[Zawgyi]
မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ ခေါ်တဲ့ မြို့လေးက မြို့ငယ်လေးဖြစ်သည့်အလျောက် ဒုစရိုက်မှုနည်းပါးပြီး နယ်မြေအေးချမ်းလှသည်။ ဒီရက်ပိုင်းမှာတော့ လင်းသွေးမြတ်တို့ စခန်းမှာ ဖင်ငြိမ်နေရပြီး ရဲစခန်းကိုလာသမျှ ထောက်ခံစာလောက်သာထုတ်ပေးဖို့ အလုပ်ရှိသည်။ ယခုလို အလုပ်မရှုပ်တာကလဲ မြို့လေးက အေးချမ်းသည်မလို့သာ တော်တော့သည်။
"မဟာရေ ... ဘူတာအနောက်ဖက်က အမှိုက်ပုံမှာ အလောင်းတစ်လောင်းတွေ့လို့တဲ့"
လကုန်ရက်မလို့ မဟာ့ရဲ့အခန်းထဲမှာ လစာငွေအတွက် စာရင်းတွေသေချာစစ်ပေးနေတဲ့ လင်းသွေးက အာပြဲကြီးနဲ့အော်ပြီး ရုံးခန်းထဲဝင်လာတဲ့ ကိုစိုးသိန်းရဲ့စကားကြောင့် စိတ်ထဲကနေ ကျွတ် တစ်ချက်စုတ်လိုက်မိသည်။ အေးချမ်းနေတယ်လို့ တွေးမိကာမှ အလောင်းပါတွေ့နေတယ်ဆိုတော့ တွေးမိတဲ့အတွေးက ဓာတ်စီးသွားသလားတောင် အောက်မေ့ရသည်။ ဦးမဟာကတော့ ကိုစိုးသိန်းပြောတာကို နားထောင်ပြီးတာနဲ့ ထိုင်နေရာကနေဝုန်းခနဲထကာ စားပွဲထောင့်မှာတင်ထားတဲ့ berry cap ကို ကောက်ကိုင်သည်။
"ကျွန်တော်လဲ လိုက်မယ်လေ ဦးမဟာ"
"ဘာလိုက်လုပ်မှာတုန်း ... စိုးသိန်းလဲ ပါနေတာပဲ ... လူတွေအများကြီး တရုန်းရုန်းနဲ့ ... မလိုက်နဲ့နေခဲ့"
"ကိုစိုးသိန်းကို နေခဲ့ခိုင်းလေနော် ... ကျွန်တော်လဲ အတွေ့အကြုံရတာပေါ့"
"သွား သွား ... လိုက်ချင်နေတာ ခေါ်သွားလိုက် မဟာ"
"ကျစ် ! လိုက်ခဲ့ ... စိုးသိန်းက စခန်းမှာ ထိုင်ထားပေး ... ဟိုတစ်ယောက် ဇေယျာခန့်ပါ ငါခေါ်သွားမယ်"
"အေး ခေါ်သွား"
မှုခင်းဖြစ်သည့်နေရာကို မလိုက်စေချင်ပုံရသည့် မဟာက လင်းသွေးလိုက်မယ်ပြောတာကို ငြင်းနေပေမယ့် ကိုစိုးသိန်းကကြားထဲကနေ လိုက်ခိုင်းဖို့ပြောပေးတာကြောင့် စိတ်လျော့ပြီး လိုက်ခိုင်းရတော့သည်။ မဟာခွင့်ပြုတော့မှ လင်းသွေးက လုပ်လက်စဖိုင်တွေကို သိမ်းထပ်ရင်း ချိတ်ထားတဲ့ berry cap ကို ပြေးယူကာ မြောက်ကြွမြောက်ကြွနဲ့ မဟာ့နောက်ကိုပြေးလိုက်လာတော့သည်။