အခန်း (၂၀) အလောင်းအစား
လူသတ်မှုမြင်ကွင်းကိုကြည့်၍ ရဲအရာရှိများ စိတ်မကောင်းဖြစ်နေကြသည်။
“တကယ်ဝမ်းနည်းစရာပဲ။ မိသားစုတစ်ခုလုံးတောင်ကွာ...”
“လုန်အန်းမြို့မှာ မိသားစုလိုက်သတ်ဖြတ်မှုမျိုး မရှိခဲ့တာ ဆယ်နှစ်တောင်ကြာပြီ”
“ဘယ်လိုတိရစ္ဆာန်ကများ ဒီလောက်ရက်စက်တာလဲကွာ”
အမှုက တကယ့်အမှုကြီးဖြစ်သည်။ ယခုနှစ်၏ အကြီးမားဆုံးအမှုဖြစ်သည်။ လင်းချွေ့ဖူရဲယူနီဖောင်း ဝတ်ချိန်မှစ၍ ကိုင်တွယ်ဖူးသည့် အမှုများထဲတွင် အကြီးဆုံးအမှုလည်းဖြစ်သည်။ အားလုံးကို သေချာသက်သေယူ၍ သဲလွန်စမကျန်အောင် စစ်ဆေးရန် သူညွှန်ကြားသည်။ သူကိုယ်တိုင်လည်း တိုက်ခန်းထဲတွင် ဟိုပြေးဒီပြေး လှုပ်ရှားနေသည်။
စားပွဲပေါ်မှ တီဗွီရီမုတ်ကို ကောက်ကိုင်၍ တီဗွီကိုဖွင့်လိုက်သည်။ ဤအိမ်တွင် တီဗွီမှတ်တမ်းဘောက်စ် တပ်ဆင်ထားသည်။ မနေ့ညက နောက်ဆုံးဖွင့်ခဲ့သည်မျာ ညဆယ့်တစ်နာရီဝန်းကျင်ဖြစ်ကြောင်း ပြနေသည်။ ရဲတစ်ယောက်ကိုခေါ်၍ သူညွှန်ကြားလိုက်သည်။
“တိုက်ခန်းမန်နေဂျာဆီသွားပြီး မနေ့ညက ဆယ့်တစ်နာရီဝန်းကျင်မှာ သံသယဖြစ်စရာ လူတစ်ယောက်ယောက်ဝင်လာတာရှိမရှိ စုံစမ်းပါ”
ရေချိုးခန်းရှေ့မှ အမျိုးသားအလောင်းနှင့် ပတ်သက်၍ လင်းတုန်ရွှဲ့လိုပင် သူကောက်ချက်ချသည်။ အိမ်ရှင်အမျိုးသားကို ရေချိုးခန်းထဲတွင် ပုန်းနေသည့် လူသတ်သမားက ရုတ်တရက် သတ်ဖြတ်သည်ဟု ယူဆသည်။
လင်းချွေ့ဖူ မေးစေ့ကိုပွတ်၍ စဉ်းစားနေသည်။ ညဆယ့်တစ်နာရီအချိန် တီဗွီကြည့်နေသူများရှိသည်ဆိုလျှင် ထိုအချိန်နောက်ပိုင်းမှသာ လူသတ်သမားခိုးဝင်လာခြင်းဖြစ်မည်။ တစ်မိသားစုလုံး အိပ်ပျော်နေကြမည်။ လူသတ်သမားက ရေချိုးခန်းတွင် ပုန်းနေမည်။ ထို့နောက် အိမ်ရှင်အမျိုးသားက အလုပ်မှပြန်လာချိန်တွင် လူသတ်သမားက သတ်ဖြတ်မည်။ ထို့နောက် ဒုတိယအိပ်ခန်းထဲမှ အဘွားအိုကိုသတ်မည်။ အိမ်ရှင်အမျိုးသမီးက အသံဗလံများကြား၍ ထွက်ကြည့်ချိန်တွင် အသတ်ခံရခြင်းဖြစ်မည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...