင်းမဟုတ်ပေ။ သူတို့က လူမြင်ကွင်းအလယ်တွင်ရောက်နေပြီး မော့ဘိုးဘိုး၊ ဟိတ်ကြီးဟန်ကြီး ယောင်းမနှစ်ယောက်နှင့် အတူရှိနေသည်ဖြစ်ကာ သူမဘက်တွင်ရပ်တည်ပေးမည့်သူ တစ်ယောက်မှမရှိပါချေ။
ယခုအချိန်တွင် သူမ၏အကြီးဆုံးသားက မော့မိသားစုတွင် အရေးအပါဆုံးသူဖြစ်သည်ကို သူမ သိသည်။ သူမက ထိုသားကိုတော့ သူမနှင့်ဆန့်ကျင်ဘက် မဖြစ်စေချင်ပေ။ သူက သူမ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
သူမမှာ ကံကြမ္မာအကြောင်းတွေးလိုက်မိတိုင်း မျက်ရည်များ ထိန်းမရသိမ်းမရကျလာရသည်။
မော့အာ့ချမ်နှင့် မော့လျှိုကွေ့တို့ စကားပြောပြီးသောအခါ မော့အာ့ချမ်က ကျန်လူများကို တစ်ယောက်ချင်းစီ လှည့်နှုတ်ဆက်သည်။ ထို ‘ကျန်လူ’ ထဲတွင်တော့ ဒုတိယအဒေါ်ကို ပထမဆုံးနှုတ်ဆက်သည်။
“အမေ၊ ဘာဖြစ်လို့ငိုနေတာလဲ”
သူ့အမေ၏မျက်ရည်အပြည့်ဖြင့်မျက်နှာကိုကြည့်ပြီး မော့အာ့ချမ်က မျက်မှောင်ကြုတ်သည်။
“ငါ... ငါ-ငါမင်းညီလေးကိုလွမ်းလို့။ နှစ်သစ်ကူးပွဲတော်တောင် ရောက်တော့မယ်။ သူ အကျဉ်းထောင်ထဲမှာ ဘယ်လိုနေနေရလဲဆိုတာ သတင်းမကြားရဘူး။”
သူမက ထိုအကြောင်းပြောလေပြောလေ ရင်နာလေဖြစ်သည်။ ယခုဆိုလျှင် သူမ၏မျက်လုံးများသည် ရဲဗတောင်းခတ်နေကြပြီ။
“အာ့ချမ်၊ မင်းညီလေး ထောင်ကလွတ်အောင်ကူပေးနိုင်မဲ့ အသိတစ်ယောက်ယောက် မရှိဘူးလားကွယ်။ သူ အဲဒီထဲမှာ အနှိပ်စက်ခံနေရရှာမှာ။”
မရေမရာမျက်နှာပေးနှင့်အတူ မော့အာ့ချမ် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
“အာ့ချမ်၊ မင်းအမေပြောတာမှန်တယ်။ အကျဉ်းသားဘဝက တကယ်ခက်ခဲတယ်။ အကျဉ်းကျနေတဲ့သူအားလုံးကို ထုတ်နိုင်မဲ့နည်းလမ်းရှာပြီး ငါတို့ရဲ့မိသားစုကို အရင်လိုဖြစ်နိုင်မဲ့နည်းလမ်းရှာလို့ ရနိုင်မလား။”