အခန်း (၁၂၃) ဒဏ်ရာဗရပွနှင့်လူ
ချန်ရှီနှင့်လင်းတုန်ရွှဲ့တို့ တူကိုချ၍ ပါးစပ်သုတ်လိုက်ကြသည်။
“ပြောပါ”
“အရင်ဆုံး ကျုပ်ကိုနည်းနည်းတော့ကျွေးပါဦး။ အရမ်းဆာနေပြီ။ ဗိုက်ထဲမှာ မီးတောင်ပေါက်ကွဲသလိုဖြစ်နေပြီ”
ကျန်းကျင်းလဲ့ တံတွေးတစ်ချက်မျို၍ ပြောသည်။
“လျှာမရှည်နဲ့။ အရင်ဆုံး ဝန်ခံပါ”
ချန်ရှီ အော်ငေါက်လိုက်သည်။
“တစ်လုတ်လောက်ပဲ ကျွေးပါ”
“ငါသုံးအထိရေမယ်။ မင်းဝန်မခံသေးဘူးဆိုရင် နောက်တစ်ကြိမ် အခွင့်အရေးရမယ်မထင်နဲ့။...တစ်...”
“ဝန်ခံပါ့မယ်။ ဝန်ခံပါ့မယ်”
လွန်ခဲ့သည့်တစ်လက ကျန်းကျင်းလဲ့၏ရည်းစား နိုမူတန်သည် စတိုးဆိုင်တစ်ခုတွင် အယ်လ်ဗွီလက်ကိုင်အိတ်ကို ကြည့်နေခဲ့သည်။ ထို့နောက် ခိုးယူလိုက်သည်။ သို့သော် ဆိုင်စာရေးက သူ့ကိုမိသွားသည်။ တစ်ကိုယ်လုံး အတင်းအကြပ်ရှာဖွေသည်။ မိန်းကလေးတစ်ယောက်၏ အရှက်သိက္ခာအားလုံး ကျဆင်းသွားသလို ခံစားရသည်။ ထို့ကြောင့် ထိုဆိုင်မှ အယ်လ်ဗွီအိတ်ကို မရရအောင်ယူပေးရန် ကျန်ကျင်းလဲ့ကို ပူဆာသည်။
ထိုအချိန်က နိုမူတန်ကို ကျန်းကျင်းလဲ့နှင့် ဂိမ်းဦးလေး၏သား ရှောင်လုတို့ အပြိုင်ပိုးပန်းနေကြသည်။ နိုမူတန်ကလည်း မိန်းမမာယာဖြင့် နှစ်ယောက်လုံးကို ကစားနေသည်။ ရှောင်လုသည် ငကြောက်တစ်ယောက်ဖြစ်သော်လည်း ရုပ်ကလေးနည်းနည်းချောသည်။ ထို့ကြောင့် အချစ်စစ်ပွဲတွင် ရှုံးသွားနိုင်သည်ဟု ကျန်းကျင်းလဲ့ ခံစားနေရသည်။
နိုမူတန်ပူဆာသည်နှင့် သူ့ဆန္ဒကိုဖြည့်ဆည်းရန် ပြိုင်ဘက်နှစ်ယောက် အစွမ်းကုန်ကြိုးစားကြသည်။ ရှောင်လုထံမှ အီး-စီးကရက်ကိုလည်း ကျန်းကျင်းလုက မျက်စိကျနေသည်။ ထို့ကြောင့် ပေါ်လာသည့်အခွင့်အရေးကို အသုံးချ၍ ရှောင်လုနှင့်သူ အလောင်းအစားလုပ်သည်။ အိတ်ကို သူအရင်ရလျှင် ရှောင်လုက အီး-စီးကရက်ကို ပေးရမည်ဟု သတ်မှတ်သည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Misterio / Suspensoရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...