String
Part 3
Jin ရထားပေါ်က ဆင်းလိုက်တာနဲ့ စက်ရုံ မန်နေဂျာ ဦးလေးက အပြေးလာကြိုလေသည်။ ဦးလေးက သူ့လက်ထဲက အိတ်တွေကို လှမ်းယူရင်း သူ့ အနောက်ဘက် ခပ်လှမ်းလှမ်းကို ကြည့်ကာ
"ဟိုမှာ ဒေါက်တာပါလား ဒီကိုလာတာနဲ့တူတယ် ..... သူဌေးလေး ခဏနော် ဦးလေး ဒေါက်တာကို သွားနှုတ်ဆက်လိုက်ဦးမယ်"
ဦးလေး ပြောတဲ့နောက်ကို သူကြည့်မိတော့ Soon Young ဖြစ်နေတာကြောင့် သူပျော်သွားမိသည်။ ဦးလေးက Soon Young နားကို သွားကာ နှုတ်ဆက်နေလေသည်။ သူလည်း ဦးလေးနား သွားရပ်လိုက်တော့
"သူဌေးလေး ဒါက ဦးလေးတို့ဆီက မိဘမဲ့ဂေဟာကို လုပ်အားပေးလာနေကျ ဆရာဝန်မလေးလေ နာမည်က Shin Soon Young ...... ဒေါက်တာ ဒါက ကျွန်တော်တို့ စက်ရုံက သူဌေးလေး နာမည်ကတော့ Park Jin ပါ"
"တွေ့ရတာ ဝမ်းသာပါတယ်"
Jin ပြုံးကာ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်ပေမယ့် သူမက ပြုံးတယ်ဆိုရုံလေးပြန်ပြုံးပြကာ ဦးလေးကို နှုတ်ဆက်ပြီး သူတို့ရှေ့မှ ထွက်သွားလေသည်။
"ဒေါက်တာ့ကို လာကြိုတဲ့သူ မရှိဘူးနဲ့တူတယ် .... သူဌေးလေး ဦးလေး ဒေါက်တာ့ကို လမ်းကြုံ ခေါ်လို့ရမလား"
"ရပါတယ် ခေါ်လိုက်လေ ဦးလေး"
ဦးလေးက Soon Young နောက်သို့ပြေးလိုက်သွားလေသည်။ ခဏကြာတော့ ဦးလေးနောက်က Soon Young ပါ ပါလာ၏
"သွားစို့လေ သူဌေးလေး"
သူမ သူ့ဘက်ကို တစ်ချက်လှည့်လာတော့ သူပြုံးပြလိုက်ပေမယ့် သူမက မသိသလိုလုပ်ကာ တစ်ဖက်ပြန်လှည့်သွားလေသည်။ လမ်းတစ်လျှောက်လုံးမှာတော့ ဦးလေး ကသာ ဦးဆောင်ပြီး စကားတွေဖောင်ဖွဲ့အောင်ပြောနေပေမယ့် သူတို့နှစ်ယောက်ကတော့ ဦးလေးပြောသမျှကို အင်း လိုက်ကာ ငြိမ်သက်နေကြသည်။ မိဘမဲ့ဂေဟာ ရှေ့ရောက်လို့ ကားရပ်ပေးလိုက်တော့ ဦးလေး ကို နှုတ်ဆက်ကာ သူမ ဆင်းသွားလေသည်။ အဲ့ဒီ့တော့မှ မန်နေဂျာက သူ့ဘက်လှည့်ကာ
"သူဌေးလေးငြိမ်လှချည်လား အရင်ဆို သူဌေးလေးပဲ တတွတ်တွတ် ပြောနေကျပါ ကျွန်တော် ဒေါက်တာ့ကို လမ်းကြုံခေါ်တာ မကြိုက်လို့လား"