🌸 အပိုင်း 11 🌸

7.5K 399 6
                                    

🌸 Flashlight 🌸

အပိုင်း 11

Convenience Store ရဲ့ အမှတ်တံဆိပ်ပါသည့် အိတ်နဲ့ အပြည့်ထည့်ထားတဲ့ မုန့်ထုပ်တွေကို ကောင်းစက်တစ်ချက် လှမ်းကြည့်လိုက်မိသည်။

"အဲ့တာတွေအကုန်လုံးကို နင်တစ်ယောက်ထဲ စားမှာလား........"

"ဟင်.... အွန်း......"

ကောင်းစက်က သူမမုန့်ထုပ်ကိုကြည့်ပြီး ​မေးလာတာကြောင့် ဖောင်းဖောင်း ခေါင်းလေးငြိမ့်ပြလိုက်မိသည်။

"ဟို ဒါပေမဲ့ ငါတစ်ရက်ထဲ အကုန်မစားပါဘူး....... ခွဲ ခွဲပြီးပဲ စားမှာပါ........"

သူ အထင်လွဲမှာကို စိုးရိမ်သွားတဲ့ပုံနဲ့ အသည်းအသန် ဖြေရှင်းချက်ထုတ်လာသည့် သူမကြောင့် ကောင်းစက် ဟက်ခနဲ ရယ်မိသွားရသည်။

"တစ်ရက်ထဲ စားတော့ရော ဘာဖြစ်လို့လဲ....... ငါတို့အိမ်က မင်းစက်ဆိုလဲ မုန့်စားရတာ အရမ်းကြိုက်တာ....... မာမီသာ မုန့်ကို ကြိုက်သလောက် စားခွင့်ပြုလိုက်ရင် အဲ့လိုမုန့်ထုပ်ကြီး တစ်ထုပ်လုံးကို သူတစ်ရက်ထဲနဲ့ ကုန်အောင် စားနိုင်တယ်..... "

သူမ ၀ယ်လာတဲ့ မုန့်တွေကို ကြည့်ပြီး တခြားသူတွေလို နင် အဲ့လောက်စားနေမှတော့ ၀ပြီပေါ့လို့ မပြောလာဘဲ မတူညီတဲ့ စကားမျိုးကို ပြောလာသည့် ကောင်းစက်ကြောင့် ဖောင်းဖောင်း အံ့သြသွားရသည်။

"ဘာလို့လဲ......"

လမ်းဆက်မလျှောက်တော့ဘဲ နေရာမှာတင် ရပ်ကျန်ရစ်ကာ သူ့ကိုငေးကြည့်နေသည့် သူမကြောင့် ကောင်းစက် ထူးဆန်းသွားရသည်။

"ဟင်...... မဟုတ်ပါဘူး.....နင်က ငါ့ကိုတခြားသူတွေ ပြောသလိုမျိုး မပြောလာလို့ အံ့သြသွားလို့ပါ ........"

ဖောင်းဖောင်းရဲ့ စကားကြောင့် ကောင်းစက် မျက်ခုံးတွေ မြင့်တက်သွားရသည်။

"တခြားသူတွေ ပြောတဲ့စကားဆိုတာ ဘယ်လိုမျိုးလဲ ......"

"ဟင်......"

သူ့ကို မျက်၀န်းအ၀ိုင်းသားလေးတွေနဲ့ မော့ကြည့်လာသည့် ဖောင်းဖောင်းကို ကောင်းစက် ပြန်စိုက်ကြည့်လိုက်သည်။

"အဲ့တာက ..... သူတို့တွေက ငါဒီလိုမျိုး ၀ယ်လာပြီဆိုရင် နင် အဲ့လောက်တောင်စားနေမှတော့ ၀ပြီပေါ့တို့ ဘာတို့ အဲ့လိုမျိုးတွေ ပြောတာကို ဆိုလိုချင်တာပါ......."

FlashlightWhere stories live. Discover now