အခန်း (၇၀) လှည့်စား၍လက်ထပ်သူ
အားလုံးက ကြည့်နေသဖြင့် ချန်ရှီရှင်းပြလိုက်သည်။
“ဒီအမှုမှာ တစ်ချို့မျိုးရိုးနာမည်တွေ တိုက်ဆိုင်နေလို့ ရှေးခေတ်ကအရှုပ်တော်ပုံနဲ့ အလိုလိုဆက်စပ်ပြီး သူတို့နှစ်ယောက်ကို အမှုနဲ့ပတ်သက်တယ်လို့ တွေးမိကြတာပါ။ ဒါပေမယ့် အရေးကြီးတဲ့အချက်ကို မေ့နေကြတယ်။ ဒီနေလူမှုနယ်ပယ်မှာ ဖောက်ပြန်ချင်ရုံနဲ့ ယောက်ျားကိုသတ်ဖို့ မလိုအပ်ပါဘူး။ ဒါဟာ လူသတ်လောက်တဲ့အကြောင်းရင်း လုံးဝမဟုတ်ဘူး”
ရှီမန်က ထောက်ခံသည့်သဘောဖြင့် လက်နှစ်ဘက်ဆုပ် အရိုအသေပေးလိုက်သည်။
“ကြည့်ပါ၊ ဒီရဲအရာရှိဟာ ဆင်ခြင်သုံးသပ်တတ်တယ်။ သူ့ဉာဏ်ရည်က အများကြီးပိုသာတယ်။ ခင်ဗျားတို့နဲ့ လုံးဝမတူဘူး။ ကျုပ်မျိုးရိုးနာမည် ရှီမန်ဖြစ်နေတာ ဘာများမှားလို့လဲ။ ကျုပ်အဖေက ရှီမန်ဖြစ်လို့ ကျုပ်လည်း ရှီမန်ဖြစ်နေတာလေ”
ချန်ရှီ ပြုံး၍ ရဲအရာရှိများကို ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး အောက်ထပ်ကို အရင်သွားနှင့်ကြပါ။ ကျုပ် မစ္စတာရှီမန်နဲ့ သီးသန့်စကားပြောချင်တယ်။
ရဲများဆင်းသွားပြီးနောက် ရှီမန်က မိတ်ဆွေရင်းတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ချန်ရှီတို့သုံးယောက်ကို အခန်းထဲသို့ ဖိတ်ခေါ်သည်။ ဧည့်ခန်းပါသည့် ဟိုတယ်ခန်းဖြစ်သည်။ အဆင့်မြင့်သည်။ ခမ်းနားသည်။ ရှီမန်က ရေခဲသေတ္တာထဲမှ ရေတစ်ဘူး ထုတ်လိုက်သည်။ သူဝင်ထိုင်ပြီးနောက် ချန်ရှီက ရှင်းအောင်ပြောသည်။
“အထင်တော့မလွဲနဲ့နော်။ ကျုပ်တို့လည်း ဒီအမှုစုံစမ်းနေတာပါ”
“သိပါတယ်။ စုံစမ်းပါ။ စွပ်စွဲတာတွေ အပုပ်ချတာတွေ ကျုပ်မကြောက်ပါဘူး။ ကျုပ်မှ သူ့ကိုမသတ်ခဲ့တာ။ သတ်ဖို့လည်း တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ ကျုပ်သေရမယ်ဆိုရင်တောင် ဒီလိုပဲပြောမှာ”
“ဟုတ်ပါတယ်။ ဘာလို့ ကျွန်မတို့ကို အလွတ်မပေးကြတာလဲဆိုတာ နားမလည်တော့ဘူး”
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mistero / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...