[Zawgyi]
ဒီနေ့ လင်းသွေး ဦးမဟာကို အရမ်းစိတ်ဆိုးနေတယ်။ တကယ်စိတ်ဆိုးတာ။ အတည်ကြီးပြောတာ။ လိမ်မနေဘူး။ အဲ့အဖိုးကြီးကို တော်တော်စိတ်ဆိုးနေတာ။ ဖြစ်ပုံကဒီလို။
"ဒီနေ့ရုံးပိတ်ရက်လေ ဦးမဟာ ... ဘာလို့ရုံးတက်မှာလဲ"
"အရေးကြီးကိစ္စရှိလို့လေ ... စခန်းစစ်လာမယ်ဆိုတော့ ငါရှိနေမှ ရမှာပေါ့ဟ"
"အဲ့တာဆို ကျွန်တော်လဲလိုက်ခဲ့မယ်လေ ... ကျွန်တော်လဲ စခန်းကလူပဲဟာ ... ကိုစိုးသိန်းလဲ လိုက်မှာဆိုတော့ ကျွန်တော်တစ်ယောက်တည်း အိမ်မှာနေခဲ့ရမှာ ပျင်းစရာကြီး"
"ပျင်းလဲ တီဗီကြည့်နေကွာ ... သွားပြီ ... အပြန်ကျမှ အချိန်ရရင် ဟော့ပေါ့လိုက်ဝယ်ကျွေးမယ်"
"ဦးမဟာကြီးကကွာ !!!"
လင်းသွေးက အသံကုန်လှမ်းအော်လိုက်တာကို ဦးမဟာက ဂရုပင်မစိုက်ပဲ အိမ်ပြင်ထွက်သွားတာ ကားပေါ်တောင်ရောက်နေပြီဖြစ်သည်။ ကိုစိုးသိန်းကို လင်းသွေးက ပေစောင်စောင်နဲ့ကြည့်တော့လဲ ငါဘာမှမသိဘူးဆိုတဲ့ပုံစံနဲ့ ပုခုံးတွန့်ပြကာ ဦးမဟာရဲ့ကားပေါ်တက်သွားသည်။ ရုံးပိတ်ရက်မှာတောင် အလုပ်ကိစ္စရှိတယ်ဆိုကာ လင်းသွေးကို အိမ်မှာတစ်ယောက်တည်းထားခဲ့ကာ ဟော့ပေါ့နဲ့ ချွေးသိပ်သွားသည်။ ဒီလိုလုပ်လို့ရရိုးလား။
နေဦး။ လင်းသွေး စိတ်ဆိုးတဲ့အကြောင်းပြချက်က ဒါမဟုတ်သေးဘူး။ ဒီနေ့က လင်းသွေးရဲ့ ၂၆ နှစ်ပြည့်မွေးနေ့။ လင်းသွေးရဲ့ချစ်သူဦးမဟာက မပြောလဲ လင်းသွေးရဲ့မွေးနေ့ကို သိသင့်တယ်လေ။ အမှန်ဆို မွေးနေ့လက်ဆောင်လေးဘာလေး မပေးရင်တောင် မနက်စောစော မွေးနေ့ဆုတောင်းစကားလေးပြောပြီး အနမ်းလေးဘာလေး ပေးသင့်တာမလား။ တကယ် ဒီဦးမဟာဆိုတဲ့အဖိုးကြီးက အန်းဒိတ် ဒိတ်အောက်ကြီး။ ပြောသာပြောရတာ လင်းသွေးခမျာချစ်နေတော့လဲ ဒီဒိတ်အောက်ကြီးကို သည်းခံနေရတာပါပဲ။
လင်းသွေး တကယ်တင်းနေပြီ။ နေ့လည်ရောက်သည့်တိုင် ဦးမဟာဆီက ဖုန်းလဲမဆက် ဘာအကြောင်းမှလဲမကြားရနဲ့ မွေးနေ့ဆုတောင်းလေးတစ်ခုမျှော်နေတာတောင် ရောက်မလာ။ ကြာတော့စိတ်ကောက်နေရာကနေ တွေးရင်းတွေးရင်း လင်းသွေးငိုချင်လာသည်။ ချစ်သူတွေသာဖြစ်လာတာ တစ်ခါတစ်လေ ဦးမဟာက လင်းသွေးအပေါ်အေးတိအေးစက်နိုင်သည်။ မချစ်တာမဟုတ်ပဲ ဦးမဟာက လင်းသွေးကို ချစ်တယ်ဆိုတာတော့ ခံစားလို့ရပါသည်။ လင်းသွေးမှာ လူငယ်ဆိုတော့လဲ သူများချစ်သူတွေလို တီတီတာတာလေးလုပ်ချင်ရင်တောင် အန်းဒိတ်ကြီးကို ရည်းစားတော်ထားရတာမလို့ လုပ်ချင်တိုင်းလုပ်မရ။
