အခန်း (၈၀) ကံထူးရှင်
အလုပ်ဆင်းပြီးနောက် အားလုံး ပြုံးရွှင်ရယ်မောလျက် စားသောက်ဆိုင်သို့သွားကြသည်။ တန်ဖိုးကြီး ဂုဏ်ပြုစားသောက်ပွဲမျိုးတော့မဟုတ်။ စားပွဲတစ်ဝိုင်းအတွက် ယွမ်သုံးရာစီသာ ကျသင့်သည့် စားသောက်ပွဲဖြစ်သည်။ သို့သော် အမှုကို ဖြေရှင်းနိုင်ခဲ့သဖြင့် အားလုံးပျော်ရွှင်နေကြသည်။
မနက်ဖြန်ရောက်လျှင် အမှုသစ်များ ထပ်ပေါ်လာနိုင်ပါသည်။ သို့သော် ယနေ့အတွက်တော့ အပြည့်အဝ အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။
အစားအသောက်များကို စောင့်နေကြချိန်တွင် ရှုရှောင်တုန်က စက္ကူပိုက်တစ်ခုကိုင်၍ စားပွဲဘေးမှ ပတ်လျှောက်လာသည်။ မှုခင်းရဲတပ်ဖွဲ့ဝင်များကြားတွင် ဘယ်သူမှမသတ်မှတ်ဘဲ လက်ခံထားကြသည့် ဓလေ့လေးတစ်ခုဖြစ်သည်။ စက္ကူပိုက်ရှည် မဲကျသည့်လူတစ်ဝက်က အရက်သောက်ခွင့်ရှိသည်။ စက္ကူပိုက်တိုမဲကျသည့် လူတစ်ဝက်က သောက်ခွင့်မရှိ။ အားလုံးမူးနေလျှင် ကားမောင်း၍ပြန်နိုင်မည်မဟုတ်။
(**စက္ကူပိုက်တို/ပိုက်ရှည်များကို မဲလိပ်သဖွယ် ဆွဲယူကံစမ်းရခြင်းဖြစ်သည်)
ရှုရှောင်တုန် ချန်ရှီထံ လျှောက်လာသည်။ ပုခုံးကို ပုတ်၍ ရင်းရင်းနှီးနှီးခေါ်လိုက်သည်။
“အကိုချန်”
“ဒီည အရက်သောက်လို့မဖြစ်လို့ ငါပိုက်မဆွဲခဲ့တာပါ။ ငွေနည်းနည်းရအောင် ကားသုံးလေးကြောင်း ဆွဲရဦးမယ်”
ချန်ရှီက ရှင်းပြသည်။
“အကိုချန်က ကြိုတင်အစီအစဉ်ချတဲ့နေရာမှာ သိပ်တော်တာပဲ”
“အခုလိုချီးကျူးတာ ကျေးဇူးတင်ပါတယ်”
ဟင်းခွက်များ ရောက်လာသည်။ စကားပြောနေသည့် ရဲအရာရှိများ စီးကရက်များကို မီးငြိမ်း၍ ထမင်းစားတူများ ချက်ချင်းကောက်ကိုင်ကြသည်။ ထိုစဉ် လင်းချွေ့ဖူနှင့် ဖန်စီကျွယ် ရောက်လာသည်။
“ကပ္ပတိန်လင်း ရောက်လာပြီဟေ့။ အားလုံးအတွက် စကားနည်းနည်းလောက် ပြောပါဦးကပ္ပတိန်”
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...