Unicode
အိမ်ကြီး၏ အနေအထားကို ကြည့်နေရင်းနှင့်ပင် တော်တော် စိတ်တိုင်းကျမိသည်။ ပတ်ဝန်းကျင်အနေအထားအရဆိုလျှင်လည်း အနီးအနားတဝိုက် မည်သည့်အိမ်တစ်လုံးတလေလေးသော်မျှ ရှိမနေပဲ သီးသန့်တည်ရှိနေသည့်ပြင် ခြံဝင်းကလည်း ကျယ်ပြီး သစ်ပင်ကြီးများက အုပ်ဆိုင်းဆိုင်းဖြင့် အိမ်တစ်လုံး ဆိုသည်ထက် သစ်တောအုပ် အသေးစားလေးနှင့်ပင် တူနေသေးတော့ ။
နတ်သမီးပုံပြင်တွေထဲကလို အရောင်စုံသည့် ပန်းခင်းတွေတော့မရှိပါ ။ တောအုပ်ငယ်လေး၏ အဆုံးမှာတော့ သာမာန်လူတစ်ယောက်အတွက် ခြောက်ခြားဖွယ်အတိ ဖြစ်နေလောက်မည့် နှစ်ထပ်အိမ်ကြီးကို ဒီပါကတော့ အတော်လေးသဘောကျမိ၏။ဒီပါ့ အမေဘက်ကအဘိုး ဆုံးသွားတော့ ချန်ထားခဲ့သည့် အမွေတွေ အများကြီးထဲကမှ မည်သူမျှ စိတ်ဝင်တစား မရှိလှသည့် ဒီအိမ်ကိုရွေးချယ်လိုက်တာ ဒီပါ့အတွက် မှန်ကန်သော ရွေးချယ်မှုတစ်ခုပင် ။
ဒီထက်အရင် ဒီပါ နေခဲ့သည့် အိမ်ကြီးမှာဆို အဘိုး ကလွဲပြီး သူမနှင့် ရင်းနှီးပတ်သက်တာ မည်သူမျှ မရှိတာမို့ အသက်၁၈ နှစ်သာ ရှိနေသေးသော သူမတစ်ယောက်တည်း ဒီအိမ်ကြီးမှာ လာနေမှာကိုလည်း ကန့်ကွက်ကြတာမျိုး မရှိခဲ့ ။ ထိုအိမ်ကြီးက လူတွေအတွက်တော့ ဒါဟာ လူပိုတစ်ယောက်လျော့သွားတယ်ဆိုတာမျိုးလောက်သာ သတိထားမိကြမှာ ဖြစ်လေသည်။ လူတွေကြားထဲ မရှိသည့်လူတစ်ယောက်လို နေထိုင်ရသည်ထက် တစ်ယောက်တည်းနေရသည်ကပင် သာ၍ကောင်းသေးသည်ဟုတွေးထားသော ဒီပါ့အတွက် ထိုအိမ်ကြီးက ကောင်းမွန်သည်ဆိုတာထက်ပင် ပိုနေသေး၏ ။
နှစ်တွေအကြာကြီး လူမနေပဲ ပစ်ထားသည့် အိမ်ကြီးမို့ ပထမဆုံး အိမ်တံခါးက်ု ဖွင့်လိုက်သည့်အချိန်မှာ ဖုန်အလုံးလိုက်ကြီးက ဒီပါ့ကို ခရီးဦး ကြိုဆိုလိုက်သည်။
"အား .. ဒီနေ့တော့ အလုပ်ရှုပ်တော့မှာပဲ "
အလုပ်ရှုပ်မည့်အကြောင်းကိုပင် တက်ကြွစွာငြီးငြူလိုက်ပြီးနောက် ကျွန်းလှေကားထစ်ပေါင်းများစွာကို ဖြတ်တက်ခဲ့ပြီး အိမ်အပေါ်သို့ရောက်လာသည့် အခိုက်မှာ
ဒီပါကိုယ်တိုင်ပင်အံ့ဩသွားရသည်။ ကိုယ်တိုင် မြင်ရတာမျိုး မဟုတ်ပါက ယုံကြည်နိုင်မည် မဟုတ်ပေ ။ အိမ်အောက်ထပ်တွက် ဒီပါ့အား နှုတ်ဆက်ခဲ့သည့် ဖုန်အလုံးလိုက်ကြီးများနှင့် ယှဥ်သော် ဒီမှာ ဖုန်နံ့လေးတောင်မရပဲ ခြားနားလွန်းစွာ သပ်ရပ်သန့်ရှင်းလွန်းနေသည် မဟုတ်ပါလား ။
YOU ARE READING
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR