အချစ်ထူး
အပိုင်း (၁၉)
#အချစ်ထူး
"ဟဲ့...မယ်အိ...ငါတို့ ဆရာကြီးက အသက်နဲ့ တကွ ရှိတာ ဟုတ်ရဲ့လားဟာ..."
မိပြည့်မ က မေးတော့ အိ မျက်စောင်းထိုးလိုက်မိသည်။
အခုလို ဖြစ်အောင် ဖန်တီးလိုက်တာလည်း သူပဲလေ..။
ထူးကျေ်ာရဲ့ ဖုန်းကို အမေက သိမ်းထားတော့ ဒီဇိုင်းဆွဲခိုင်းချင်တာတောင် မေမေ့ကို ပြောရသည်။
မေမေ က ထူးကျော်ရဲ့ မန်နေဂျာဖြစ်နေတော့သည်။
ပန်းချီ ပို့ရင်လည်း မေမေပဲ ကားငှားပြီး ပို့ခိုင်းလိုက်တာ..။
ဒီဇိုင်း အလွဲအမှားတွေ ပြောဖို့ လိုမလား မှတ်တယ်..။
မန်နေဂျာ ထက် တိကျသော အိအမေ က အသေးစိတ်မေးပြီး ပြောတဲ့ အတိုင်း အကုန်ဆွဲခိုင်းတာ..။
မေမေရေ ဟိုဟာလိုတယ် ဒီဟာ ပြင်ပါ ဆိုရင် ပြင်ခိုင်းတဲ့သူကို အစကတည်းက မပြောကောင်းလားဆိုပြီး ဆူတော့ အိလည်း နောက်ဆို အတိအကျသာ ပြော၍ ခိုင်းရတော့သည်။
ထူးကျော် တစ်ယောက် အမေ ကောက်ရသွားပြီ ထင်ပါတယ်လေ..။
ပြောတုန်းကတော့ အစ်မ ကြောင့်သာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး တစ်လကျော် နှစ်လ ဖြစ်တော့မည်။
ဖုန်း မဆက်ရလည်း အေးဆေးပါပဲ..။
ယောက်ျားတွေ အကုန် တူတူပါပဲ..။
အထူးလည်း မထူးပါဘူး..။
"ချက်ချင်း ကောက်လွမ်းမနေနဲ့ ကောင်မရဲ့...အလုပ်ကို စိတ်နစ်လုပ်..."
မိပြည့်က အိ့လက်မောင်းကို ရိုက်လိုက်တော့ နှုတ်ခမ်းကိုက်ပြီး မျက်စောင်းထိုးပစ်လိုက်မိသည်။
ရှေ့က ပန်းချီကားကို စက္ကူဘူးထဲ ထည့်လိုက်ပြီး အပေါ်က ဖဲကြိုးလေးတွေ ချည်နှောင်လိုက်သည်။
"မယ်အိ..."
"ပြော..."
"ဆရာကြီး ကို နင်ချစ်လား.."
"ရင်တော့ခုန်တယ်...ချစ်လား မချစ်လားတော့ ငါလည်း မသိဘူး...မိန်းမမို့လို့ မက်မောတာတော့ မဟုတ်ဘူး..ဒါပေမဲ့ သူ့ကို ရွေးချယ်ဖို့တော့ သိပ်မရဲဘူး..သူ နဲ့ နီးနီးနေရရင်တော့ ငါ့ကိုယ်ငါ တန်ဖိုးရှိနေသလို ခံစားရပြန်ရော..အဲ့ခံစားချက်ကို ငါ ကြိုက်တယ်....ငါ့ဘဝမှာ ဘာပဲ ဖြစ်ခဲ့ပါစေ တစ်စုံတစ်ယောက်ကတော့ တန်ဖိုးထားပေးတယ်...အဖိုးတန်သေးတယ်လို့ ခံစားရတာလေး က တကယ်ကောင်းတယ်..."
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."