06

880 108 7
                                    


ဟီဆွန်း ညဘက်တွေသိပ်အိပ်မပျော်၍ နေ့ခင်းဘက် အလုပ်လုပ်ရာမှာ ခေါင်းမကြည်ဘဲ နေထိုင်ရခက်နေတော့သည်။ယခုလည်း အစည်းအဝေးတစ်ခုအတွက် သွားနေရာမှ အရမ်းဆိုးလာ၍ ကားရပ်ခိုင်းပြီး နီးရာ ကော်ဖီဆိုင်မှာ အတွင်းရေးမှူးကို ကော်ဖီအေးအေးလေးတစ်ခွက်ပြေးဝယ်ခိုင်းရသည်။

ဂျယ်ယွန်းသွားတာ ဒီနေ့နှင့်ဆို နှစ်ရက်ရှိပြီဖြစ်ပြီး ဒီနေ့က ပွဲရက်ဖြစ်သည်။ အချိန်ကွာခြားချက်ကြောင့် Media ပေါင်းစုံက တင်လာမည့် ဂျယ်ယွန်း၏ပုံလေးများကို ဟီဆွန်းစောင့်နေရုံသာ တတ်နိုင်လေသည်။

" ကိုကို ! "

ဟီဆွန်း ကားမှန်ချကာ တိတ်ဆိတ်သည့် ပတ်ဝန်းကျင်အခြေအနေကို ငေးနေတုန်း ခေါ်သံကို ကြားလိုက်ရသည်။တရားခံကတော့ ပတ်ခ်ရှင်းအာဖြစ်ပြီး မထင်မှတ်ပဲ တွေ့ရ၍ အံ့ဩနေပုံပေါ်သည်။မနေ့က ဟီဆွန်း၏ကုမ္ပဏီကို လာလည်ကာ ဟီဆွန်းနှင့်အတူ နေ့လည်စာ စားပြီးခဲ့ပြီဖြစ်၍ ဟီဆွန်းက ဆက်ပြီး ပတ်သက်စရာအကြောင်းမရှိတော့ဘူးထင်ခဲ့တာဖြစ်သည်။သို့ပေမယ့် အခုမှ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့နေပြန်သည်။

" ကိုကို ဘယ်လာတာလဲ "

" အလုပ်ကိစ္စရှိလို့ပါ "

" ကိုကို့ ကြည့်ရတာ သိပ်မလန်းသလိုပဲ နေမကောင်းဘူးလား "

" ကောင်းပါတယ် "

ဟီဆွန်းက စကားပြောချင်စိတ်မရှိ၍ ခပ်ပြတ်ပြတ်အဖြေများသာ ပေးနေသည့်တိုင် ရှင်းအာကတော့ ကားအပြင်ဘက်ကနေ တောက်ပသော energy များဖြင့် စကားပြောနေဆဲ။

" အတော်ပဲ .. ဒီနားမှာ ရှင်းအာနဲ့ ရှင်းအာသူငယ်ချင်းအတူဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးရှိတယ် ကိုကို ခဏလိုက်ထိုင်ပါလား "

" တော်ပါပြီ .. ကိုယ့်အလုပ်ကိစ္စက ခဏနေသွားရတော့မှာမို့လို့ "

" လိုက်ခဲ့ပါ ကိုကိုရဲ့ .. ဖွင့်ထားတာလည်း မကြာသေးတော့ လူသိပ်မရှိဘူး .. decoration ကို ရှယ်လုပ်ထားလို့ စိတ်လည်း အေးစေမှာ ကော်ဖီကလည်း ကိုကို့အကြိုက် ရှင်းအာ ဖျော်ပေးမယ်လေ "

ရှင်းအာက ဇွတ်ခေါ်နေပြီး ဟီဆွန်းက ငြင်းရခက်နေချိန်မှာပဲ ဟီဆွန်း၏အတွင်းရေးမှူးက ပြန်ရောက်လာခဲ့သည်။လက်ထဲမှာလည်း ကော်ဖီခွက်များကိုင်ထား၍ ဟီဆွန်း အနည်းငယ်တော့ အားနာစိတ်ကလေးဖြစ်သွားရသည်။ရှင်းအာက မျက်နှာပျက်သွားတာမို့ ရှင်းအာ၏ဆိုင်မှမဟုတ်ကြောင်း သေချာသွားကာ ဟီဆွန်းအမြန်ပင် ဝင်ပြောလိုက်ရတော့သည်။

심 Tempat cerita menjadi hidup. Temukan sekarang