အပိုင်း (၂၇)

93 9 0
                                    

" အထဲဝင်ရအောင်လေ လင်း "

ခမ်းနားလှတဲ့အိမ်တော်ကြီးရဲ့ရှေ့မှာရပ်ရင်း ရောင်ဖြာ ခြေလှမ်းတွေရှေ့မဆက် ...

ရှန်မင်းတို့ရဲ့ ကျောင်းသင်္ကြန်ပြီးတာနဲ့ အိမ်ကိုမပြန်ဖြစ်သေးပဲ နတ္ထိက သူ့မိသားစုတွေနဲ့ တွေ့ဆုံပေးဖို့ ခေါ်လာခဲ့ခြင်း။

ဘယ်အချိန်ကတည်းက စိတ်ကူးထားခဲ့လဲမသိ။ ဒါကြောင့်မလို့လည်း ရှန်မင်းတို့ကျောင်းသင်္ကြန်ကိုသွားဖို့ တက်ကြွနေခဲ့တာထင်တယ်။

ကျောင်းသင်္ကြန်ကိုလာချင်တာကနည်းနည်း၊ သူ့ကို မိဘတွေနဲ့တွေ့ပေးဖို့ ခေါ်လာချင်တာကများများပင်။

" မောင့်နောက်ကလိုက်ခဲ့နော်~~ "

နတ္ထိက ဘေးကနေတိုက်တိုက်တွန်းတွန်းနဲ့ ပြောလာတော့မှပဲ သတိဝင်လာသည်။

အထဲဝင်ဖို့ တွန့်ဆုတ်နေသူလေးကို လက်ကနေဆွဲကာ အိမ်တော်ထဲဝင်လာခဲ့သည်။ အထဲမှာ မိသားစုစုံစုံလင်လင်လည်း ရောက်ရှိနေလေပြီ။

လင်းကိုတွေ့တော့ နွေးနွေးထွေးထွေးကြိုဆိုပေးကြတာမို့ နတ္ထိစိတ်အေးမိသည်ပင်။ ဒါပေမဲ့လည်း ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးချင်ပုံရသည်။

ဖွားဖွားက လင်းရဲ့လက်ကလေးကိုဆုပ်ကိုင်ရင်း

" ကလေး နည်းနည်းပိန်သွားသလိုပဲ။ မြေးကြီးက စိတ်ချမ်းသာအောင်မထားဘူးလား။ ဘွားကိုပြောနော် "

မမျှော်လင့်ထားတဲ့စကားကြောင့် ရောင်ဖြာ့ရဲ့ကိုယ်လုံးလေး တောင့်တင်းသွားပြီး နတ္ထိက မျက်နှာပျက်သွားသည်။

ထိုနေရာရှိ လူအကုန်လုံးလည်း တိတ်ဆိတ်ကုန်ပါ၏။

အစ်ကိုနေစိမ့်ကိုရော အိမ်ကိုခေါ်လာဖူးတာလား ... ဆိုတဲ့ အတွေးကသာ ရောင်ဖြာ့ခေါင်းထဲ စိုးမိုးနေလျက် ...

နတ္ထိက သူ့ဘေးက တောင့်တောင့်လေးရပ်နေတဲ့ ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲဆွဲယူကာ ခပ်တင်းတင်းလေးဖက်ထားလိုက်သည်။

မသိလျှင် သူသာ အနည်းငယ်ဖြေလျော့ပေးလိုက်တာနဲ့ တစ်ဖက်လူက ချက်ချင်းပျောက်ကွယ်သွားတော့မယ့်အတိုင်း ...

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now