အပိုင်း (၂၁)

83 5 0
                                    

ရောင်ဖြာတို့ တက္ကသိုလ်ပြန်ဖွင့်တဲ့အချိန်ကိုရောက်တော့ နတ္ထိတစ်ယောက်လည်း ဟင်းအမျိုးအမည် တော်တော်များများကို ချက်တတ်နေလေပြီ။

ရောင်ဖြာ့ရဲ့ အရင်လိုပြန်နေကြမယ်ဆိုတဲ့စကားဟာ သူ့ကို အရင်ကလို ဂရုစိုက်ပေးမှာကို ဆိုလိုတာမဟုတ်မှန်းလည်း နတ္ထိတစ်‌ယောက် အချိန်ကြာလာတာနဲ့အမျှ နားလည်လာရပါ၏။ လင်းရောင်ဖြာက သူ့ဘေးနားမှာပဲ အေးစက်စွာရှိနေပေးပြီး သူ့အကြောင်း ဘာတစ်ခုကိုမှ စိတ်ဝင်တစား စူးစမ်းတော့မှာမဟုတ်ပေ။

အနည်းငယ် ရင်နာရပေမဲ့လည်း ကိစ္စတော့မရှိပါချေ။ ရောင်ဖြာ့ကို သူ့အနားမှာထားရင်း သူ့ကို နောက်တစ်ကြိမ် ပြန်လည်ရင်ခုန်လာအောင် ကြိုးစားဖို့က သူ့တာဝန်ပင်မဟုတ်ပါလား ...

လင်းက သူ့အနားမှာရှိနေပေးရုံနဲ့တင် သူကျေနပ်ပါ၏။

လင်းထွက်သွားတဲ့အချိန်တုန်းက တိတ်ဆိတ်ခြောက်ကပ်နေတဲ့တိုက်ခန်းမှာ သူတစ်ယောက်တည်း အထီးကျန်မှုတွေနဲ့အတူ ကျန်ရစ်ခဲ့သည်။ သူတစ်ယောက်တည်းသာ ရှိနေပေမဲ့လည်း တိုက်ခန်းရဲ့ နေရာတိုင်းလိုလိုမှာ လင်းရဲ့ပုံရိပ်ယောင်လေးတွေကို တွေ့မြင်နေရပါ၏။ အနှီတိုက်ခန်းဟာ လင်းရဲ့ခြေရာလက်ရာလေးတွေနဲ့သာ အစဉ်ပြည့်နှက်နေခဲ့တာမလား ...

တိုက်ခန်းရဲ့နေရာအနှံ့မှာ သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေသာ ရှိနေတာမို့ ဘယ်ကိုပဲကြည့်ကြည့် ထိုပုံရိပ်တွေကိုသာ မြင်ယောင်နေလျက် ...

ရင်းနှီးကျွမ်းဝင်နေတဲ့ အငွေ့အသက်လေးကို ဆုံးရှုံးလိုက်ရတော့မှပဲ သူဟာ လင်းဆီမှာ ဘယ်လောက်တောင် ပျော်ဝင်နေခဲ့မှန်း သဘောပေါက်မိတော့သည်။ သိမြင်နိုင်ခြင်းဟာ နောက်ကျလွန်းခဲ့ပါ၏။ လင်းဟာ သူတို့ကိုယ်ပိုင်ကမ္ဘာငယ်လေးဆီကနေတင်မက သူ့ဘဝထဲကပါ ထွက်ခွာသွားနှင့်လေပြီ။

ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေရင်း ဘေးမှာလည်း ဆေးလိပ်အတိုအစတွေ ပြန်ကြဲနေလျက် ... တချိန်က စူးရှတောက်ပနေခဲ့ပါသည့် မျက်ဝန်းတွေတောင် လင်းမရှိတော့တဲ့အချိန်မှာ အရောင်မှေးမှိန်ကုန်ပါ၏။ ခြောက်ကပ်နေတဲ့အခန်းထဲမှာ အထီးကျန်ဆန်ပြီး သိမ်ငယ်ခဲ့တဲ့အချိန်တွေဟာ ပြန်မတွေးချင်မှအဆုံးပင်။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now