part 33

3.2K 257 14
                                    




"နင့်အတွေးတွေကိုသေချာပြန်ဆန်းစစ်စမ်းပါ သိမ့်ရယ် ၊ တစ်ဖက်လူရဲ့ခံစားချက်တွေကိုထည့်မတွက်တော့ဘူးလား "

မိုးပွင့်က သိမ့်၏ပုံစံအားကြည့်ကာ အတော်လေးကိုစိတ်ပျက်နေပုံရသည် ။ ညကြီးအချိန်မတော် အိမ်ကထွက်ပြေးလာသည့် သူမကို မိုက်မဲလိုက်တာ ဟုလည်းအကြိမ်ကြိမ်အပြစ်တင်ပြန်ပါသေးသည် ။ အငယ်နှင့်အကြောင်းကို ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်လိုက်တော့ မိုးပွင့်လည်းအတော်လေး စိတ်ရှုပ်ထွေးသွားဟန်ပေါ်ပါသည် ။

"ဟင့်အင်း။ ငါဘာကိုမှ မတွေးချင် မစဉ်းစားချင်တော့ဘူး ၊ အခုချိန်မှာ ငါသိတာ တစ်ခုပဲရှိတယ် ၊ငါ့ကြောင့် ထပ်ပြီးအထိအခိုက်မခံနိုင်တော့ဘူး ။ငါ ကြောင့်ဆိုပြီး ပင်ပန်းဆင်းရဲနေတာ မကြည့်ရက်တော့ဘူး မိုးပွင့်ရယ်။"

"ဒါကြောင့် နင်ကသူ့ကိုထားပြီး ထွက်ပြေးလာခဲ့တယ်ပေါ့ ဟုတ်လား သိမ့် ။ နင့်မျက်နှာတစ်ခုတည်းကိုပဲ ကြည့်ပြီးနေနေရတဲ့ အချိန်ကာလတစ်ခုမှာ အခုနင်ကမရှိဘူးဆိုတော့ သူဘယ်လိုနေကျန်ခဲ့မလဲ သိမ့်ရယ် ။ ကလေး သနားပါတယ် ။"

"သူပြန်ပါလိမ့်မယ်။ သေချာပေါက် ငါမရှိတော့ရင် သူ့အိမ်သူပြန်သွားပါလိမ့်မယ် ။ "

ရင်တွေနာသည် ၊ ပြောထွက်မိသည့် စကားတွေဟာ နှလုံးသားနှင့်ဆန့်ကျင်နေသည့်အခါ  ကိုယ်ကိုယ်တိုင်ကအရင်ကျိုးပဲ့ရသည် ။

"ဒါဆို နင်ကသူပြန်သွားတဲ့ထိ ငါ့အိမ်မှာလာပုန်းနေမယ်ဆိုတဲ့သဘောလား ။"

သိမ့် ခေါင်းငြိမ့်၍ဟုတ်ကြောင်းဖြေမိသည် ။ ထိုအခါ မိုးပွင့်ကလည်း သက်ပြင်းအသာချကာ ဘာမှဆက်ပြောမလာတော့ ၊ မကြာပါ ခနနေတော့ သိမ့် အေးဆေးနားပါ ဟုဆိုကာအခန်းထဲမှထွက်သွားလေသည် ။

မန်းလေးဇာတိဖြစ်တဲ့မိုးပွင့်က ဆရာဝန်ပေါက်စကတည်းကပင် ဒီရွှေဘိုမှာတာဝန်လာကျသည် ၊ လုပ်သက်က သုံးနှစ်လောက်ပင်ရှိ‌ပြီမို့ သူလည်းဒီမြို့မှာအတော်လေးနေသားကျနေပြီဟု‌‌ဆိုရမည် ။တစ်ခုတော်သေးသည်က မိုးပွင့်က တစ်ယောက်တည်းနေလို့သာပေါ့ ၊မဟုတ်လျှင် သိမ့် နေရကြပ်နေမှာမလွှဲဧကန်ပင်ဖြစ်၏

အချစ်ရှိရာ အညာမြေWhere stories live. Discover now