အခန်း (၂၅) ထင်တစ်လုံးနဲ့လူ
လင်းတုန်ရွှဲ့က ရှုရှောင်တုန်ကားဖြင့် အမှုဖြစ်သည့်တိုက်တန်းဆီ ပြန်လာသည်။ တိုက်ခန်းတစ်ခုချင်းစီသို့ဝင်၍ သေဆုံးသူမိသားစုအကြောင်း မေးမြန်းကြသည်။ သို့သော် အမှုက အတော်ညာဉ့်နက်မှ ဖြစ်ခဲ့ခြင်းဖြစ်၍ သံသယဖြစ်စရာ အသံဗလံမျိုးမကြားကြဟု ဆိုသည်။ ကံဆိုးသည့်မိသားစုအတွက် စိတ်မကောင်းဖြစ်ရကြောင်းသာ ပြောကြသည်။
ထိုမိသားစုသည် အလွန်ဖေါ်ရွေကြောင်း အိမ်ရှင်အမျိုးသားသည် သွားရင်းလာရင်း တွေ့သမျှလူကို အမြဲနှုတ်ဆက်လေ့ရှိကြောင်း ပြောကြသည်။ တကယ့်လူကောင်းတစ်ယောက်ဟုဆိုသည်။ သူတို့မိသားစုသည် အိမ်နီးချင်းများထံ အစားအသောက်များ မကြာခဏပို့လေ့ရှိသည်။ တစ်ခါတစ်လေ တိုက်ခန်းများရှေ့ ကော်ရစ်ဒါကိုလည်း သန့်ရှင်းရေးလုပ်တတ်သည်။
ချန်ရှီမေးခိုင်းလိုက်သည့် မေးခွန်းကိုတော့ အိမ်နီးချင်းများအားလုံး မဖြေနိုင်ကြ။ ထိုမိသားစုနှင့် မျက်နှာချင်းဆိုင်တိုက်ခန်းတွင်နေထိုင်သည့် အဘိုးကြီးတစ်ယောက်သာလျှင် သိပ်မကြာသေးမီက ခုန်ဝမ်တာ့၏လိပ်စာကို လာစုံစမ်းသည့်လူတစ်စုရှိခဲ့ကြောင်း ခုန်ဝမ်တာ့တို့ကို အတင်းဖိအားပေးရန် ရောက်လာသည့် ငွေးတိုးချေးသူများဖြစ်ဟန်ရှိကြောင်း ပြောသည်။ အဘိုးအိုက ထိုလူစုကို ပြဿနာမရှာရန် သတိပေး၍ လုံခြုံရေးအစောင့်ကို ဖုန်းခေါ်၍ မောင်းထုတ်ခိုင်းခဲ့သည်။
လင်းတုန်ရွှဲ့ မေးခွန်းအဆုံးသတ်၍ ကျေးဇူးတင်ကြောင်းပြောရန် ပြင်နေစဉ် ချန်ရှီထံမှ ဖုန်းဝင်လာသည်။
“စုံစမ်းတာ ဘယ်လိုအခြေအနေရှိလဲ”
“တိုးတက်မှုမရှိဘူး။ ဒီမိသားစုက အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးအတော်ကောင်းတယ်။ အားလုံးက ဒီမိသားစုရဲ့စရိုက်ကို ကောင်းတယ်လို့ပဲပြောကြတယ်”
“လင်မယားနှစ်ယောက်ကြား ဆက်ဆံရေးအခြေအနေကို မေးမှပေါ့။ အမှုဘယ်လိုစုံစမ်းရမလဲဆိုတာတောင် မင်းမသိဘူးလား”
ချန်ရှီ ဖုန်းချသွားပြီးနောက် လင်းတုန်ရွှဲ့ မကျေမနပ်ခပ်တိုးတိုးရေရွတ်သည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...