🐦13🐦ဖျင်ကန်းလီသို့ ပြန်သွား

148 22 2
                                    

Chapter (13)
ဖျင်ကန်းလီသို့ ပြန်သွား

ဟုန်ကျွင့်သည် သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်ထားပြီး သူ့နောက်ကျောမှာတော့ ငါးတစ်ကောင် ပိုးထားလေသည်။ မနက်အစောကြီး ကျောက်ကျစ်လုံ အိပ်ပျော်နေတုန်း ​​သူ့နောက်ကျောပေါ် ကောက်တင်လာတာကြောင့် ငါးခမျာ သူ့ပါးစပ်ကို ဖွင့်ဟပြီး သမ်းဝေနေရှာ၏။

"ကြောင်အမဲလိုက်တဲ့ သတိပေးချက် ထုတ်ပြန်ထားရင် အသုံးဝင်မယ်လို့ထင်လား"

"မင်းရဲ့ တစ္ဆေပုံဆွဲနည်းနဲ့ ကြောင်တစ်ကောင်လို့ ဘယ်သူက ပြောနိုင်မှာလဲ?"

ဟုန်ကျွင့်သည် လူအနည်းငယ်သာ ရှိသော နံနက်ခင်းကို အခွင့်ကောင်းယူပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အဲဒီနောက် ချိတ်ကို လွှင့်ပစ်လိုက်ရာ သံကြိုးလေးက တံစက်မြိတ်ပေါ်မှ ပျံသန်းကာ ငန်းရိုင်းအ​ဆောက်အအုံ အစွန်းကြီးပေါ်သို့ ချိတ်မိသွား၏။ ဟုန်ကျွင့်လည်း ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ခြေလှမ်း အနည်းငယ် လှမ်းကာ အဆောက်အအုံမြင့်၏ ထိပ်သို့ တက်သွားလိုက်သည်။ ထို့နောက် ငန်းရိုင်းမျှော်စင်ပေါ်၌ ထိုင်နေလိုက်သည်။

အပြာရောင်နှင့် အဖြူရောင်တိမ်တိုက်များအောက်တွင် ချန်အန်းရှိ ကြွေပြားအုတ်​ကြွပ် ထောင်ပေါင်းများစွာသည် နံနက်ခင်း လေနုအေးအောက်တွင် တောက်ပနေကြသည်။ ကုန်းမြေကြီးတွင် လူသားမျိုးနွယ်သည် ဇိမ်ကျကျနှင့် ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ကို အမှန်တကယ် ဆောက်လုပ်ခဲ့ကာ စိတ်အေးလက်အေး ပျော်ရွှင်စေခဲ့သည်။

ဟုန်ကျွင့် ယောင်ကျင်းနန်းတော်ကိုပင် သတိရသွား၏။ အပြင်မထွက်မီ သူဆွဲထားသော ကြောင်ပုံများကို ထုတ်ကြည့်ရင်း ယောင်ကျင်းနန်းတော်မှာ ရှိနေခဲ့ရင် ချင်းရှူံနဲ့ ချုံမင်တို့က ငှက်များနှင့် စကားပြောတတ်ကြလို့ ကြောင်ရှာရန် သိမ်းငှက်နှစ်ကောင်ကို စေလွှတ်လိုက်ခြင်းက သူ့ထက်ပင် ပိုမြန်လိမ့်မည်ဟု တွေးမိသွားသည်။

"လေနည်းနည်း ခံပြီးရင် ပြန်သွားတော့" ငါးကြင်းနတ်ဆိုးက ပြောသည်။

ထျန်းပေါင်ဖူယောင်းလု (mmtrans)Where stories live. Discover now