Chapter 4

19.3K 2.1K 26
                                    

(Unicode)
ဒီရက်ပိုင်း XiaoZhan ရဲ့ လွယ်အိတ်ထဲမှာ ထီးအကြည်လေးတစ်လက် ပိုလာခဲ့တယ်။ အဲကလေးနဲ့ ထပ်တွေ့ရင် ပြန်ပေးရအောင်လို့ အမြဲတမ်း ဆောင်ထားခဲ့တာ။ ဘာကြောင့်မှန်း မသိပေမယ့် သူနဲ့ ထပ်တွေ့ရဦးမယ်လို့ XiaoZhan ထင်နေတယ်။

XiaoZhan ရဲ့ အထင်ကို သက်သေပြတဲ့အနေနဲ့ အဲကလေးက ဒီနေ့ bus ပေါ်ကို တက်လာတယ်။ ကံကောင်းစွာနဲ့ပဲ ဒီနေ့ လူချောင်တယ်။

XiaoZhan ကို မြင်တော့ မှတ်မိတဲ့ပုံနဲ့ ခပ်ယဲ့ယဲ့ ပြုံးပြတယ်။ XiaoZhan က သူဘေးနားက ထိုင်ခုံကို ပုတ်ပြ​ပြီး လာထိုင်ဖို့ ဖိတ်ခေါ်လိုက်တယ်။

"ကလေး ဒီမှာ မင်းရဲ့ ထီး။ အဲဒီနေ့က အတွက် ကျေးဇူးပဲ"

အဲကလေးက သူ့လက်ထဲက ထီးကို ပြန်ယူလိုက်တယ်။ ခုထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ သူ့လက်တွေက မသိမသာ တုန်နေတယ်လို့ ထင်ရတယ်။ ကြောက်နေသလို ဒါမှမဟုတ် အင်မတန်စိတ်လှုပ်ရှားနေသလို။

"မင်း နာမည် ဘယ်လိုခေါ်လဲ။ ဘယ်နှတန်းရောက်ပြီလဲ"

"Wang Yibo. အထက်တန်း ပထမနှစ်"

​နောက်ပြီး စကားဝိုင်းက တိတ်ဆိတ်သွားပြန်တယ်။ XiaoZhan က အစကတည်းက စကားများတတ်သူ မဟုတ်တာကြောင့် ရင်းနှီးတဲ့သူ မဟုတ်ရင် တစ်ဖက်လူက စကားစပေးမှ စကားပြောတတ်တာမျိုး။ နောက်ပြီး ဒီကလေးကြည့်ရတာ သူ့လို ခပ်အေးအေးသမားလို့ ထင်ရတယ်။ သူ့အကြောင်းတွေ အတင်းမိတ်ဆက်ပြီး တစ်ဖက်လူကို စိတ်အနှောက်အယှက်ပေးတာမျိုးလည်း XiaoZhan မလုပ်ချင်ဘူး။

အတန်ကြာတော့ Yibo ဆီက အသံထွက်လာတယ်။

"အစ်ကိုကရော?"

"အစ်ကို့နာမည်​က XiaoZhan. P တက္ကသိုလ်မှာ စတုတ္တနှစ် တက်နေတယ်"

နောက်ပြီး အမြဲတမ်း တစ်ယောက်တည်း တွေ့နေရတဲ့ Yibo ကို ကြည့်ပြီး XiaoZhan နောက်တစ်ခွန်းထပ်ဖြည့်လိုက်တယ်။

"မင်း အားလပ်ရက်မှာ ကျောင်းကို အလည်လာချင်တယ်ဆိုရင် အစ်ကို လိုက်ပြပေးလို့ရတယ်"

"တကယ်လား" Yibo ရဲ့ မျက်လုံးမှာ အနွေးဓာတ်လေး နည်းနည်းရောက်လာတယ်လို့ ခံစားရတယ်။

You Are My LifeWhere stories live. Discover now