ရမ္မက်မာယာ (၉)

148 22 0
                                    

အခန်း (၇၄) တစ်စမကျန်စေရ

ဖန်စီကျွယ် ခြေကုန်လက်ပန်းကျသွားသည့်ပုံစံဖြင့် ထိုင်နေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းသဖြင့် နည်းနည်းကြောင်တက်တက်ဖြစ်နေသည်။ လင်းတုန်ရွှဲ့ မေးလိုက်သည်။

“ကပ္ပတိန်ဖန်၊ အသစ်တွေ့ထားတာ ရှိတယ်ဆိုလို့ပါ”

ပရင့်ထုတ်ထားသည့် စာရွက်တစ်ရွက်ကို ဖန်စီကျွယ် စားပွဲပေါ် ပစ်တင်ပေးသည်။ တည်ငြိမ်သည့်လေသံဖြင့်

“သေဆုံးရတဲ့ အကြောင်းရင်းကို တွေ့ပြီ။ နှလုံးဖောက်ပြန်ပြီး သေတာပဲ။ သေဆုံးချိန်သတ်မှတ်ချက်ကို ခြောက်နာရီကနေ ဆယ့်နှစ်နာရီထိ ထပ်တိုးရလိမ့်မယ်”

လင်းတုန်ရွှဲ့ တစ်ချက်ကြည့်သည်။

“ကျေးဇူးတင်ပါတယ်။ ဒီတွေ့ရှိချက်က တကယ်အရေးကြီးပါတယ်”

ဖန်စီကျွယ်က သူတို့ကို ထွက်သွားရန် လက်ဝှေ့ယမ်းပြသည်။ အပြင်ဘက်သို့‌ရောက်လာချိန်တွင် ရှုရှောင်တုန်ကို သူအပြစ်တင်သည်။

“နင်ဘာလို့ ဒီလိုပေါ်တတ်ကရဟာသတွေ သူ့ရှေ့မှာသွားပြောတာလဲ”

“သူဒီလောက် ဒေါသထွက်သွားမယ်မှန်း ငါဘယ်လိုသိမှာလဲ။ ဒီဇာတ်လမ်းထဲက ဆေးကျောင်းသားဟာ သူသိတဲ့တစ်ယောက်ယောက်ဖြစ်လို့များလား”

“နင်ကိုယ်တိုင်သွားမေးကြည့်လေ”

“နောက်ထပ်အမှုတစ်ခု ထပ်မတိုးချင်တော့ပါဘူး”

ရှုရှောင်တုန် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။

တပ်ဖွဲ့တစ်ခုလုံး သံသယတရားခံဝူဟောင်အကြောင်း စုံစမ်းကြသည်။ နောက်သုံးရက်အကြာတွင် လင်းချွေ့ဖူက လူအားလုံးခေါ်၍ ရထားသည့်အချက်အလက်များ စုစည်းသည်။

ဝူညီအကိုနောက်ခံကို စုံစမ်းသည့်ရဲများက အစီရင်ခံသည်။

“ဝူညီအကိုရဲ့မိဘတွေက သူတို့ငယ်ငယ်ကတည်းက ဆုံးသွားတာ။ တစ်ယောက်နဲ့တစ်ယောက်လည်း ငယ်ကတည်းက သိပ်မတည့်ကြဘူး။ မိဘတွေက လိမ်မာပြီးဉာဏ်ထက်တဲ့ ဒုတိယကလေးကို ပိုဦးစားပေးကြတယ်။ အကြီးဖြစ်တဲ့ ဝူတာ့လန် အမြဲတမ်း မနာလိုဖြစ်ခဲ့တယ်။ အသေးအမွှားကိစ္စကစလို့ သူတို့စကားများကြတယ်။ ဒီမြို့မှာ ဝူတာ့လန်အလုပ်လာလုပ်တော့ ဝူဟောင်က ကျောင်းတက်တုန်းပဲ ရှိသေးတာ။ မိဘတွေသေတဲ့အချိန် နာရေးကိုစီစဉ်ပေးတာက ဝူတာ့လန်ပါ။ သေတမ်းစာလည်းမရှိတော့ မိဘတွေနေတဲ့အိမ်ကို ရောင်းပြီး ဝူဟောင်အိမ်ထောင်ပြုတဲ့အချိန်ရောက်ရင် တစ်ဝက်ခွဲပေးပါ့မယ်လို့ သူကတိခံတယ်။ ဒါပေမယ့် ကတိမတည်ခဲ့ဘူး။ ငွေအားလုံး သူတစ်ယောက်တည်းသုံးပစ်တယ်။ နောက်ပိုင်း ဝူဟောင် ရည်းစားတစ်ယောက်ရတော့ သူ့အကိုဆီ ငွေသွားတောင်းတယ်။ ဝူတာ့လန်က အားလုံးသုံးပြီးပြီဆိုတော့ မပေးနိုင်တော့ဘူး။ သူတို့နှစ်ယောက် အကြီးအကျယ်စကားများကြတယ်။ ဆွေမျိုးတွေက ဝင်တားကြရတယ်။ အဲဒီ့ဆွေမျိုးတွေ စေ့စပ်ညှိနှိုင်းလို့ ဝူတာ့လန်က ဝူဟောင်ကို လောလောဆယ် သူ့အိမ်မှာခေါ်ထားဖို့ သဘောတူခဲ့တယ်။ ဖြေးဖြေးချင်းငွေစုပြီး သူ့ညီ့အတွက် အိမ်ဝယ်ပေးပါ့မယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီ့ကိစ္စကိုလည်း နေ့ရွှေ့ညရွှေ့လုပ်နေတယ်။ ဒီကိစ္စကြောင့် ဝူဟောင်တို့သမီးရည်းစား အဆင်မပြေဖြစ်ပြီး ကောင်မလေးက ဝူဟောင်ကို ထားသွားတယ်။ ဒါကြောင့်မို့ ဝူဟောင်ရဲ့စိတ်ထဲ အခဲမကျေခဲ့တာ ဖြစ်မယ်”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now