[Zawgyi]
တနင်္လာနေ့ မနက်ခင်း တစ်ခုတွင်ဖြစ်သည်။ အစိုးရတပ်ဖွဲ့တို့ရဲ့ထုံးစံ တနင်္လာနေ့ဆိုလျှင် အရာရှိကအစ တပ်သားပါမကျန် တန်းနောက်စစ်ရှိတာမလို့ မနက် ၈ နာရီ အမီ ရုံးစောစောတက်ရမှာ ဖြစ်တာကြောင့် မဟာထူးမြတ် ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ကာ ပြင်ဆင်နေလိုက်သည်။ ပုခုံးပေါ်က အပွင့်နှစ်ပွင့်နှင့် ခန့်ခန့်ထည်ထည်ရှိနေသည့် ယူနီဖောင်းက မဟာ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်ရှိနေသည်။ မဟာ့ရဲ့ အခန်းမှာ လင်းသွေးကို နေခိုင်းထားတာကြောင့် မဟာက စိုးသိန်းနဲ့အတူ အခန်းမျှသုံးနေရသည်။ မဟာက ယူနီဖောင်းဝတ်ကာ ပြင်ဆင်ပြီးအခန်းထဲက ထွက်လာတော့ ဒီနေ့မှ ထူးထူးခြားခြား စိုးသိန်းက ယူနီဖောင်းကြီးဝတ်ကာ apron ကြီး တကားကားနဲ့ မီးဖိုချောင်ထဲမှာ တကုတ်ကုတ်အလုပ်ရှုပ်နေသည်။
'ဘာတွေလုပ်နေတာလဲ စိုးသိန်း'
'မနေ့ညက ချက်ထားတဲ့ ထမင်းတွေလေ အခုမနက် အများကြီးပိုနေလို့ . ခုနက ပဲပြုတ်သည်လာတာနဲ့ ပဲပြုတ်ရယ် အကြော်ရယ်ဝယ်ပြီး ထမင်းနဲ့ ပဲပြုတ်နဲ့ ကြော်နေတာ'
'အေးပါ . မင်းလက်ရာ စားရသေးတာပေါ့ . မင်းက စိတ်ကူးပေါက်မှ ချက်ကျွေးတဲ့ကောင်'
'စားကောင်းအောင် ပြောမနေပါနဲ့ ဆရာသမားရယ် . ထမင်းကြော်က ရတော့မယ် . လင်းသွေးလေးကို သွားခေါ်လိုက်ဦး'
စိုးသိန်းကို မဟာ ဘာမှပြန်မဖြေတော့ပဲ ခေါင်းညိမ့်ရင်း လင်းသွေးနေတဲ့ မဟာ့ရဲ့ အခန်းဘက်ကို ထွက်ခဲ့လိုက်သည်။ လင်းသွေးက မဟာတို့အိမ်ကို ရောက်နေကတည်းက အစားစားချိန်မှာ မဟာတို့ အတင်းကျွေးလို့သာ ထစားတတ်ပေမယ့် တစ်ချိန်လုံး အိပ်ရာထဲခွေခေါက်နေတတ်သည်။ အရင်လို တက်တက်ကြွကြွစကားတွေ ပေါက်ပေါက်ဖောက်သလိုပြောနေကျကလေးက ခုလိုတိတ်ဆိတ်နေတော့လဲ မဟာ့စိတ်ထဲ တစ်မျိုးဖြစ်နေသည်။ လတ်လတ်လောလောမှာ စိတ်ထိခိုက်ထားရတာမလို့လဲ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်နေဖို့ လင်းသွေးကို မဟာ ဖိအားမပေးချင်။ မဟာတောင် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို နှစ်ပေါင်းများစွာတိုင်အောင် သိမ်းဆည်းထားခဲ့သူတစ်ယောက် ဖြစ်ခဲ့သည်ပဲမလား။ အခုတော့ မဟာကိုယ်တိုင် အတိတ်တွေကို လွှတ်ချဖို့ ဆုံးဖြတ်ထားတာကြောင့် စိတ်လက်ပေါ့ပါးနေရသည်။