Chapter 20

39 7 16
                                    

Unicode

နေသာ၍ လေလာသောနေ့လေးတစ်နေ့။ငှက်ကလေးများက ကျွတ်စီကျွတ်စီတွတ်ထိုးနေကြသည်။ဆောင်းရာသီ၏နှင်းများသည် ပတ်ဝန်းကျင်တွင်ဖုံးလွှမ်းနေကာ ပတ်ဝန်းကျင်ကဝိုးတဝါးဖြစ်နေသည်။လေအဝှေ့တွင် ခန္ဓာကိုယ်ကချမ်းစိမ့်စိမ့်။လမ်းမပေါ်တွင်လူကြီးလူငယ်များက လမ်းလျှောက်နေကြသည်။ထင်းရှူးရနံ့များဝေ့ဝဲကာ ပန်းရနံ့များလွှမ်းထုံနေသည်။နေမင်းကြီးကမိုးကုပ်စက်ဝိုင်းအရှေ့ဘက်မှ ထွက်ပေါ်လာပြီး လောကကိုအနွေးဓာတ်များဖြင့် လွှမ်းခြုံထားသည်။ကောင်းကင်မှာတော့ တိမ်များကင်းစင်ကာပြာလွင်နေသည်......ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ.......ခုတော့......

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်းကြောင့် မနက်ကတည်းကတိမ်များမည်းသဲနေသည်။ပြိုတော့မည့်မိုးကြောင့် ငှက်များကတစ်ချိုးတည်းလစ်သွားသည်မှာ အမြီးပင်ရှာမတွေ့။လမ်းမပေါ်တွင် လူမပြောနှင့်၊ ခွေးအမြီးပင်မရှိ၍ သရဲကိုပင်တစ္ဆေ‌ပြန်ခြောက်မှာစိုးရသည်။နေမင်းကလည်း အကြွေးရှင်လိုက်လို့ထွက်ပြေးနေဟန်တူသည်။ကောင်းကင်ကလည်း ပျိုဖော်ဝင်ခါစမိန်းကလေးတစ်ယောက်လို ရှက်နေသည်မှာတိမ်တွေကြား ခေါင်းမြုပ်နေသည်။ကျောင်းပိတ်ရက်ဖြစ်၍ အားလုံးကကိုယ်စီကိုယ်စီစောင်ထဲကွေးကောင်းနေချိန် သူကတော့ ..... စိတ်ထိန်း စိတ်ထိန်း ပိုင်မင်းမြတ် ... နေနှင့်အုံး ကော်ဘူးဝယ်သွားပြီး အိမ်ရောက်မှ စောင်နဲ့ခွာမရအောင်ကပ်ထားအုံးမယ်။

ပိုင်မင်းမြတ်သည် စိတ်ထဲကြုံးဝါးကာ စိုစိစိပတ်ဝန်းကျင်ကိုလျစ်လျူရှု၍ ထီးတစ်ချောင်းနှင့်ဈေးဆိုင်သို့တရွေ့ရွေ့သွားနေသည်။သူများတကာကွေး‌ကောင်းနေချိန် ဒီကရွှေငါးလေးမှာတော့ အိမ်ကမာတာမိခင်ရွှေမျက်နှာတော်ဝင်းရေး အပြေးအလွှားဈေးသွားနေရသည်။အာ .... အရေးထဲဒီအိုနာကျိုးကန်းမိုးကတော့ .... မေမေကအိမ်မှာခေါက်ဆွဲကြော်ပေးမည်ဆိုရာ ကြာညို့ပုလင်းကုန်နေသောကြောင့် လမ်းထိပ်ကဈေးဆိုင်ကိုပြေးနေရခြင်းဖြစ်သည်။

ကွာ ...... ကြာညို့ကလည်း ဒီနေ့မှလာကုန်နေတယ်။ပိုင်မင်းမြတ်သည် ကိုးနာရီရှိနေပြီဖြ‌စ်သော်လည်း တဝါးဝါးသမ်းနေသဖြင့် ဈေးဆိုင်ကအန်တီကြီးက ကွက်ကြည့်ကွက်ကြည့်။တကတည်း သူ့ပါးစပ်ငှားသမ်းတာကျလို့။ဈေးဆိုင်ကပြန်ထွက်လာတော့ သူ့ဆဲထားလို့လားမသိ။မိုးကအငြှိုးနှင့်ရွာပါတော့သည်။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Where stories live. Discover now