အခန်း (၄၃) "အထပ်ထပ်"ကိစ္စ
သေဆုံးသူမိန်းကလေးနှင့် အချက်အလက်ကိုက်ညီလောက်သည့် လူပျောက်စာရင်းကို ရွေးထုတ်ပြီးနောက် လင်းတုန်ရွှဲ့နှင့် ရှုရှောင်တုန်တို့ တစ်အိမ်ချင်းစီသွား၍ မေးမြန်းကြသည်။ သို့သော် ထိုမိန်းကလေးနှင့် အတိအကျကိုက်ညီသူမရှိ။
တစ်နေကုန် လှည့်ပတ်မေးမြန်းရသဖြင့် နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျသွားသည်။ အိမ်ပြန်ရောက်ပြီးနောက် လင်းတုန်ရွှဲ့ ကူရှင်ပေါ်လှဲရင်း ချက်ချင်းအိပ်ပျော်သွားသည်။
နောက်တစ်နေ့မနက်တွင် နေရောင်ခြည်က သူ့မျက်နှာပေါ် ထိုးကျလာသည်။ မျက်လုံးဖွင့်၍ နာရီကြည့်လိုက်သည်။ ၇နာရီ မိနစ်လေးဆယ်။ ဘာမှလုပ်ချိန်မရှိ။ ဌာနသို့ အပြေးအလွှားသွားရသည်။
သူ့အလုပ်ဝင်ပန့်ချ်ကတ်ကို စကင်ဖတ်ပြီးချိန်တွင် ချန်ရှီ ဝင်လာသည်ကို သူမြင်ရသည်။ လက်ထဲတွင် အနက်ရောင်အိတ်တစ်လုံးပါလာသည်။ ချန်ရှီက ပြုံး၍မေးသည်။
“မိန်းကလေးလင်း၊ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား”
“ဟား၊ ရှင်က ကျွန်မကို ဒီလိုမေးရက်သေးတယ်ပေါ့။ ကျွန်မတို့ မနေ့က တစ်နေကုန် လိုက်စုံစမ်းခဲ့ရတာ။ ကျွန်မခြေထောက်တွေတောင် ဝိတ်အတော်ကျသွားလောက်ပြီ။ ဘာမှလည်း ထူးမလာဘူး”
“မင်း သွားမတိုက်ခဲ့ဘူးလား”
“အနံ့ရလို့လား”
လင်းတုန်ရွှဲ့ သူ့လက်သူ လေမှုတ်၍ ပြန်နမ်းကြည့်နေသည်။
“မင်းက နေ့တိုင်း အဝတ်လဲနေကျလေ။ အခု မင်းဝတ်ထားတာ မနေ့က အင်္ကျီပဲ။ မင်းမျက်လုံးထောင့်မှာ အရည်ခြောက်တွေ ကပ်နေတယ်။ ဒါကြောင့် မင်းသွားမတိုက်ခဲ့လောက်ဘူးလို့ ငါမှန်းကြည့်တာပါ။ မင်းအတော် အလုပ်ကြိုးစားတာပဲ”
ထိုသို့ပြောရင်း အိတ်ထဲမှ ပီကေတစ်ထုပ် ထုတ်ပေးလိုက်သည်။
“ရှင့်လက်ထဲက ဘာလဲ”
ပီကေဝါးရင်းမှ လင်းတုန်ရွှဲ့ မေးလိုက်သည်။
“သက်သေနမူနာတွေပါ”
သတို့နှစ်ယောက် ဆေးသိပ္ပံဌနသို့ ဝင်ကြသည်။ ဖန်စီကျွယ်သည် အလုပ်ခွင်တွင် ဆေးလိပ်မသောက်ရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားသူဖြစ်သည်။ သို့သော်ယခု အခန်းထဲတွင် စီးကရက်နံ့များ မွှန်ထူနေသည်။ နည်းပညာရှင်တစ်ချိုလည်းရှိသည်။ တစ်ညလုံးအလုပ်လုပ်ခဲ့ကြဟန်ရှိသည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Misterio / Suspensoရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...