[Zawgyi]
ဦးမြတ်ကျော်ခေါင် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး သတင်းရကတည်းက နှစ်ရက်ကြာနေသည့်တိုင် ဘာသတင်းအစအနမှ စုံစမ်းမရပဲ စုံးစုံးမြုပ်နေတာမလို့ မဟာထူးမြတ်မှာ ခေါင်းခဲနေပြီ ဖြစ်သည်။ ကျွမ်းကျင်ထက်မြက်လှသည့် စုံစမ်းရေးမှူးဖြစ်နေသည့်အလျောက် ရက်ကြာလာသည်နှင့်အမျှ စုံစမ်းဖို့ခက်ခဲနေတာကြောင့် မဟာထူးမြတ်ရဲ့ ရာဇဝင်မှာ ရိုင်းလွန်းလှသည်။
လိုအပ်နေတဲ့ သတင်းအစအနတို့ ရလိုရငြား ထွက်ဆိုချက်တောင်းထားခဲ့သည့် ဦးမြတ်ကျော်ခေါင်ရဲ့ ဇနီးဖြစ်သူဆီကို ပြန်သွားဖို့တွေးလိုက်သည်။ ဂျစ်ကားကို ကိုယ်တိုင်မောင်းပြီး သော်ကမြိုင်အိမ်ကို လာနေတဲ့လမ်းတစ်လျှောက် ယခုဖြစ်နေသည့် လူပျောက်မှုကို မဟာထူးမြတ် ပြန်တွေးမိသည်။ အမှုမှာ တစ်ယောက်တည်း ပျောက်ဆုံးနေတာမဟုတ်ပဲ ဒရိုင်ဘာဖြစ်သူရဲသူရဲ့ သတင်းကပါ လုံးဝစုံစမ်းမရ။
စုံစမ်းစစ်ဆေးဖို့ သော်ကမြိုင်အိမ်ရဲ့ အနီးတစ်ဝိုက်ရော ခြံဝင်းထဲရော တပ်သားအနည်းငယ်စီနဲ့ တစ်လှည့်ချင်း စစ်ဆေးနေတာတောင် ထူးခြားမှုက ရှိမလာသေးတာဖြစ်သည်။ စဉ်းစားနေရင်း မဟာထူးမြတ်မောင်းလာတဲ့ ဂျစ်ကားလေးက သော်ကမြိုင်အိမ်ရဲ့ခြံထဲကို ချိုးကွေ့ဝင်လာခဲ့ပြီဖြစ်သည်။ စိမ်းညို့ကာ ဘယ်ညာအုပ်ဆိုင်းနေသည့် နှစ်ရှည်အပင်တန်းတွေက မဟာထူးမြတ်ရဲ့ ညစ်ညူးနေတဲ့ စိတ်အစဉ်ကို ခေတ္တခဏလောက်တော့ အပန်းပြေကြည်လင်စေပါသည်။ ရေနံဝနေတဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရှေ့မှာ ဂျစ်ကားကိုထိုးရပ်ပြီး ဆင်းလာတော့ တာဝန်ပေးထားခဲ့တဲ့ တပည့်ဖြစ်သူစိုးသိန်းက အနားကိုအပြေးရောက်လာသည်။
" အကြောင်းလည်းမကြားပဲ ဘယ်လိုရောက်လာတာလဲ . ထွက်ဆိုချက် တောင်းစရာရှိနေသေးလို့လား "
" ငါလာမယ်ဆိုတာ မင်းတို့ကို သတင်းပို့နေရဦးမှာလား "
" အယ် အဲ့လိုတော့လည်း မဟုတ်ပါဘူး "
" ထွက်ဆိုချက်ယူမယ်ဆိုတာတော့ ဟုတ်တယ် . ဦးမြတ်ကျော်ခေါင်ရဲ့သား ပြန်ရောက်နေတယ်မလား . မေးသာမေးရတာ ဘာသတင်းမှ ထူးမလာတဲ့ဒီအမှုမှာ သူ့ကိုစစ်မေးလည်း ဘာအသုံးကျတာရှိမှာလဲ . ဘာမှမသုံးမဝင်ဘူး "