[Zawgyi]
တောက်တောက်ပပ ဖြာဆင်းနေသည့် နေရောင်ခြည်သည် အနောက်အရပ်ဆီသို့ တရိပ်ရိပ်ကျဆင်းကာ တိုးဝင်ပျောက်ကွယ်စ ပြုနေပြီဖြစ်သည်။ ညနေစောင်းအချိန်ဖြစ်တာကြောင့် နှစ်ရှည်ပင်တွေ ပတ်ပတ်လည်ခြံရံနေသော သော်ကမြိုင်စံအိမ်ကြီးအတွင်းကို အလင်းပင်တိုး၍ မပေါက်နိုင်တော့ပေ။
ညနေစာစားပြီးချိန်ကတည်းက လင်းသွေးမြတ်တစ်ယောက် မိခင်ဖြစ်သူနှင့်အတူ ဧည့်ခန်းထဲတွင်ထိုင်နေသည်။ ယှဉ်တွဲပြီး ထိုင်နေတာမျိုးမဟုတ်ပဲ ဒေါ်ရည်မွန်က ပန်းကနုတ်တွေ ထွင်းထုထားတဲ့ ထည်ထည်ဝါဝါ ဆက်တီခုံကြီးတစ်ခုံပေါ်မှာ ထိုင်နေပြီး လင်းသွေးကတော့ ခုံအောက်ကကော်ဇောပေါ် ပုံ့ပုံ့လေးထိုင်ရင်း မိခင်ဖြစ်သူရဲ့ပေါင်ပေါ်မှာ ခေါင်းတင်မှီထားခြင်းဖြစ်သည်။
" မေမေ ... "
" အင်း ... ပြောလေ သားငယ်လေး "
" ဖေကြီးက တစ်နေရာရာမှာတော့ ကျန်းကျန်းမာမာရှိနေမှာပါနော် . အလုပ်တွေအရမ်းများနေလို့ မဆက်သွယ်တာမလားဟင် "
" ဒါပေါ့ သားငယ်လေးရယ် ... သိတယ်မလား မင်းဖေကြီးက အလုပ်များလုပ်ရမယ်ဆို ထမင်းမေ့ဟင်းမေ့နဲ့ အကုန်မေ့နေတာ ... အဲဒါအပြင်သားမေ့ မယားမေ့ကပါ အဆစ်ပါလိုက်သေးတာ "
ပေါင်ပေါ်မေးတင်ထားရင်း ခေါင်းမော့ပြီးမေးနေသည့် လင်းသွေးရဲ့ သေချာပုံသွင်းကာ ဖြီးသင်ထားတဲ့ ဆံပင်ပျော့ပျော့လေးတွေကို မေမေက လက်တွေနဲ့ ဖွဖွလေးထိုးဖွရင်း ခပ်ရေးရေးလေးပြုံးကာ ပြောသည်။ အပြုံးနွမ်းနွမ်းတွေနဲ့တောင် လင်းသွေးရဲ့မေမေ ဒေါ်ရည်မွန်က သိပ်ချောသိပ်လှသည်။ လင်ယောက်ျားကိစ္စနဲ့ပတ်သက်ပြီး သားဖြစ်သူဖြစ်တဲ့ လင်းသွေး စိတ်မကောင်းဖြစ်မှာစိုးလို့ တသသပြောမနေပေမယ့် စိတ်ထောင်းလို့ ကိုယ်ကြေဖြစ်နေမယ်ဆိုတာ လင်းသွေးတပ်အပ်သိပါသည်။
" ဖေကြီးပြန်ရောက်ရင်လေ သားမန္တလေးအိမ်ကို မပြန်တော့ဘူးသိလား မေမေ ... အခုတောင် ကျောင်းတွေက ပြန်မှမဖွင့်သေးတာပဲကို . ဖေကြီးရယ်၊ မေမေရယ်၊ သားရယ် မိသားစုလိုက် ထမင်းမစားကြတာ ဘယ်လောက်ကြာနေပြီလဲနော် "