အခန်း (၆၅) နောက်ကွယ်မှ ဉာဏ်ကြီးရှင်
ဝမ်ကျင်းစုန့် အတင်းရုန်းကန်နေသည်။ ရှုရှောင်တုန်၏ ပုခုံးကိုသွားဖြင့်ကိုက်ပြီးနောက် ပြတင်းပေါက်မှထွက်ပြေးရန် ကြိုးစားသည်။ ဝံပုလွေရိုင်းလေးတစ်ကောင်လို အတင်းပြေးသည်။ စားပွဲကိုပင် မှောက်လှန်ပစ်သေးသည်။
ရဲအရာရှိများ အတော်ကြိုးစား၍ ဖမ်းဆီးကြရသည်။ လင်းချွေ့ဖူ ထိုအခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ခေါင်းပေါ်လက်တင်၍ ပြောလိုက်သည်။
“သူ့ကို လက်ထိတ်ခတ်လိုက်”
ရှုရှောင်တုန် ပင့်သက်တစ်ချက်ရှိုက်၍ သူ့ပုခုံးမှကိုက်ရာကို ကြည့်သည်။
“အတော်ကြမ်းတဲ့ကောင်ပဲ။ ငါ့ညီရဲ့ သားသမီးတွေထက် ပိုဆိုးတယ်”
လက်ထိတ်ခတ်ခံထားရသော်လည်း ဝမ်ကျင်းစုန့် အတင်းရုန်းနေသေးသည်။ သူ့လက်မှအရည်ပြားများ ကွာကျလာသည်။ ထိုမြင်ကွင်းကိုကြည့်၍ လင်မယားနှစ်ယောက် မျက်ရည်များစီးကျနေသည်။
ဖန်စီကျွယ်က ဆေးထိုးပိုက်တစ်ခုထုတ်၍ မျက်နှာတင်းတင်းဖြင့် ခြိမ်းခြောက်လိုက်သည်။
“မေ့ဆေးအရသာကို မင်းမြည့်းကြည့်ချင်လို့လား”
သူ့စကားကြားပြီးနောက် ဝမ်ကျင်းစုန့် ချက်ချင်းငြိမ်သွားသည်။
“ကလေးကို ဒီလောက်အလိုလိုက်ထားမှတော့ လူသတ်မှုမဖြစ်ရင်တောင် နောင်တစ်ချိန် လူမှုအသိုင်းအဝိုင်းကို ဝင်တဲ့အခါ တစ်ခြားလူတွေကို ဒုက္ခပေးမှာပဲ”
လင်းချွေ့ဖူ အတော်စိတ်ပျက်မိသည်။
“သူတို့ကို ခေါ်သွားတော့”
“နေဦး၊ မရှင်းတဲ့အချက်တစ်ချက် ရှိသေးတယ်”
လင်းတုန်ရွှဲ့ တားလိုက်သည်။
“ဘယ်လို”
“လိင်စိတ်ကြွဆေးလေ။ သေဆုံးသူဗိုက်ထဲက လိင်စိတ်ကြွဆေး”
ထိုအချက်ကို လင်းမယားနှစ်ယောက် ထုတ်မပြောခဲ့ကြသေး။ သို့သော် လင်းတုန်ရွှဲ့ ရိပ်စားမိပြီးဖြစ်သည်။ ဝမ်ကျင်းစုန့်ကို သူမေးလိုက်သည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...