အွန်လိုင်းအင်ပါယာ (၄)

144 20 0
                                    

အခန်း (၉၃) ရဲအစစ်လို

စောင့်နေရင်းမှ လင်းချွေ့ဖူထံ ချန်ရှီ ဖုန်းဆက်သည်။ လင်းချွေ့ဖူက ဖုန်းကိုင်သည်နှင့် စပြောသည်။

“မစုံစမ်းနဲ့ဦး။ ကပ္ပတိန်ဖန် လမ်းမှာလာနေပြီ။ မကြာခင်ရောက်မယ်။ အလောင်းကိုတောင် မစစ်ဆေးရသေးဘူး။ ခင်ဗျားက ဘာကိုစုံစမ်းမှာလဲ။ ကျုပ်အလုပ်ကို ဝင်မရှုပ်ပါနဲ့”

“ငါဘာသာစိတ်ဝင်စားလို့ စုံစမ်းတာဆိုရင်ရော မရဘူးလားကွာ။ ဪ ဒါနဲ့.. ဒီပတ်ဝန်းကျင်မှာ နေရာတစ်ခု ကူရှာပေးပါ။ သေတဲ့လူဟာ အရပ် ၁၆၀ စင်တီရှိတယ်။ ဒီတော့ သူရေနစ်သေဖို့ဆိုရင် ရေဟာ အနည်းဆုံး ၁.၄မီတာတော့ နက်လိမ့်မယ်”

“ကျုပ်ကိုတောင် ဘာလုပ်ရမယ်ဆိုတာ လာပြီးညွှန်ကြားနေတယ်ပေါ့။ လုံးဝမကူညီနိုင်ဘူး”

“ကောင်းပါပြီ၊ ကောင်းပါပြီ။ ငါ့ဘာသာ သွားရှာပါ့မယ်”

“ခင်ဗျား ဆက်မစုံစမ်း...”

လင်းချွေ့ဖူ စကားမဆုံးမီ ချန်ရှီ ဖုန်းချလိုက်သည်။ ထောင်ယွဲ့ယွဲ့က မခိုးမခန့်ပြုံး၍

“သူစိတ်ဆိုးနေတာလား”

“ငါသူ့ကို အရေးမစိုက်ပါဘူး”

ထိုစဉ် တံခါးပွင့်လာသည်။ သားရေဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီဝတ်ထားသည့် မိန်းမတစ်ယောက် စီးကရက် လက်ကြားညှပ်၍ ရောက်လာသည်။

“အန်ကယ်ချန်၊ သူဖြစ်လောက်တယ်”

ထောင်ယွဲ့ယွဲ့က မှတ်ချက်ပေးသည်။

သူ့စကားကြားသည်နှင့် ထိုမိန်းမ ထိတ်လန့်သွားပြီး စပြေးသည်။ ချန်ရှီ အသံအုပ်အုပ်ဖြင့် အော်ပြောလိုက်သည်။

“ဘာလို့ထွက်ပြေးနေတာလဲ။ ငါတို့က ဖမ်းဖို့ဆီးဖို့လာတာမဟုတ်ပါဘူး”

အမျိုးသမီးက အရူးလို အရှက်ပြေရယ်သည်။

“ရဲတွေရောက်လာတယ်ကြားတော့ ကျွန်မ နည်းနည်းလန့်သွားလို့ပါ”

“ခင်ဗျားက ဒီကမန်နေဂျာလား”

“သူက လီကျဲ့ပါ”

ဘေးမှစားပွဲထိုးက ဖြေသည်။

“ဒီလီကျဲ့က မန်နေဂျာလား”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now